မြန်မာ့အရေးကို ကမ္ဘာက အာရုံစိုက်မှုလျော့နည်းလာမည့်အခြေအနေနှင့် ကြုံနေရကြောင်း ကုလအတွင်းရေးမှူး ပြော

RNA_စက်တင်ဘာ(၂၃)၊၂၀၂၆ခုနှစ်။

မြန်မာ့အကျပ်အတည်းနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံခေါင်းဆောင်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အာရုံစိုက်မှု လျော့နည်းလာမည့် အခြေအနေကြုံတွေ့နေရကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောကြားသည်။

ယခု စက်တင်ဘာလကုန်ပိုင်းတွင်း ကျင်းပနေသည့် (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမိန့်ခွန်းပြောကြားချိန်တွင် ကမ္ဘာ့နိုင်ငံများကြား ဖြစ်ပွားနေသည့် စစ်ပွဲများ၊ စီးပွားရေးအကျပ်အတည်းများနှင့် အခြားသောဖြစ်ရပ်များကြောင့် မြန်မာ့အရေးနှင့်ပတ်သက်၍ နိုင်ငံတကာမှ အာရုံစိုက်မှု လျော့နည်းနိုင်သည့် အန္တရာယ်ရှိလာနိုင်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့ဖြစ်သည်။

“အကြမ်းဖက်မှုတွေ၊ နေရပ်စွန့်ခွာထွက်ပြေးရမှုတွေ၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေမြင့်တက်နေတဲ့ မြန်မာ့ပဋိပက္ခဟာ အခြားကမ္ဘာ့အရေးတွေကြားမှာ မှေးမှိန်နေပြီး အာရုံစိုက်မှုလျော့နည်းသွားမယ့် အခြေအနေနဲ့ ကြုံတွေ့နေပါတယ်”ဟု အန်တိုနီယိုဂူတာရက်စ်က ပြောသည်။

အရှေ့အလယ်ပိုင်းစစ်ရေးပဋိပက္ခ ဂါဇာကို အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုအပါအဝင် ယူကရိန်းစစ်ပွဲနှင့် ဆူဒန်စစ်ရေးပဋိပက္ခအခြေအနေများကို ပြောကြားချိန် သန်းနှင့်ချီသော ပြည်သူများ နေရပ်စွန့်ခွာနေရသည့် မြန်မာ့စစ်ရေးပဋိပက္ခနှင့်ပတ်သက်၍ ဂူတာရက်စ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာ့အကျပ်အတည်းအပါအဝင် ကမ္ဘာ့နိုင်ငံများကြား စစ်ရေးပဋိပက္ခများ၌ ကုလသမဂ္ဂအဖွဲ့အစည်း၏ လုပ်ဆောင်မှုသည် လိုအပ်ချက်များရှိနေကြောင်း ယခုနှစ် ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ခါလီလာရာမန်ကလည်း ပြောကြားထားသည်။

မြန်မာနှင့်နယ်နိမိတ်ထိစပ်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားပြည်နယ်၌လည်း ရခိုင်ပြည်နယ် စစ်ရေးပဋိပက္ခများနှင့် စစ်အုပ်စု၏ အကြမ်းဖက်နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးများကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာသူ ရိုဟင်ဂျာမွတ်စလင်ဒုက္ခသည် သိန်းနှင့်ချီရှိနေဆဲဖြစ်သည်။

By RNA Editor