🔴 [EXCLUSIVE] TIME မဂ္ဂဇင်းမှာ အရှက်တကွဲဖြစ်ခဲ့ရတဲ့ မင်းအောင်လှိုင် | TIME Magazine

Red News Agency သတင်းဌာနကနေ အခုတင်ဆက်ပေးမှာကတော့ “မှန်ကြိုက်တဲ့ မင်းအောင်လှိုင်ရဲ့ အရှက်တကွဲ” ဖြစ်ရပ်ကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်က အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သမ္မတရူးအိပ်မက်ကို အကောင်အထည်ဖော်ဖို့နဲ့ ကမ္ဘာကျော်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ဩဇာကြီးမားတဲ့ TIME မဂ္ဂဇင်းကို တွေ့ဆုံခွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ မျှော်လင့်ထားသလို ဖြစ်မလာဘဲ အရှက်တကွဲ အကျိုးနည်းခဲ့ရတဲ့ အကြောင်းအရာတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

🔴 TIME မဂ္ဂဇင်း ဆောင်းပါး အနှစ်ချုပ် –

📌 တွေ့ဆုံမှုမတိုင်မီ ပြင်ဆင်မှုနှင့် ဟန်ဆောင်မှုများ

နေပြည်တော်ရှိ အင်တာဗျူးလုပ်မည့် အခန်းတွင်းသို့ မင်းအောင်လှိုင် မရောက်မီ ကနုတ်ဘောင်များတပ်ဆင်ထားသည့် မှန်တစ်ချပ် အရင်ရောက်လာခဲ့သည်။ ယင်းမှာ သူ၏ ကိုယ်နေဟန်ထားနှင့် ပါးနေသောဆံပင်ကို ဖုံးအုပ်ပြင်ဆင်ရန်ဖြစ်သည်။ တွေ့ဆုံချိန်တွင် မိမိကိုယ်ကို ဗိုလ်ချုပ်မှူးကြီးအဆင့်မှ အရပ်သားနိုင်ငံရေးသမားအဖြစ် ပြောင်းလဲလိုကြောင်း ပြသခဲ့ပြီး၊ ခါးနာနေသော်လည်း ဂေါက်ရိုက်ရသည်ကို သဘောကျကြောင်း ဖော်ရွေဟန်ဖြင့် ဟန်ဆောင်ပြောဆိုခဲ့သည်။ သို့သော် မိသားစုနှင့်ပတ်သက်၍ မေးမြန်းချိန်တွင်မူ အပြုံးများပျောက်ကွယ်ကာ ဖြေဆိုရန် ရှောင်လွှဲခဲ့သည်။

📌 နိုင်ငံတကာ အသိအမှတ်ပြုခံရရေး မျှော်လင့်ချက်

ကိုယ်တိုင်ခန့် သမ္မတဖြစ်လာပြီးနောက် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို အငမ်းမရ လိုလားနေပြီး (၅) လအတွင်း (၇) နိုင်ငံသို့ သွားရောက်ခဲ့သည်။ အိမ်နီးချင်းနိုင်ငံများက အလိုက်အထိုက် ဆက်ဆံနေခြင်းမှာလည်း အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်)၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးပြဿနာများကြောင့်သာ မဖြစ်မနေ ထိတွေ့နေရခြင်းဖြစ်ကြောင်း ဆောင်းပါးတွင် ထောက်ပြထားသည်။

📌 ကြီးလေးသော ချိုးဖောက်မှုများနှင့် ဒီမိုကရေစီ ဗန်းပြမှု

အရပ်သားပြည်သူများအပေါ် ကြီးလေးသော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နေအိမ်များ ပျက်စီးစေမှုများကြောင့် နိုင်ငံတကာအဖွဲ့အစည်းများက အရေးယူရန် ကြိုးပမ်းနေချိန်တွင်၊ မင်းအောင်လှိုင်က မြန်မာ့ဓလေ့နှင့် ကိုက်ညီမည့် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်မည်ဟု ပြောဆိုခဲ့သည်။ သို့သော် လက်တွေ့တွင် ကျောင်းသားလူငယ်များကို စစ်ဘက်ဆိုင်ရာ ပြခန်းများပြသကာ စစ်အာဏာရှင်စနစ် တည်မြဲရေးအတွက်သာ ပုံဖော်နေခြင်းဖြစ်သည်။

📌 စီးပွားရေး ကျဆင်းမှုနှင့် ခေါင်းရှောင်မှု

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံ၏ စီးပွားရေးမှာ အရှိန်အဟုန်ဖြင့် ကျဆင်းကာ ဆင်းရဲမွဲတေမှု နှစ်ဆတိုးလာပြီး ငွေကြေးဖောင်းပွမှု အဆမတန် မြင့်တက်နေသည်။ သို့သော် မင်းအောင်လှိုင်က နိုင်ငံ့စီးပွားရေး တိုးတက်နေကြောင်း တွင်တွင်ပြောဆိုနေပြီး၊ ကုန်ဈေးနှုန်းကြီးမြင့်မှုများကို ပြည်တွင်းလုပ်ငန်းရှင်များ၏ ထုတ်လုပ်မှု မလုံလောက်ခြင်းကြောင့်ဟုသာ ပြစ်တင်ခေါင်းရှောင်ခဲ့သည်။

📌 ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘောထား

မတရားစွပ်စွဲချက်များဖြင့် ဖမ်းဆီးခံထားရသည့် အသက် (၈၁) နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် (၁၈) နှစ် ကျန်ရှိနေသေးချိန်အထိ အလွန်သက်ညှာပေးထားကြောင်း မျက်နှာပြောင်တိုက် ပြောဆိုခဲ့ပြီး၊ သူမ လွတ်မြောက်ရေးမှာ သူမအပေါ်သာ မူတည်ကြောင်း TIME မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။

📌 ပြည်သူများ၏ မုန်းတီးမှုနှင့် စစ်အုပ်စု၏ တုံ့ပြန်မှု

TIME မဂ္ဂဇင်းသတင်းထောက်များ မြေပြင်ကွင်းဆင်းချိန်တွင် မင်းအောင်လှိုင်၏ အမည်ကို ကြားရုံဖြင့် ပြည်သူများက ရွံ့ရှာစက်ဆုပ်ကာ တံတွေးထွေးဟန်ပြုသည်အထိ မုန်းတီးနေကြသည်ကို တွေ့မြင်ခဲ့ရသည်။ ဤဆောင်းပါး ထွက်ပေါ်လာပြီးနောက် စစ်အုပ်စုက မျှော်လင့်ထားသလို ဖြစ်မလာသည့်အတွက် စက်တင်ဘာ (၂၃) ရက် ည (၈) နာရီသတင်းတွင် TIME မဂ္ဂဇင်းအား မီဒီယာကျင့်ဝတ်နှင့် မညီဟုဆိုကာ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့သည်။

လွတ်လပ်တဲ့ Red News Agency သတင်းဌာနကနေ ထူးခြားသတင်းတွေနဲ့ ပြည်သူတွေ သိသင့် သိထိုက်တဲ့ ဆောင်းပါးတွေ၊ ဝေဖန်သုံးသပ်ချက်တွေကိုလည်း ဆက်လက်တင်ဆက်ပေးနေမှာ ဖြစ်ပါတယ်ရှင်။ ကြည့်ရှု နားဆင် ပေးကြတဲ့ ပရိတ်သတ်များ အားလုံးနဲ့ ကမ္ဘာ့နိုင်ငံသူ နိုင်ငံသားများအားလုံး ဘေးအန္တရာယ်အပေါင်းကနေ လွတ်မြောက်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။

#RedNewsAgency #RNA #RedNews

By Editor