ဘုတလင်မှာ လူမဆန်စွာသတ်ဖြတ်နေတဲ့ စစ်ကြောင်းလှုပ်ရှားမှု

“ဘုတလင်မြို့နယ် ကူတော်ရွာအထိုင် ရဲစခန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ဆယ်ဝရွာနဲ့ စီပါရွာကြားမှာ တော်လှန်ရေးအင်အားစုတွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ကြတဲ့အတွက်”

ကျော်ရန်နိုင်

မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က တနိုင်ငံလုံးအနှံ့လေကြောင်းတိုက်ခိုက်မှုများနဲ့ စစ်ကြောင်းထိုး မီးရှို့မှုများစွာကို ပြုလုပ်နေတဲ့အထဲမှာ အထိအနာဆုံးနဲ့ စစ်ရာဇဝတ်မှု အကျူးလွန်ခံရဆုံးကတော့ အညာဒေသ ဖြစ်ပါတယ်။ အညာဆိုတာ ညာမရအောင် တိုက်ပွဲများအောင်ပွဲဆင်နိုင်သလို မီးရှို့ခံရမှုနဲ့ ပြည်သူတွေ သေဆုံးမှုအများဆုံးလည်း ဖြစ်ပါတယ်။

အခုရက်ပိုင်း ပြည်သူလူထုအကြား မကြားဝံ့မနာသာ မကြည့်ရက်စရာ ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒါကတော့ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါရွာမှာ ပြည်သူတွေ သတ်ဖြတ်ခံရတဲ့ ကိစ္စဖြစ်ပါတယ်။ စီပါရွာကို စစ်ကောင်စီတပ်စစ်ကြောင်းက စီးနင်းဝင်ရောက်ပြီး နေအိမ် ၃၀၀ ခန့်ကို မီးရှို့ပြီးတော့ မပြေးနိုင်လို့ ရွာမှာကျန်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် (၆) ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ ကျေးရွာကနေ စစ်ဘေးမရှောင်နိုင်လို့ ကျန်နေခဲ့တဲ့ သက်ကြီးရွယ်အိုတွေကို ခေါင်းဖြတ်၊ ခြေဖြတ် လက်ဖြတ်မှုတွေနဲ့အတူ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က ဘုတလင်ဘက်ကို အင်အားဖြည့်လိုက်တဲ့ စစ်ကြောင်းကနေ အခုလို ရက်ရက်စက်စက် သတ်ဖြတ်တာတွေကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒေသခံတွေရဲ့ ပြောကြားချက်ဆိုရင် ဒီလိုဆိုးဆိုးရွားရွားတွေလုပ်နေတဲ့ စစ်ကြောင်းက တပ်မ (၃၃)ပါဝင်သလို သံတောင်က အထူးကွန်မန်ဒို သင်တန်းဆင်းတွေလည်း ပါတယ်လို့ ဆိုပါတယ်။ အခုလို ရက်ရက်စက်စက်လုပ်နေတဲ့ စစ်ကြောင်း ဘယ်နေ့ကနေ စထွက်လာပြီး ဘုတလင်မြို့နယ်ထဲမှာ ဘယ်လောက်ဆိုးဆိုးရွားရွားတွေလုပ်နေတာလည်းဆိုတာကို ပြောပြချင်ပါတယ်။

ဘုတလင်မြို့နယ်ထဲမှာ အင်အား ၉၀ ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်းတခုလုံးကို တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ခြေမှုန်းနိုင်ခဲ့တာကို အားလုံးမှတ်မိကြအုံးမယ်ထင်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့က ဘုတလင်မြို့နယ် ကူတော်ရွာအထိုင် ရဲစခန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ဆယ်ဝရွာနဲ့ စီပါရွာကြားမှာ တော်လှန်ရေးအင်အားစုတွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ကြတဲ့အတွက် စစ်သုံ့ပန်း ၄၂ ဦးနဲ့အတူ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိသလို သေဆုံးသူတွေကလည်း (၃၀) ကျော်ရှိခဲ့ပါတယ်။ အဲဒါကို မကျေနပ်နိုင်တဲ့ စစ်ကောင်စီတပ် နမခကတော့ နောက်ထပ်စစ်ကြောင်းလွှတ်ပြီး ရွာတွေကို မီးရှို့ ပြည်သူတွေကို သတ်ဖြတ်နေတာဖြစ်ပါတယ်။

စီပါရွာ မီးရှို့ခံရမှု

တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်ချေမှုန်းခံလိုက်ရတဲ့ စစ်ကြောင်းတုန်းကဆိုရင်လည်း ကျေးရွာတွေကို မီးရှို့တာတွေ ဖမ်းမိတဲ့ အရပ်သားတွေကို သတ်ဖြတ်တာတွေလုပ်ခဲ့တယ်လို့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရတဲ့ ခမရ (၃၀၉) ကသာတပ်က ဗိုလ်ကြီးအောင်သူရိန်ကလည်း ဝန်ခံထားပါတယ်။ အခုလည်း အင်အား ၁၀၀ ခန့်ရှိ အထူးကွန်မန်ဒိုတွေပါတဲ့ စစ်ကြောင်းကတော့ နမခ ကနေပြီးထွက်လာပြီး ဘုတလင်မြို့နယ်ထဲက ကံဆွယ်ရွာကို အောက်တိုဘာ (၆) ရက်နေ့ကတည်းက စတင်ရောက်ရှိလာပြီးတော့ စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။ စစ်ကြောင်းတွေရောက်လာတဲ့အတွက် ဒေသခံ ပြည်သူတွေဟာ စစ်ဘေးရှောင်ခဲ့ရပါတယ်။

ကံဆယ်ရွာကနေ ထွက်ပြီး အုတ်ကျင်းနဲ့ ကုက္ကိုစုကို အောက်တိုဘာ (၈) ရက်နေ့မှာ ရောက်ရှိလာပြီး ဆက်လက်စစ်ကြောင်းထိုးသွားတဲ့အတွက် အောက်တိုဘာ (၁၀) ရက်နဲ့ (၁၁) ရက်နေ့မှာ ဘုတလင်မြို့ပေါ်မှာ အကြမ်းဖက်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ ဘုတလင်မြို့နေပြီး အောက်တိုဘာ ၁၂ ရက်နေ့မှာတော့ မုံရွာ-ရေဦးလမ်းနဲ့ သဖန်းလမ်းဆုံ စျေးဆိုင်က မိသားစုဝင် (၆) ဦး သတ်ဖြတ်ခဲ့ပါတယ်။ သဖန်းလမ်းဆုံ စျေးဆိုင်က မိသားစု (၆) ဦးထဲမှာဆိုရင် (၇) နှစ်အရွယ် ကလေးငယ်တဦးကိုပါ သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

စျေးဆိုင်က မိသားစုဝင် (၆) ဦး သတ်ဖြတ်ပြီးနောက်ပိုင်း ပြည်သူတွေကို ဆက်တိုက်သတ်ဖြတ်လာတာ တွေ့ရပါတယ်။ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတာတွေကိုလည်း ဘုတလင်မြို့နယ်ထဲမှာ ဆက်တိုက်ပြုလုပ်လာပါတယ်။ မြေပြင်စစ်ကြောင်းဝင်မဲ့ ကျေးရွာ ပတ်ချာလည်က ရွာကိုလည်း ဗုံးကြဲတာမျိုးအထိ လုပ်ပါတယ်။ စျေးဆိုင်က မိသားစုဝင်တွေ အသတ်ခံရတဲ့ နေ့မှာ ငပယင်းရွာကို လေကြောင်းကနေ (၈) ကြိမ်ဗုံးကြဲပါတယ်။


ဘုတလင်မြို့ပေါ်တဝိုက် မွှေနှောက်နေတဲ့ စစ်ကြောင်းဟာ အောက်တိုဘာ ၁၃ ရက်နေ့မှာတော့ မြောက်ကျီရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူ (၈) ဦးကို သတ်ဖြတ်ခဲ့ပါတယ်။ အဲဒီရွာထဲမှာ ၁၄ ရက်နဲ့ ၁၅ ရက်နေ့အထိ နေပြီးတော့ ပြည်သူတွေကို သတ်ဖြတ်ခဲ့သလို အိမ်မွေးတိရိစ္ဆာန်တွေကိုလည်း သတ်စားတာတွေ ပြုလုပ်ပါတယ်။ ရွာထဲက ဖမ်းမိတဲ့ ပြည်သူတွေကို လူသားဒိုင်းလုပ်ပြီးတော့ အောက်တိုဘာ ၁၆ ရက်နေ့မှာ တက်လှိုင်းရွာကို ရောက်ရှိသွားပါတယ်။ တက်လှိုင်းရွာမှာ တညအိပ်ပြီး နောက်တရက် အောက်တိုဘာ ၁၇ ရက်နေ့မှာတော့ စီပါရွာကို ရောက်ရှိပြီး လူမဆန်တဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ပါတယ်။

စီပါရွာမှာ တညအိပ်ပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်ပြီး နောက်တနေ့ အောက်တိုဘာ ၁၈ ရက်နေ့မှာတော့ ဆယ်ဝရွာသစ် ရွာဟောင်း၊ အိုင်ပေါင်းချောင်ရွာ၊ ကျွဲသေချောင်ရွာတွေကို ပတ်မွှေပြီးတော့ အဆောက်အဦနဲ့ နေအိမ်တွေကို မီးပတ်ရှို့နေတာဖြစ်ပါတယ်။ အောက်တိုဘာ ၁၉ ရက် ၂၀ ရက်၊ ၂၁ ရက်၊ ၂၂ ရက်နေ့ မနက်ပိုင်းအထိ စစ်ရာဇဝတ်မှုများစွာကို ကျူးလွန်ခဲ့တဲ့ စစ်ကြောင်းဟာ စိုင်ပြင်လေးရွာကို ဝင်ရောက်စီးနင်းနေထိုင်ပြီး နေအိမ်တွေကို မီးပတ်ရှို့နေပါတယ်။ စိုင်ပြင်လေးရွာထဲ စစ်ကြောင်းရှိနေတုန်းမှာပဲ လေကြောင်းကနေပြီး ကခွတ်တနယ်နဲ့ ဂွေးပင်ကျင်းရွာကို လေကြောင်းတိုက်ခိုက်မှု (၉) ကြိမ်ထိ ပြုလုပ်ခဲ့ပါတယ်။

ရွေးကောက်ပွဲ မဲစာရင်းအကြောင်းပြပြီး အဓမ္မအာဏာသိမ်းခဲ့တဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ကတော့ စစ်ရာဇဝတ်မှုများစွာကို ကျူးလွန်နေတာဖြစ်ပါတယ်။ အညာဒေသမှာဆိုရင် လူစုလူဝေးလုပ်နေတဲ့ အသုဘချနေတာလဲ လေကြောင်းကတိုက်ခိုက်သလို စာသင်ကျောင်းနဲ့ ဆေးပေးခန်းပါမကျန် ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုအပြင် မြေပြင်စစ်ကြောင်းတွေထိုးပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးသလို ဖမ်းဆီးရမိတဲ့ ပြည်သူတွေ၊ စစ်ဘေးမရှောင်နိုင်တဲ့ ကျန်းမာရေးမကောင်းသူတွေ၊ သက်ကြီးရွယ်အိုတွေကိုလည်း သတ်ဖြတ်နေတာဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံတွေဟာ စစ်ရာဇဝတ်မှုများစွာကို ကျူးလွန်ပြီးတော့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေလုပ်နေပါတယ်ဆိုတာမျိုး အမြဲဝါဒဖြန့်လေ့ရှိတာကိုလည်း တွေ့ရှိထားရပါတယ်။ လူမဆန်သောလုပ်ရပ်များနဲ့ လေကြောင်းတိုက်ခိုက်မှုများကိုတော့ စစ်ကောင်စီက အမြဲကျူးလွန်နေတာ ဖြစ်ပါတယ်။

ဒေသအတွင်းတော်လှန်ရေးအင်အားစုများအနေဖြင့် ဘုတလင်မြို့နယ်အတွင်း ပြည်သူများကို ရက်ရက်စက်စက်သတ်ဖြတ်ပြီး ကျေးရွာများကို မီးရှို့ စစ်ရာဇဝတ်မှုများကို ကျူးလွန်နေသူတွေကို ဟန့်တားနိုင်မှ ပြည်သူများ အသက်ချမ်းသာရာ ရမှာဖြစ်ပါတယ်။ အနည်းဆုံး စစ်ကြောင်းဝင်ရောက်လာမှုနဲ့ လမ်းကြောင်းအခြေအနေအရ ဒေသခံပြည်သူများကို အမြန်ဆုံး ကယ်ထုတ်နိုင်ဖို့ အရေးကြီးပါတယ်။

အခုဆိုရင် ဘုတလင်မြို့နယ်အတွင်း ရက်စက်ကြမ်းကြုတ်တဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် စစ်ဘေးရှောင်များလည်း များနေပြီဖြစ်ပါတယ်။ ပြည်သူများလည်း သေဆုံးနေရပြီဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအမြန်ဆုံး လုပ်ဆောင်နိုင်မှသာ ပြည်သူများစစ်ဘေးမှ ကင်းဝေးသလို မြန်မာပြည်ငြိမ်းချမ်းမှာ ဖြစ်ပါတယ်။ ။

#RedNewsAgency #RNA #AhNyar

By RNA Editor