RNA_စက်တင်ဘာ(၂၈)၊၂၀၂၆ခုနှစ်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့ အိန္ဒိယဈေးကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့မှုအတွင်း သေဆုံးသူ (၃၃) ဦးရှိလာပြီး ထိခိုက်ဒဏ်ရာရသူ (၃၆) ဦးအထိ မြင့်တက်လာကြောင်း အာရက္ခတပ်တော် (AA) က ထပ်မံထုတ်ပြန်လာသည်။
ယနေ့ (စက်တင်ဘာ ၂၈ ရက်) နေ့လည် (၁၂) နာရီဝန်းကျင်က ဈေးရောင်းဈေးဝယ်များဖြင့် စည်ကားသည့် ကစ္ဆပနဒီတံတားအနီးရှိ အိန္ဒိယဈေးကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
အများပြည်သူသွားလာရာ ဈေးဝန်းကျင်ကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရသူ (၇၀) အထိရှိနေကြောင်း ရခိုင်ဒေသတွင်း သတင်းများ၌လည်း ဖော်ပြထားပြီး ကစ္ဆပနဒီတံတားလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ယခု ကျောက်တော်မြို့ အိန္ဒိယဈေး လေကြောင်းတိုက်ခိုက်ခံရမှုသည် လူအများအပြား သေဆုံးခဲ့သည့် မြောက်ဦးမြို့ ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရမှုနောက်ပိုင်း အစုလိုက်အပြုံလိုက် သေဆုံးမှု ဒုတိယမြောက်ဖြစ်စဉ်တစ်ခုလည်း ဖြစ်သည်။
၂၀၂၅ ဒီဇင်ဘာ (၁၀) ရက်က မြောက်ဦးမြို့ဆေးရုံကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ဆေးရုံရှိ လူနာများအပါအဝင် အရပ်သားပြည်သူ (၃၃) ဦး သေဆုံးခဲ့ပြီး (၇၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
ယခု အိန္ဒိယဈေးဝန်းကျင် လေကြောင်းတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးခဲ့သည့်အပြင် ထိခိုက်သေဆုံးသူအရေအတွက်သည် ထပ်မံမြင့်တက်လာဖွယ်ရှိကြောင်း AA တပ်တော်၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။