ကောလင်းကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၂) ဦး သေဆုံး၊ (၈) ဦး ထိခိုက်ဒဏ်ရာရ

RNA_စက်တင်ဘာ(၂၅)၊၂၀၂၆ခုနှစ်။

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ကုက္ကိုကုန်းရွာကို စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူ (၂) ဦး သေဆုံးပြီး (၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကောလင်းခရိုင် အမှတ် (၁) တပ်ရင်းက စက်တင်ဘာ (၂၄) ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။

စက်တင်ဘာ (၂၄) ရက် ညနေ (၅) နာရီ (၁၅) မိနစ်ဝန်းကျင်က ကုက္ကိုကုန်းရွာရှိ အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ် လုပ်ဆောင်ခဲ့ပြီး ဗုံး (၂) လုံးနှင့် ရော့ကတ် (၄) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကုက္ကိုကုန်းရွာအနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ (၈) ဦးထဲမှ (၂) ဦးသည် ဒဏ်ရာပြင်းထန်နေပြီး စိုးရိမ်ရသည့်အခြေအနေရှိကြောင်း၊ ဒေသခံနေအိမ် (၅) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများကို လေကြောင်းတိုက်ခိုက်ခဲ့သည့် စစ်အုပ်စုကို ရှုတ်ချကြောင်း ကောလင်းခရိုင် တပ်ရင်း (၁) က ပြောကြားထားပြီး ပြန်လည်ချေမှုန်းတိုက်ခိုက်သွားမည်ဟု ဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း (၅) နှစ်ကျော်ကာလအတွင်း နိုင်ငံတစ်ဝန်း စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုပေါင်း (၃၄၀၀) ကျော်လုပ်ဆောင်ခဲ့ပြီး အရပ်သားပြည်သူ (၄၀၈၃) ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် (၄၇၁) ဦး သေဆုံးခဲ့ကြောင်း မြန်မာ့ငြိမ်းချမ်းရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (MPM) မှ ပြုစုထားသည့် အချက်အလက်များအရ သိရသည်။

By RNA Editor