အနီရောင်အဆင့် အားကောင်းသည့်မုန်တိုင်းငယ် ရန်ကုန်ကို ဖြတ်မည်ဟု မိုးဇလ ထုတ်ပြန်

RNA_စက်တင်ဘာ(၂၈)၊၂၀၂၆ခုနှစ်။

မွန်ပြည်နယ်နှင့် တနင်္သာရီကမ်းရိုးတန်းတွင် ဖြစ်ပေါ်နေသော အားကောင်းသည့် လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းသည့် မုန်တိုင်းငယ်အဖြစ်သို့ ပြောင်းလဲလာပြီး ရန်ကုန်တိုင်းကို ဖြတ်သန်းမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက ယနေ့ (စက်တင်ဘာ ၂၈ ရက်) နေ့လည် ၃ နာရီတွင် ထုတ်ပြန်ထားသည်။

အနီရောင်အဆင့် သတ်မှတ်ထားသည့် မုန်တိုင်းငယ်သည် နောက်ထပ် (၁၂) နာရီအတွင်း ပိုမိုအားကောင်းလာမည်ဖြစ်ပြီး လက်ရှိအခြေအနေ၌ မုတ္တမကွေ့အနီးမှတဆင့် ရန်ကုန်တိုင်း သုံးခွမြို့နှင့် မွန်ပြည်နယ် ကျိုက်ထိုမြို့ တို့အကြားမှ ဖြတ်ကျော်နိုင်ပြီး လေတိုက်နှုန်း တစ်နာရီ (၃၅) မိုင်အထိရှိနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

ယင်းနောက် နောက်ထပ် (၃၆) နာရီအတွင်း မြောက်ဘက်နှင့် အနောက်မြောက်ဘက်တို့ကို ဦးတည်ကာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းတို့ကို ဆက်လက်ဖြတ်ကျော်နိုင်ပြီး မိုးသက်လေပြင်းကြောင့် တစ်ခါတရံ လေတိုက်နှုန်း တစ်နာရီ (၃၅) မိုင်မှ မိုင် (၄၀) အထိရှိနိုင်ခြင်းကြောင့် အထူးသတိပြုကြရန်လည်း မိုဇလက အသိပေးထားသည်။

မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးြခင်း၊ မြေပြိုြခင်းနှင့် သဘာဝဘေးအန္တရာယ်များလည်း ဖြစ်ပေါ်နိုင်ကြောင်း၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့နှင့် တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပြင်လယ်ပြင်တွင် လှိုင်းအမြင့် (၁၀) ပေမှ (၁၂) ပေခန့်အထိရှိနိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။

အားကောင်းသည့်မုန်တိုင်းငယ်လမ်းကြောင်းသည် ယနေ့ နေ့လည်ပိုင်းမှစတင်ကာ ရန်ကုန်နှင့် ပဲခူးတိုင်း နယ်နမိတ်အနီးမှ မုတ္တမကွေ့ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်နိုင်မည်ဟု မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းဖော်ပြထားပြီး မိုးကြီးမှုနှင့် လေပြင်းများကြောင့် သတိပြုနေထိုင်ကြရန်လည်း အသိပေးတိုက်တွန်းထားသည်။

မုန်တိုင်းအရှိန်ကြောင့် ယနေ့မှ စက်တင်ဘာလကုန်အထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကယား(ကရင်နီ)၊ ကရင်၊ ပမွန်၊ ရခိုင်နှင့် ရှမ်းတောင်ပိုင်းဒေသများ၌ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း မိုးဇလက ဖော်ပြထားသည်။

By RNA Editor