စစ်မှုထမ်းစုဆောင်းခံရချိန် ညီနှင့် အစ်မဖြစ်သူတို့ကို စစ်အုပ်စု သတ်ဖြတ်ခဲ့ဟု ကာယကံရှင်ပြော

RNA_စက်တင်ဘာ(၂၃)၊၂၀၂၆ခုနှစ်။

စစ်အုပ်စု၏ စစ်မှုထမ်း အပတ်စဉ် (၂၀)တွင် အဓမ္မတပ်သားသစ် စုဆောင်းခံခဲ့ရသူ မောင်ဇော်ကိုကို၏ ညီဖြစ်သူနှင့် အစ်မဖြစ်သူတို့ကို စစ်အုပ်စုက သတ်ဖြတ်ခဲ့ကြောင်း ကာယကံရှင် ပြောဆိုထားသည့် ရုပ်သံကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က စက်တင်ဘာ (၂၂) ရက်တွင် ထုတ်ပြန်ထားသည်။

စစ်မှုထမ်းအပတ်စဉ် (၂၀) တွင် စစ်သင်တန်းတက်ခဲ့ရသည့် အသက် (၂၄) နှစ်အရွယ် မောင်ဇင်ကိုကိုသည် ကော့သောင်းမြို့နယ်အခြေစိုက် အမှတ် (၂၆၂) ခြေလျင်တပ်ရင်းတွင် တာဝန်ထမ်းဆောင်ခဲ့ရသူတစ်ဦးဖြစ်ပြီး စစ်အုပ်စုတပ်ရင်းစခန်းမှ ထွက်ပြေးလာပြီး ကော့သောင်း ပကဖအဖွဲ့ထံ အလင်းဝင်ရောက်ခဲ့သူတစ်ဦးဖြစ်သည်။

“ကျွန်တော့်ညီနဲ့ ကျွန်တော့်အစ်မကိုလည်း ကျွန်တော် စစ်မှုထမ်းသင်တန်းတက်နေတာကို သိရဲ့နဲ့ သူလျှိုဆိုပြီး သတ်တယ်။ ကျွန်တော့်ညီအလောင်းကိုတော့ အဖေနဲ့ အမေက ပြန်တွေ့တယ်။ ကျွန်တော့်အစ်မအလောင်းကို အခုချိန်ထိ ပြန်မတွေ့သေးဘူး။ အဲ့နာကျည်းချက်နဲ့ ကျွန်တော် သင်တန်းတက်နေတုန်း အကြိမ်ကြိမ်ထွက်ပြေးတယ်။ ပြေးလို့မလွတ်ဘူး။ အခု အခွင့်အရေးရလို့ ပြေးတာ” ဟု မောင်ဇင်ကိုကိုက ကော့သောင်း ပကဖ၏ မေးမြန်းမှုကို ပြောဆိုထားသည်။

စစ်မှုထမ်းအပတ်စဉ် (၂၀) သင်တန်းဆင်း မောင်ဇင်ကိုကိုအပါအဝင် ကော့သောင်းမြို့နယ် မလိဝမ်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် စစ်မှုထမ်းတပ်သားသစ်စုဆောင်းမှုအတွက် အဓမ္မဖမ်းဆီးခံထားရသည့် အသက် (၂၁) နှစ်အရွယ် ကျော်မင်းဦးနှင့် အသက် (၂၄) နှစ်အရွယ် မောင်ကျော်မင်းခန့်တို့ကို ကော့သောင်း ပကဖရဲဘော်များက ကယ်ထုတ်ထားနိုင်ခဲ့ကြောင်း သိရသည်။

စစ်အုပ်စုတပ်ရင်းနှင့် လက်အောက်ခံ အုပ်ချုပ်ရေးဌာနတို့မှ လွတ်မြောက်လာသူ လူငယ် (၃) ဦးက ၎င်းတို့အနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့်ပူးပေါင်းကာ စစ်အုပ်စုတပ်ဖွဲ့များအား ပြန်လည်တိုက်ခိုက်လိုကြောင်း ပြောဆိုမှုကြောင့် ဒေသ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ကော့သောင်း ပကဖက ပြောသည်။

စစ်မှုထမ်းစုဆောင်းခံရပြီးနောက် စစ်သင်တန်းတက်ရောက်ထားသူများကို တနင်္သာရီတိုင်းအတွင်း (၆) လထားရှိပြီးနောက် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်များနှင့် တိုက်ပွဲပြင်းထန်နေသည့် ရခိုင်စစ်မြေပြင်သို့ ပို့ဆောင်မှုများရှိနေကြောင်းနှင့် ရှေ့တန်းစစ်မြေပြင်သို့ ရောက်ရှိနေသည့် တပ်သားများကို စိတ်ကြွဆေးပြားများသုံးစွဲရန် တာဝန်ရှိသူများက ပေးထားမှုများရှိကြောင်း မောင်ဇင်ကိုကိုမှ ကော့သောင်းပကဖအား ပြောထားသည့် ရုပ်သံဖိုင်အရ သိရသည်။

By RNA Editor