RNA_စက်တင်ဘာ(၂၃)၊၂၀၂၆ခုနှစ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားပုဒ်မများဖြင့် နှစ်ရှည်ထောင်ဒဏ်ချများ ချမှတ်ထားသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူမအပေါ် အလွန်သက်ညှာမှုများ ပေးထားကြောင်း TIME မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ထည့်သွင်းပြောဆိုခဲ့သည်။
အာဏာရှင်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အင်တာဗျူးဆောင်းပါးကို အနောက်တိုင်းမီဒီယာကြီးတစ်ခုဖြစ်သည့် TIME မဂ္ဂဇင်းက ယနေ့ (စက်တင်ဘာ ၂၃ ရက်) တွင် ဖော်ပြခဲ့ပြီး ယင်းအင်တာဗျူးဆောင်းပါး၌ အခြားပြည်တွင်းပြည်ပ နိုင်ငံရေးလေ့လာသုံးသပ်သူများ၏ အမြင်နှင့် မြန်မာ့စစ်ရေးပဋိပက္ခ၊ စီးပွားရေးပြိုလဲနေမှုများအကြောင်းကိုလည်း ထည့်သွင်းဖော်ပြထားသည်။
နေပြည်တော်၌ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ TIME မဂ္ဂဇင်းက မေးမြန်းချိန် “ကျွန်တော် အတော်လေး သက်ညှာပေးထားပါတယ်။ အခြေအနေတွေ ဒီအဆင့်ထိရောက်အောင် ကျွန်တော် တတ်နိုင်သမျှ ကြိုးစားခဲ့ပါတယ်” ဟု မင်းအောင်လှိုင်က ပြောသည်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးသည် “သူမအပေါ်မှာ မူတည်ကြောင်း၊ ပြန်လည်စဉ်းစားသုံးသပ်ရန် အကြောင်းရင်းများရှိလာပါက အခြေအနေသည် ပြောင်းလဲသွားနိုင်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။
မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်က လက်နက်အားကိုးဖြင့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်ချက်ပေါက်ကြားစေမှု၊ အဂတိမှု၊ သဘာဝဘေးစီမံမှု စသည့် မတရားစွပ်စွဲချက်ဖြင့် ဖမ်းဆီးကာ ထောင်ဒဏ် (၃၃) နှစ် ချမှတ်ခဲ့ပြီးနောက် လက်ရှိ၌ ထောင်ဒဏ် (၁၈) နှစ်အထိ လျှော့ချပေးခဲ့ကာ နေပြည်တော်ရှိ ကန့်သတ်ထားသည့် နေအိမ်၌ ဖမ်းဆီးထိန်းသိမ်းထားဆဲ ဖြစ်သည်။
TIME မဂ္ဂဇင်းက ဖော်ပြထားသော မင်းအောင်လှိုင်နှင့် အင်တာဗျူးဆောင်းပါးတွင် မိမိကိုယ်ကိုယ်မိမိ အထင်ကြီးပြီး ၎င်းကိုယ်တိုင် ဗိုလ်ချုပ်ကြီးအဆင့်မှ အရပ်သားနိုင်ငံရေးသမားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းနေမှုကို ကျိုးကြောင်းဆီလျော်မှုမရှိသည့် အကြောင်းအရာများဖြင့် ပြောဆိုနေသူဟု TIME က ဖော်ပြထားပြီး လက်တွေ့မကျသည့် စီးပွားရေးစီမံကိန်းများကို ဖော်ဆောင်နေမှုကြောင့် နိုင်ငံ၏ ဆင်းရဲမွဲတေမှုသည် နှစ်ဆနီးပါး တိုးမြင့်လာကြောင့် သုံးသပ်ထားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စု၏ မတရားဖမ်းဆီးမှုကြောင့် နိုင်ငံတစ်ဝန်း ပြည်သူ (၃၁၉၆၅) ဦးထိ ဖမ်းဆီးခံခဲ့ရသည်။ နိုင်ငံတစ်ဝန်း အကျဉ်းထောင်အသီးသီး၌ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အတည်ပြုထားသည့် နိုင်ငံရေးအကျဉ်းသားပေါင်း (၁၄၈၄၀) ဦးရှိကြောင်းနှင့် အတည်ပြုရန် ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားပေါင်း (၇၈၅၇) ဦးရှိနေသေးကြောင်း သိရသည်။
ထို့ပြင် စစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတစ်ဝန်း အရပ်သားပြည်သူ (၈၄၂၀) ဦး သေဆုံးခဲ့ကြောင်း AAPP က ထုတ်ပြန်ထားပြီး ယင်းတို့အထဲတွင် ကလေးငယ် (၁၁၁၇) ဦးနှင့် အမျိုးသမီး (၂၃၁၈) ဦးတို့ပါဝင်ကြောင်း သိရသည်။