RNA_စက်တင်ဘာ(၂၃)၊၂၀၂၆ခုနှစ်။
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အမြင့်ကျေးရွာ မင်းချောင်းတံတားအနီး၌ ကင်းစောင့်နေသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်တစ်ဦးကို အာရက္ခတပ်တော် (AA) က စက်တင်ဘာ (၂၀) ရက် ညပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း AA သတင်းပြန်ကြားရေးဌာနက ယနေ့ (စက်တင်ဘာ ၂၃ ရက်) တွင် ထုတ်ပြန်ထားသည်။
AA တပ်တော်မှ ဖမ်းဆီးရမိခဲ့သည့် စစ်အုပ်စုတပ်ဖွဲ့ဝင် ပြည်သူ့စစ် စစ်သုံ့ပန်းသည် ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ် (တပ်မ ၁၀၁) လက်အောက်ခံ အမှတ် (၂၅၂) ခြေလျင်တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသည့် တပ်သား ရန်ငြိမ်းအောင်ဖြစ်ကြောင်း သိရသည်။
၎င်း၏ ဝန်ခံထွက်ဆိုချက်အရ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသည့် တပ်ဖွဲ့ဝင်များကို ဆေးကုသ၍ မရနိုင်ပါက နေရာ၌ပင် သတ်ပစ်ရန် အမိန့်ပေးထားကြောင်း စစ်မှုထမ်း (ပစ) တပ်သား ရန်ငြိမ်းအောင်က ပြောသည်။
“တိုက်ပွဲဖြစ်တဲ့နေရာမှာ ကျည်ထိတဲ့သူ၊ ကျည်သင့်တဲ့သူကိုလည်း ဆေးကုလို့ရတဲ့သူဆိုရင် ကုမယ်။ ခေါ်ခဲ့၊ ဆွဲခဲ့။ ကုလို့မရတဲ့သူဆိုရင် ရန်သူ့လက်ထဲ အပါမခံနဲ့၊ သတ်ပစ်လိုက်လို့ အဲသလို ပြောထားတယ်” ဟု တပ်သား ရန်ငြိမ်းအောင်က ဝန်ခံထွက်ဆိုထားသည်။
စစ်အုပ်စုတပ်ဖွဲ့ဝင် တပ်သားများအားလုံးနီးပါးသည် မူးယစ်ဆေးဝါး သုံးစွဲကြကြောင်း၊ အရက်သေစာ သောက်သုံးသူများလည်းရှိကြောင်း၊ စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့မှလည်း နောက်တန်း တပ်ရင်းများ၌ မူးယစ်ဆေးဝါး လာရောက်ရောင်းချမှုများရှိကြောင်း ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုက ရခိုင်တိုင်းရင်းသားများအား ကလေးသူငယ်ပါမကျန် လူမျိုးတုံးသတ်ဖြတ်ရန် အမိန့်ပေးထားမှုများရှိကြောင်း စက်တင်ဘာ (၁၆) ရက်တွင် ကွမ်းတောင်နှင့် အမြင့်ကျေးရွာကြား တိုက်ပွဲအတွင်း ဖမ်းဆီးခံခဲ့ရသည့် စစ်အုပ်စုစစ်သုံ့ပန်း ခလရ (၂၅၇) မှ တပ်သားတစ်ဦးဖြစ်သူ မိုက်ကယ်ဆိုသူက ဝန်ခံပြောဆိုထားသည်။