NUG အထူးတိုင်းစစ်ဌာနချုပ် ဗုံးကြဲခံရ၊ (၆) ဦးခန့် ကျဆုံးပြီး ထိပ်ပိုင်းတာဝန်ရှိသူအချို့ ဒဏ်ရာရ

RNA_စက်တင်ဘာ(၂၄)၊၂၀၂၆ခုနှစ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်နေရာကို စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် (၆) ဦးဝန်းကျင် ကျဆုံးခဲ့ရပြီး ထိပ်ပိုင်းတာဝန်ရှိသူအချို့ ဒဏ်ရာရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးထံက သိရသည်။

ယနေ့ (စက်တင်ဘာ ၂၄ ရက်) နံနက် ၁၁ နာရီဝန်းကျင်က NUG အထူးတိုင်းစစ်ဌာနချုပ်ရှိရာနေရာကို အာဏာသိမ်း စစ်တပ်မှ ဗုံး (၆) လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး ရဲဘော် အောင်စံရှားနှင့် CDM ဗိုလ်မှူး တင်လင်းအောင်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အထူးတိုင်းစစ်ဌာနနေရာ ဗုံးကြဲခံရတယ်။ အောင်စံရှားတို့၊ တင်လင်းအောင်တို့ ထိတယ်၊ (၆) လောက်ကျတယ်” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက Red News Agency ကို ပြောသည်။

လေကြောင်းဗုံးကြဲတိုက်ခိုက်ခံပြီးနောက် သိမ်ဖြူဇရပ်အခြေစိုက် စစ်အုပ်စု အမှတ် (၃၁၀) အမြောက်တပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့ကြောင်း သိရသည်။

NUG အထူးတိုင်းစစ်ဌာနချုပ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) နယ်မြေအတွင်း တည်ရှိပြီး ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ပဲခူးတိုင်း ဒေသတွင်း စစ်ဆင်ရေးများကို အကောင်အထည်ဖော်ဆောင်ရွက်နေခြင်း ဖြစ်သည်။

အထူးတိုင်းစစ်ဌာနချုပ်နေရာ ဗုံးကြဲခံရမှုအခြေအနေနှင့်ပတ်သက်၍ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်နှင့် အမှတ် (၂) စစ်ဒေသခွဲ ပြန်ကြားရေးတာဝန်ခံ ရဲဘော်စောဒိုရှင်းတို့ကို Red News Agency က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။

By RNA Editor