စစ်အုပ်စုအလိုရှိနေသည့် မူးယစ်တရားခံကို ဗီယက်နမ်က လွှဲပြောင်းပေး

RNA_စက်တင်ဘာ(၂၆)၊၂၀၂၆ခုနှစ်။

စစ်အုပ်စု အလိုရှိနေသည့် မူးယစ်ဆေးဝါးဖြန့်ချိရာ၌ အဓိကတရားခံတစ်ဦးဖြစ်သူကို ဗီယက်နမ်အစိုးရက ဖမ်းဆီးပြီးနောက် မြန်မာနိုင်ငံ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ (CCDAC Myanmar) ထံ စက်တင်ဘာ (၂၄) ရက်က လွှဲပြောင်းပေးခဲ့ကြောင်း CCDAC ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းက နေပြည်တော်နှင့် ရန်ကုန်မြို့တွင် ဖမ်းဆီးရမိခဲ့သည့် ငွေကျပ် (၂၀) ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါး မက်သာဖက်တမင်း (၈၁၀) ကီလိုဂရမ် ဖြန့်ချိရောင်းချမှု၌ အဓိကတာဝန်ရှိသည့် မှော်ဘီမြို့နယ်နေ ဝေထွန်းဆိုသူကို စစ်အုပ်စုက ဖမ်းဆီးရန် လုပ်ဆောင်ရန် မလေးရှား၊ စင်ကာပူနှင့် ဗီယက်နမ်နိုင်ငံတို့သို့ အဆင့်ဆင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သိရသည်။

ယင်းသို့ထွက်ပြေးတိမ်းရှောင်ခဲ့မှုအပေါ် မြန်မာတာဝန်ရှိသူများက မလေးရှား၊ စင်ကာပူနှင့် ဗီယက်နမ်အစိုးရ တာဝန်ရှိသူများနှင့် ဆက်သွယ်ပူးပေါင်းပြီး မူးယစ်တရားခံအား ပြန်လည်ဖမ်းဆီးရမိနိုင်ရေးအတွက် အဆင့်ဆင့်ဆောင်ရွက်ခဲ့ကြောင်း၊ မူးယစ်တရားခံ ဝေထွန်းကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် စက်တင်ဘာ (၁) ရက်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခု ၂၀၂၆ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင်း ရောက်ရှိနေသည့် ထိုင်းနိုင်ငံမှ အလိုရှိနေသော မူးယစ်ဆေးဝါးတရားခံ (၁၁) ဦးနှင့် အင်ဒိုနီးရှားမှ အလိုရှိနေသော မူးယစ်ဆေးဝါး တရားခံ (၁) ဦးတို့ကို စစ်အုပ်စုက သက်ဆိုင်ရာနိုင်ငံ တာဝန်ရှိသူများထံ လွှဲပြောင်းပေးခဲ့ကြောင်းနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်နေကြောင်း CCDAC Myanmar ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

By RNA Editor