လာရှိုးတမြို့လုံး လက်လွှတ်ရလည်း ထိုင်ကြည့်ရုံနဲ့ လိမ်ညာတာပဲ တတ်နိုင်တဲ့ စစ်အုပ်စု

“မင်းအောင်လှိုင်စစ်တပ်ကတော့ တိုက်ပွဲကြားမှာတောင် လားရှိုးစစ်ဆေးရုံက လူနာတွေကို ကြားခံအသုံးချနေသလို၊ ဝါဒဖြန့်စရာ အဖြစ်နောက်ဆုံးပုံဖော်လာတာတွေ့ရတယ်။ တိုက်ပွဲမှာ သေဆုံးတဲ့စစ်သား အလောင်းတွေဆိုရင် လူမသိသူမသိသေကုန်လို့ တချို့ဆိုရင် အရိုးတောင်ကျနေတာတွေ့ရတယ်။ ဆက်ပြော ရရင် လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း ဦးဆောင်သူတိုင်းမှူးတွေကိုယ်တိုင်က ခေါင်းဆောင်မပီသတာ သွားတွေ့ရတယ်”
မောင်ဝိ – Wiper
လားရှိုးမြို့ကို ကိုးကန့်တပ်မတော်-MNDAA က သိမ်းပိုက်ပြီးနောက် အရာရှိကြီးအချို့ ဖမ်းဆီးခံရကြောင်း စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာဩဂုတ် ၄ ရက်က ဝန်ခံပြောကြားထားပါတယ်။ အရာရှိကြီးတွေကို ဩဂုတ် ၃ ရက် ည ၆ နာရီခွဲအထိ အဆက်အသွယ်ရရှိထားပေမယ့် အဲနောက်ပိုင်းအဆက်အသွယ် မရတော့ဘဲ ၎င်းတို့တွေကို တော်လှန်ရေးအင်အားစုတွေက ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
 
ဒီနေရာမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောသွားတဲ့အထဲ (ရမခ) မှာ ရှိတဲ့ အရာရှိ၊ စစ်သည်တွေအနေနဲ့ နောက်ဆုံးအချိန်ထိ ရွတ်ရွတ်ချွံချွံ ခုခံသွားကြောင်းနဲ့ ချီးကျူးဂုဏ်ယူကြောင်း ပြောကြားထားပါတယ်။ လားရှိုးတိုင်း စစ်ဌာနချုပ်ကြီး မကျဖို့ နောက်ဆုံးအချိန်ထိ ခုခံတယ်ဆိုတဲ့ စကားကိုတော့ လက်ခံပါတယ်။ ဘာလို့လဲဆိုတော့ တိုင်းစစ်ဌာနချုပ်ထဲမှာ နောက်ဆုံးအချိန်ထိ အသေခံသွားတဲ့ ရုပ်အလောင်းတွေက သက်သေဖြစ်ပါတယ်။ ပြည်သူတယောက်အနေနဲ့တော့ မှားယွင်းတဲ့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မှုတွေကြောင့် မလိုလားအပ်ပဲ အသက်ပေးလိုက်ရတယ်လို့ပဲ မြင်မိပါတယ်။

နောက်ထပ်စစ်တပ်က ဝါဒဖြန့်နေတဲ့ အကြောင်းအရာတခုက လားရှိုးစစ်ဆေးရုံကုတင် (၁၀၀) မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲကိစ္စပါ။ စစ်တပ်လော်ဘီတွေဘက်ကနေ “တပ်မတော် ဆေးရုံဆေးခန်းနေရာတွေမှာ MNDAA နဲ့ပူးပေါင်းအဖွဲ့တွေက လာတိုက်တယ်” ဆိုတာမျိုးဝါဒဖြန့်နေတာတွေလည်း တွေ့ရတယ်။ ကျွန်တော်တို့သိရသလောက်ဆိုရင် MNDAA အပါအဝင် တော်လှန်ရေးအင်အားစုတွေဘက်က စစ်သုံ့ပန်း၊ ဖမ်းဆီးရမိသူတွေကို ဒဏ်ရာဆေးကုပေးတာ၊ လိုအပ်တဲ့ဆေးဝါးကုသမှုတွေလုပ်ပေးနေတာမျက်မြင်ပါပဲ။ ဒီလိုဆေးရုံဆေးခန်းတခုကို MNDAA နဲ့တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်မှာ မဟုတ်ဘူးလို့ တွေရုံရှိသေး ရုပ်သံဖိုင်တခုကိုတွေ့လိုက်ရတယ်။
 
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ အမှတ် ၉ ကုတင် ၁၀၀ တပ်မတော်ဆေးရုံကို MNDAA တပ်ဖွဲ့ ဝင်များက တိုက်ခိုက်မှုမရှိခဲ့ဘဲ ဒဏ်ရာရ စစ်သားများ၊ မိသားစုဝင်များ၊ ဆရာဝန်သူနာပြုများအားလုံးကို ဘေးကင်းရာသို့ ကောင်းမွန်စွာရွှေ့ပြောင်းပေးခဲ့ခြင်း၊ လူနာများကို ကုသပေးခြင်းများကို MNDAA က လုပ်ဆောင်ပေးခဲ့ကြောင်း တပ်မတော် အရိုးအထူးကု ပါရဂူဆရာဝန်က ဝန်ခံ ထွက်ဆိုထားတဲ့ ရုပ်သံဖိုင်ကို သြဂုတ်လ ၆ ရက်နေ့မှာ ထွက်ပေါ်လာခဲ့တာဖြစ်တယ်။
 
အရိုးအထူးကု ဆရာဝန်တွေကိုယ်တိုင်ပြောဆိုချက်တွေအရ ဆိုရင် လားရှိုးမြို့၊ အမှတ် (၉) တပ်မတော် ကုတင် ၁၀၀ ဆေးရုံမှာ စစ်ပွဲကာလ နောက်ဆုံးချိန်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး MNDAA တပ်ဖွဲ့ဝင်များ ဝင်‌ ရောက်လာချိန်တွင်မည်သည့် လက်နက်မှ ပစ်ခတ်ခြင်းမရှိခဲ့ဘဲ ဘေးလွတ်ရာနေရာကို ဆရာဝန်များ၊ ဒဏ်ရာရ စစ်သားများနဲ့ မိသားစုဝင်များကို ကောင်းမွန်စွာ ကယ်ထုတ်ခဲ့ကြောင်း ပြောဆိုထားခဲ့တယ်။
 
ဒီမတိုင်ခင် စစ်တပ်ကဘာလုပ်သလဲဆိုတော့ စစ်ဆေးရုံက လူနာတွေကို MNDAA ကလာပစ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဆန္ဒပြပွဲတွေ စီစဥ်ဖို့လုပ်ဆောင်နေတာရှိတယ်လို့လည်း ကြားသိရတယ်။ ဒီဖြစ်စဥ်အပေါ် မြင်သလောက်ပြောပါဆိုရင် အောက်ခြေမှာအသေခံတိုက်နေရတဲ့ စစ်သားတွေဘက်က ကြည့်ရင် ကိုယ်တိုင်က အသက်ပေးပြီးလည်းတိုက်ပွဲဝင်ရသေးတယ်။ ဒဏ်ရရလို့ တိုက်ပွဲကြားက ဆေးရုံမှရှိနေတဲ့အချိန်မှာတောင် စစ်ဗိုလ်ချုပ်တွေရဲ့ဝါဒဖြန့်စရာ ဖြစ်စဥ်တခုအဖြစ် ပုံဖော်လာတာတွေ့ရတယ်။ အခုလည်း MNDAA နဲ့ မဟာမိတ်တပ်တွေလက်ထဲရောက်လို့သာ အသက်ရှိခွင့်ရကြတာဖြစ်တယ်။ စစ်ဗိုလ်ချုပ်တွေဘက်က ကြည့်ရင်လည်း တိုက်ပွဲကြားက စစ်သားတွေဆိုတာ တန်ဖိုးထားစရာမလိုဘူးလို့တွက်ထားပုံရတယ်။ တကယ်သာ တန်ဖိုးထားရင် ရန်သူ့လက်ထဲက လက်အောက်ငယ်သားတွေရဲ့အသက်တွေကို ကယ်ဆယ်ရေးတွေလုပ်မယ်။ ညှိနှိုင်းကမ်းလှမ်းပြီး၊ စစ်သုံ့ပန်းချင်းလဲတာတွေလုပ်ဖို့ကြိုးစားမယ်။
 
ဆရာမကြီး ဒေါ်မီမီဝင်းဘက်ပြောပြခဲ့တဲ့ အမေရိကန် တပ်မတော်ကလုပ်ဆောင်ချက်လေး သဘောကျမိတယ်။ အမေရိကန်ဟာ ဒုတိယကမ္ဘာစစ်မှာလည်း မဟာမိတ်တပ်ဖွဲ့ဝင်တွေအဖြစ် ရှေ့တန်းမှာ ပါဝင်တိုက်ခိုက်ခဲ့ရတာတွေရှိတယ်။ နောက်ပြီးတော့ ဗီယက်နမ်စစ်ပွဲလို နေရာတွေရောပါပဲ။ အဲ့ဒီလိုကျရှုံးသွားတဲ့ သူ့တပ်ဖွဲ့ကို အခုလို စစ်အေးကာလမှာ သူတို့အမေရိကန်စစ်သားအရိုးစုတွေကို အခုထိ ရှာဖွေနေတုန်းပဲလို့ ဆိုတယ်။ ဘယ်လောက်ထိ အောက်ခြေက စစ်သားတွေအပေါ်တန်ဖိုးထားသလဲဆိုတာကို မြင်တွေ့ရတယ်။ ရှင်သန်နေတုန်းလည်း စစ်သားတယောက်နဲ့တူတန်တဲ့အဆင့်အတန်းမျိုးထားတယ်၊ ဆုံးပါးသွားတဲ့အချိန်မှာလည်း တန်ရာတန်ကြေးမိသားစုတွေကို ပေးထားတာတွေ့ရတယ်။
 
လက်ရှိမင်းအောင်လှိုင်စစ်တပ်ကတော့ တိုက်ပွဲကြားမှာတောင် လားရှိုးစစ်ဆေးရုံက လူနာတွေကို ကြားခံအသုံးချနေသလို၊ ဝါဒဖြန့်စရာ အဖြစ်နောက်ဆုံးပုံဖော်လာတာတွေ့ရတယ်။ တိုက်ပွဲမှာ သေဆုံးတဲ့စစ်သား အလောင်းတွေဆိုရင် လူမသိသူမသိသေကုန်လို့ တချို့ဆိုရင် အရိုးတောင်ကျနေတာတွေ့ရတယ်။ ဆက်ပြော ရရင် လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း ဦးဆောင်သူတိုင်းမှူးတွေကိုယ်တိုင်က ခေါင်းဆောင်မပီသတာ သွားတွေ့ရတယ်။ တိုက်ပွဲအတွင်း ကိုယ်လွတ်ရုန်း ထွက်ပြေးတဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်၊ ကျောက်မဲမှာ အခြေစိုက်ထားတဲ့ စစ်ဆင်ရေးကွက်ကဲမှု ဌာနချုပ်(၁) ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ ရမခတိုင်း စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးတို့အပါအဝင် အရာရှိအများအပြားကိုလည်း ကိုးကန့်တပ်က ဩဂုတ် ၃ ရက်မှာ ဖမ်းဆီးရမိထားတယ်လို့ သိရှိထားပြီး ဖမ်းဆီးခံရတဲ့ တိုင်းမှူးဓာတ်ပုံတွေလည်း လူမှုကွန်ရက်မှာ ပြန့်နှံ့နေပါတယ်။
 
ဒါ့အပြင် ရမခအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ၎င်းတို့ရဲ့ မိသားစုဝင် ၄၈၀၀ နီးပါး ကိုးကန့်တပ်ထံ လက်နက်ချအညံ့ခံခဲ့ပါတယ်။ ဆိုတော့ စစ်တပ်က ဘာလို့ အခုလောက်ထိကျရှုံးရတာလဲ။ အဖြေကရှင်းပါတယ်။ အဆင့်ဆင့်လိမ်လည်မှုတွေကြောင့်ပါ။ အောက်ခြေတပ်ကလည်း မြေပြင်အခြေအနေတည်ငြိမ်နေကြောင်း အထက်ကိုလိမ်တယ်။ အထက်က စစ်ဗိုလ်ချုပ်တွေကိုယ်တိုင်ကလည်း သူတို့မှာ ဘယ်လိုလက်နက်ဆန်းတွေပိုင်ဆိုင်ကြောင်းလိမ်မယ်။ ဥပမာ- ဇော်မင်းထွန်းလိုပေါ့။ “ခလုတ်တချက်နှိပ်တာနဲ့ EROs နယ်မြေထဲက ဌာနချုပ်တွေကို ပြုဖြစ်အောင်လုပ်လို့ရတယ်” ဆိုတဲ့ လိမ်လည်မှူတွေကြောင့်ဖြစ်တယ်။ အဆင့်ဆင့်လိမ်လည်ကြရင်းကနေ တိုက်ပွဲဖြစ်စဥ် အမှားတွေကို အမှန်မြင်လာပြီး အခုချိန်ထိ လားရှိုး (ရမခ) ကြီး မကျသေးဘူးလို့ အမြင်ရောက်နေသူတွေလည်း ရှိပါသေးတယ်။
 
ရလဒ် ရမခ တိုင်းစစ်ဌာနချုပ်ဟာ စစ်တိုင်းဒေသကြီး ၁၄ ခုရှိတဲ့အနက်အစဉ်အလာကြီးမားတဲ့ စစ်တိုင်းကြီးဖြစ်တယ်။ စစ်ဘုရင်နဲ့ ဘိန်းဘုရင်များ၏ ဖိနှိပ်မှုအောက်မှ လွတ်မြောက်ရေးစွမ်းဆောင်ပေးခဲ့သော စစ်တိုင်းကြီးဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက စာရွက်ကြည့်ပြီး ပြောသွားခဲ့ပေမယ့် ရမခရဲ့ ၅၂ နှစ်ပြည့် မွေးနေ့မှသည် နောက်ထပ် ရှမ်းမြောက်မှာ စစ်ကောင်စီတပ်တွေ ခြေချဖို့ မဖြစ်နိုင်တော့ဘူးလို့ပဲ ပြောချင်ပါတယ်။ ပြောရရင် လက်ရှိ စစ်ခေါင်းဆောင်အပါအဝင် စစ်ဗိုလ်ချုပ်တွေကို ကိုယ့်အရည်အချင်းကိုသိဖို့၊ ကိုယ့်အဆင့်ကိုယ်သိဖို့ ပြလိုက်တဲ့ စစ်ပွဲတခုလိုပဲ ပြောချင်ပါတယ်။ ။
#RedNewsAgency
By Editor