လောင်းလုံ ဒေသခံများ ရေဘေးနှင့် မြေပြိုမှုများ ကြုံနေရချိန် စစ်အုပ်စုက စစ်ကြောင်းထိုး

RNA_စက်တင်ဘာ(၂၈)၊၂၀၂၆ခုနှစ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံမြို့နယ်၌ ဒေသခံပြည်သူများ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဆိုးဆိုးရွားရွား ကြုံတွေ့နေရချိန် စစ်အုပ်စုက ကူညီကယ်ဆယ်ရေးအကြောင်းပြကာ စစ်ကြောင်းထိုးမှုများရှိနေကြောင်း ထားဝယ်အမျိုးသား အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ကိုယောနသံက Red News Agency ကို ပြောသည်။

ထားဝယ်ခရိုင် လောင်းလုံမြို့နယ်၊ သရက်ချောင်းမြို့နယ်နှင့် ထားဝယ်မြို့နယ်တို့၌ ရေကြီးရေလျှံမှုနှင့် တောင်ပြို/မြေပြိုမှုများ ဆိုးဆိုးရွားရွား ကြုံတွေ့နေရခြင်းဖြစ်ပြီး ကျေးရွာပေါင်း (၆၀) ကျော်မှ နေအိမ် (၅၀) ကျော်နှင့် လမ်းတံတား အဆောက်အအုံများ (၁၀) ခုထက်မနည်း ထိခိုက်ပျက်စီးမှုရှိနေကြောင်း သိရသည်။

ထို့ပြင် လောင်းလုံမြို့နယ် ကရင်ကြီးရွာ၌လည်း စက်တင်ဘာ (၂၆) ရက်နှင့် ယနေ့ (စက်တင်ဘာ ၂၈ ရက်) မနက်ပိုင်းတို့၌ ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် နေအိမ် (၃၀) ကျော် ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူများ ထိခိုက်သေဆုံးရှိနေကြောင်း သိရသည်။

“ဒီနေ့ မနက်ပိုင်းမှာလည်း ကရင်ကြီးကျေးရွာမှာ မြေထပ်ပြိုတယ်။ နေ့လည်ပိုင်းမှာ မောင်းမကန်နယ်မြေရဲစခန်းက စစ်ကြောင်းက ကရင်ကြီးကျေးရွာဘက်ကို ဦးတည်ထွက်လာတာမျိုး ရှိတယ်။ ဒီလိုအခြေအနေမျိုးကြောင့် ဒေသခံပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတာမျိုး ရှိတယ်”ဟု ကိုယောနသံက ပြောသည်။

ဒေသခံပြည်သူများ ရေဘေးနှင့် မြေပြိုမှုအန္တရာယ်များ ကြုံတွေ့နေရချိန် စစ်အုပ်စု ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ဖို့ဟု အကြောင်းပြကာ မောင်းမကန်နယ်မြေရဲစခန်းမှ စစ်ကြောင်းထိုးထွက်လာပြီး ကရင်ကြီးရွာ၌ ညအိပ်စခန်းချနေကြောင်း ၎င်းက ပြောသည်။

ထားဝယ်ခရိုင် မြို့နယ် (၃) မြို့နယ်တွင် ရေကြီးမှုနှင့် မြေပြိုမှုတို့အတွင်း ယနေ့ညနေပိုင်းအထိ ဒေသခံပြည်သူ သေဆုံးရုပ်အလောင်း (၂၀) ကို ရှာဖွေတွေ့ရှိထားပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

“လောလောဆယ် မိုးတိတ်ပြီး တချို့နေရာတွေ ရေပြန်ကျသွားတာမျိုးရှိတယ်။ တောင်ပြိုမှုတွေနဲ့ တချို့ကျေးရွာမှာကျတော့ ရေကြီးရေလျှံမှုတွေက ဆက်ဖြစ်နေဆဲပါပဲ။ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း ဆက်ပြီး ဆောင်ရွက်နေပြီး ရုပ်အလောင်းတွေကို ဆက်ပြီးတေ့ တူးဖော်ရရှိနေတဲ့ အနေအထားမျိုးရှိပါတယ်”ဟု ကိုယောနသံက ပြေသည်။

ရေဘေးရေလျှံမှု မကြုံတွေ့ရသည့် ရေဖြူမြို့နယ်အတွင်း၌ စက်တင်ဘာ (၂၆) ရက်က စစ်အုပ်စုနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုများရှိခဲ့ပြီး စစ်အုပ်စု၏ စစ်ကြောင်းထိုးမှုများကြောင့် ဒေသခံပြည်သူအများအပြား စစ်ဘေးရှောင်နေရမှုများ ရှိနေသည်။

ယင်းကဲ့သို့အခြေအနေ၌ ရေဘေးကြုံတွေ့နေရသည့် ဒေသများကို စစ်အုပ်စုစစ်ကြောင်း ဝင်ရောက်လာနေမှုသည် ကူညီကယ်ဆယ်ရေးအတွက်ဟု အကြောင်းပြ ဝါဒဖြန့်နေသော်လည်း ဒေသခံပြည်သူများက ယုံကြည်မှုမရှိခြင်းကြောင့် ရေးဘေးနှင့် မြေပြိုမှုများကြားမှ စစ်ဘေးရှောင်ရမှုများကို ထပ်မံလုပ်ဆောင်နေရကြောင်း သိရသည်။

ဓာတ်ပုံ – Hein Htet ၊ ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ – ထားဝယ်

#REDNEWS #RNA #RedNewsAgency #ထားဝယ် #ရေကြီး #တောင်ပြို

By RNA Editor