အထူးတိုင်းစစ်ဌာနနယ်မြေ ဗုံးကြဲခံရမှုအပေါ် မစိုးရိမ်ကြရန် တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှား ပြော

RNA_စက်တင်ဘာ(၂၆)၊၂၀၂၆ခုနှစ်

မွန်ပြည်နယ်နှင့် ပဲခူးတိုင်းအစပ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အထူးတိုင်းစစ်ဌာနနယ်မြေကို စစ်အုပ်စုက ဗုံးကြဲတိုက်ခဲ့မှုအတွင်း ထိခိုက်ကျဆုံးမှုအချို့ရှိခဲ့သော်လည်း ၎င်းတို့အပေါ် မစိုးရိမ်ကြရန် တိုင်းကွပ်ကဲရေးမှူး ရဲဘော် အောင်စံရှားက ပြောကြားခဲ့ကြောင်း သိရသည်။

စက်တင်ဘာ (၂၅) ရက်က ပြုလုပ်ခဲ့သည့် အထူးတိုင်းစစ်ဌာန၏ “ဝိုင်းချစ်မယ့် တိုင်းစစ်” ကမ်ပိန်း၌ ရဲဘော် အောင်စံရှား၏ စာဖြင့် ရေးသားပေးပို့မှုကို အထူးတိုင်းစစ်ဌာန စစ်ရေးအရာရှိ ရဲဘော်တိုးကြီးကတဆင့် ကမ်ပိန်း၌ ပြောကြာခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ကို မစိုးရိမ်ကြပါနဲ့။ အဓိကလိုအပ်နေတဲ့အရာတွေအတွက်ပဲ အင်အားဖြည့်ပေးကြပါ။ ကိုယ်တတ်နိုင်တဲ့ဘက်က၊ ကိုယ်ရောက်နေတဲ့နေရာကနေ တစ်ယောက်တစ်လှည့် ဝိုင်းဝန်းပေးကြရင်း အားတစ်ခုဖြစ်ပေးကြပါ။ တစ်ယောက်ထဲ သန်မာဖို့မဟုတ်ဘူး။ အားလုံးအတူတူ သန်မာကြမယ်။ အတူတူရှိမယ်။ အတူတူရပ်တည်မယ်။ အတူတူ သန်မာကြမယ်”ဟု ရဲဘော်အောင်စံရှားက အထူးတိုင်းစစ်ဌာနက ကမ်းပိန်းသို့ စာဖြင့်ပေးပို့ခဲ့ခြင်းဖြစ်သည်။

စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုအတွင်း ရဲဘော် အောင်စံရှားနှင့် CDM ဗိုလ်မှူး တင်လင်းအောင်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း မစိုးရိမ်ရကြောင်း သိရပြီး ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း CDM တပ်ကြပ်ကြီး နေဝင်းအောင်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲဘော် (၅) ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

စစ်အုပ်စု လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည့်နေရာသည် အထူးတိုင်းစစ်ဌာနချုပ်နေရာမဟုတ်ဘဲ အခြားနေရာတစ်ခုသာဖြစ်ကြောင်း ရဲဘော်တိုးကြီးက ထည့်သွင်းပြောဆိုခဲ့ပြီး စစ်အုပ်စုက ဗုံးအလုံးရေ (၄၀) ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရဲဘော်တိုကြီးက ပြောသည်။

အထူးတိုင်းစစ်ဌာနနယ်မြေကို စက်တင်ဘာ (၂၄) ရက် တစ်ရက်တည်းထဲ၌ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု (၄) ကြိမ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နံနက် (၁၁) နာရီ (၂၀)မိနစ်ဝန်းကျင်၌ တစ်ကြိမ်၊ ညနေ (၄) နာရီခွဲဝန်းကျင်၌ တစ်ကြိမ်၊ ည (၉) နာရီခွဲဝန်းကျင်၌ တစ်ကြိမ်၊ ည (၁၁) နာရီခွဲဝန်းကျင်၌ တစ်ကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှု မလုပ်ဆောင်မီ အစောပိုင်းကတည်းက စစ်အုပ်စုအခြေစိုက် တပ်ရင်းစခန်းမှာလည်း အနီးဝန်းကျင်ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့ခြင်းကြောင့် အရပ်သားပြည်သူအချို့ ထိခိုက်ဒဏ်ရာရမှုများရှိခဲ့ကြောင်း သိရသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ အထူးတိုင်းစစ်ဌာနသည် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း တောင်ပိုင်းခရိုင်တို့၌ စစ်ဆင်ရေးများ လှုပ်ရှားဆောင်ရွက်နေပြီး ကရင်နှင့် မွန်ပြည်နယ်တို့မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်မှုများလည်း ရှိနေသည်။

By RNA Editor