RNA_စက်တင်ဘာ(၂၅)၊၂၀၂၆ခုနှစ်။
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်အတွင်းရှိ ရွှေဘို-မြစ်ကြီးနားကားလမ်းပိုင်းတစ်နေရာကို စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ခရီးသွားပြည်သူ (၅) ဦး သေဆုံးခဲ့ပြီး (၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ယနေ့ (စက်တင်ဘာ ၂၅ ရက်) ထုတ်ပြန်ထားသည်။
စက်တင်ဘာ (၂၃) ရက် နံနက် (၁၁) နာရီဝန်းကျင်နှင့် ညနေ (၄) နာရီခွဲဝန်းကျင်တို့၌ အင်းတော်မြို့နယ် နောင်မိုးရွာနှင့် စက်တောကုန်းရွာကြား ကားလမ်းပိုင်းကို စစ်အုပ်စုက ဗုံးအလုံးရေ (၄၀) နီးပါး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်အုပ်စု လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည့်နေရာသည် စစ်ရေးနှင့်သက်ဆိုင်သည့်နေရာမဟုတ်ဘဲ အများပြည်သူ ကုန်ကူးသန်းသွားလာရာနေရာဖြစ်ပြီး မိုးရာသီကာလ လမ်းပိုင်းမြေကျွံမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်နေချိန် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုကြောင့် ကုန်သည် (၃) ဦး၊ ခရီးသွားပြည်သူ (၁)ဦးနှင့် အနီးဝန်းကျင်ရှိ ဒေသခံပြည်သူ (၁) ဦးတို့ သေဆုံးခဲ့ပြီး ယာဉ်မောင်း (၂) ဦးနှင့် ခရီးပြည်သူများအပါအဝင် (၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အင်းတော်မြို့နယ် ကားလမ်းပိုင်းကို တိုက်ခိုက်ခဲ့သည့် စစ်အုပ်စု၏လုပ်ရပ်သည် အများပြည်သူ၏ အသက်အိုးအိမ် စည်းစိမ်နှင့် လုံခြုံရေးကို ဆိုးရွားစွာ ထိခိုက်စေပြီး ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ပြန်လည်တုံ့ပြန်သွားမည်ဟု အင်းတော် ပကဖက ထုတ်ပြန်ထားသည်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကျောင်းသားတပ်မတော် (ABSDF) နှင့် မဟာမိတ်ပူးပေါင်းတပ်များက ၂၀၂၅ ခုနှစ် ဧပြီလတွင် တိုက်ခိုက်သိမ်းယူခဲ့သည့် အင်းတော်မြို့ကို တစ်နှစ်အကြာ ယခုနှစ် ဧပြီလအတွင်း၌ စစ်အုပ်စုက ပြန်လည်သိမ်းယူထိန်းချုပ်ထားနိုင်ခဲ့သည်။