PDF အဖွဲ့များ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဖိတ်ခေါ်သည်ဟု စစ်ကောင်စီလေသံပြောင်းလာ

RNA_စက်တင်ဘာ(၂၇)၊၂၀၂၄ ခုနှစ်။

အဓမ္မအာဏာသိမ်းပြီးနောက် ပြည်သူများကို ဖမ်းဆီးထောင်ချ သတ်ဖြတ်မှုများအပြင် စစ်ရာဇဝတ်မှုများစွာ ကျူးလွန်ထားသော စစ်ကောင်စီက PDF အဖွဲ့များ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဖိတ်ခေါ်သည်ဟု လေသံပြောင်းလာသည့် ကြေညာချက်ကို စစ်ကောင်စီသတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ရွေးကောက်ပွဲကို နိုင်ငံရေးထွက်ပေါက်အဖြစ် သဘောထားပြီး လုပ်ဆောင်ရန် အောက်တိုဘာ ၁ ရက်နေ့တွင် သန်းခေါင်စာရင်းကောက်ယူတော့မည်ဖြစ်ကြောင်း၊ စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို ပြည်သူများလက်မခံသည့်အပြင် သန်းခေါင်စာရင်းကောက်ယူမှုကိုလည်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လက်မခံကြောင်း ထုတ်ပြန်ပြောကြားထားသည်။


ထာဝရငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူများနှင့်အတူ လက်တွဲဖော်ဆောင်နိုင်ရန် အလို့ငှါ တိုင်းရင်းသားလက်နက်ကိုင်များ၊ PDF တပ်ဖွဲ့များ လက်နက်စွန့်လွှတ်ကာ နိုင်ငံရေးလမ်းကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်း၊ နိင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်နိုင်ရန် ကမ်းလှမ်းဖိတ်ခေါ်သည်ဟု စစ်ကောင်စီက စက်တင်ဘာ ၂၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ပြည်သူ့အစိုးရထံမှ အဓမ္မဖမ်းဆီး အာဏာသိမ်းခဲ့သည်ကိုပင် စစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံနှင့်အညီ လွဲပြောင်းထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း၊ စစ်ကောင်စီအနေဖြင့် ရွေးကောင်ပွဲကျင်းပပြီး နိုင်ငံတော်အာဏာလွှဲပြောင်းရေးကို မမှိတ်မသုဉ်လုပ်ဆောင်နေပြီး တော်လှန်ရေးအင်အားစုများကိုတော့ အကြမ်းဖက်လက်နက်ကိုင်လမ်းစဉ် နည်းလမ်းကိုရွေးချယ်ခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့ မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ် အာဏာသိမ်းသည့်နံနက်ပိုင်းတွင် မည်သည့်ပြစ်မှုမျှ ကျူးလွန်ထားခြင်းမရှိသော နိုင်ငံတော်အတိုင်ပင်ခံအပါအဝင် တိုင်းနှင့်ပြည်နယ်မှ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးဖြစ်သော ဦးမြအေးအပါအဝင် နိုင်ငံရေးသမားများကို ဖမ်းဆီးခဲ့ခြင်းများ ပြုလုပ်သည့်အပြင် ငြိမ်းချမ်းစွာဆန္ဒပြပြည်သူများကို လမ်းမပေါ်တွင် ပစ်ခတ်သတ်ဖြတ်မှုများစသည့် အကြမ်းဖက်မှုများကို ပြုလုပ်ခဲ့သည့်အတွက် ပြည်သူများသည် လက်နက်ကိုင်တော်လှန်ရေး ရွေးချယ်ခဲ့ကြပြီး ထောက်ခံအားပေးခဲ့ကြခြင်း ဖြစ်သည်။


အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲ ကျင်းပမည် သန်းခေါင်စာရင်းကောက်ယူမည်ဟု ပြောဆိုနေသော်လည်း ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကိုးကန့်အထူးဒေသ (၁)၊ ရှမ်းမြောက်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်တို့တွင် တော်လှန်ရေးအင်အားစုများ ထိမ်းချုပ်ထားသည့် နေရာများနေပြီး စစ်ကောင်စီအနေဖြင့် မြို့များတွင်သာ စိုးမိုးနိုင်သည့်အနေအထားဖြစ်ကြောင်း၊ တချို့သော တိုင်းနှင့်ပြည်နယ်များတွင် မြို့ကြီးများကိုပါ တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည်ကို တွေ့ရှိရသည်။

#RedNewsAgency #RNA

By Editor