ချတဲ့သူက ချနေချိန်မှာ ရလာတဲ့လက်နက်တွေက ဘာလုပ်ဖို့လဲ..

“အဖက်ဖက်က စိတ်ဓါတ်အရ အသာစီးရယူထားနိုင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ယှဉ်ပြိုင်တိုက်ပြီး အနိုင်ယူနိုင်ဖို့မဖြစ်နိုင်တော့ဘူးဆိုတာ တသွေးတသံတမိန့် နဲ့ “တုံးဆိုတိုက်၊ ကျားဆိုကိုက်” တဲ့ စစ်သားဟောင်းတွေသိနေပြီး လက်နက်ချနေရချိန်မှာ ရက်ပိုင်းလေး သင်တန်းတက်ပြီး လူသစ်လေးတွေ ဖြစ်တဲ့ စစ်မှုထမ်းတပ်သားသစ်တွေက မိုက်မိုက်မဲမဲ တိုက်ပွဲဝင်ရတော့မယ်”

ရန်နိုင် – Wiper

အာဏာသိမ်းပြီးတဲ့နောက်မှာ အဖက်ဖက်ကရှုံးနေတဲ့ စစ်ကောင်စီအတွက် လက်နက်ခဲယမ်း ဆုံးရှုံးခြင်းထက် စစ်သည်အင်အားတွေ ဆုံးရှုံးနေရတာကိုတော့ ဖာထေးဖို့မလွယ်ကူပေ။ နှစ်ပေါင်းများစွာ ဦးနှောက် ဆေးထားတဲ့ စစ်သည်အရာရှိတွေ အသစ်ထပ်ရဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တဲ့ အခြေနေတခုဖြစ်နေတယ်။ သို့ပေမယ့် အရည်အချင်းထက် အရည်အတွက်နဲ့ အသာရနိုင်ဖို့ ပြည်သူတွေကို ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်း နေတယ်။ စစ်မှုထမ်းခေါ်စဉ်ကတော့ ကိုယ့်မြို့ရွာတွေမှာပဲ လုံခြုံရေးယူရမယ် ဆိုတဲ့ တရားဝင်မဟုတ်တဲ့ ကတိတွေပေးပြီး ခေါ်ခဲ့ပေမယ့် စစ်သင်တန်းအပတ်စဉ် (၁)သင်တန်း ပြီးကတည်းက မိသားစုနဲ့ အဆက် အသွယ် မရတော့ပဲ ရှေ့တန်းစစ်မြေပြင်တွေကို ပို့လိုက်ကြောင်း သတင်းတွေမှာ ဖော်ပြနေကြတယ်။

၁၀၂၇ ဒုတိယလှိုင်းလို့ သတ်မှတ်ထားတဲ့ တောင်ပေါ်ဒေသကနေ မြေပြန့်ထိ အရှိန်အဟုန်နဲ့ ထိုးစစ်တွေ ဆင်းလာတဲ့အခါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချ၊ အညံ့ခံမှုတွေက မြင်မကောင်းလောက်အောင်ပါပဲ။ ခုလို ပြတ်ပြတ်သားသား လက်နက်ချဖို့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေကို လာတိုက်ဖို့ မျှော်လင့်နေသလားလို့ တွေးထင်မိတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက် စစ်ပွဲထဲကိုရောက်နေတာက ရန်သူဖြစ်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကိုလည်း ကြောက်ရသလို စစ်ခေါင်းဆောင်တွေရဲ့ မသေမချင်း တိုက်ပွဲဝင်ခိုင်းနေတဲ့ ဖိအားတွေကိုလည်း ကြောက်နေကြရတယ်။ ဒါ့ကြောင့်လည်း လက်နက်ချရင် အသက်ရှင်မယ်၊ စိတ်အေး လက်အေး နေရမယ်ဆိုတဲ့ ယုံကြည်ချက်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အားလုံးမှာရှိနေကြတယ်။

မန္တလေးတိုင်းရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ MDY-PDF ရဲ့ တိုက်ပွဲအတွင်းမှာ လက်နက်ချဖို့ အကြိမ်ကြိမ် အော်ပြောနေပုံတွေ၊ လက်နက်ချတဲ့ သုံ့ပန်းတွေကို လေးလေးစားစား ဆက်ဆုံပုံတွေ၊ သုံ့ပန်း မိသားစုဝင်တွေကို အလေးထားပြောဆိုနေတာတွေက စစ်ကောင်စီတပ်သားတွေအတွက် လက်နက်ချဖို့ တွန်းအားဖြစ်စေတယ်။ ဒဏ်ရာရနေတဲ့ သုံ့ပန်းကို “ဆရာ၊ ဆရာ” လို့ခေါ်ပြီး ဆေးကုပေးဖို့အတွက် ဂရုတစိုက် ပြုစုနေပုံတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မုန်းတီးလို့၊ စစ်သွေးကြွနေလို့ တိုက်ခိုက်နေတာ မဟုတ်ကြောင်း ထင်ရှားစေခဲ့တယ်။

တော်လှန်ရေးအတွက်တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေရဲ့ လူသားဆန်မှုတွေ၊ ကိုယ်ကျိုးအတွက်မဟုတ်ပဲ ပြည်သူတွေအားလုံးအပေါ် အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်အာဏာရှင်တွေ ပြုတ်ကျဖို့ဆိုတဲ့ ပြတ်သားတဲ့ ရည်မှန်းချက်တွေကြောင့် ခိုင်မာရဲရင့်တဲ့ စိတ်တွေအပြည့်နဲ့ တိုက်ပွဲဝင်နေခြင်းဖြစ်တယ်။ ပြည်သူတွေရဲ့ အားပေးမှုကို အပြည့်အဝရထားသလို ခိုင်မာတဲ့ စိတ်ဓါတ်တွေကြောင့် ဘယ်လိုခက်ခဲတဲ့ တိုက်ပွဲတွေပဲ ဖြစ်ပါစေ အနိုင်ရအောင်တိုက်နိုင်သူတွေဖြစ်ကြတယ်။ စစ်ကောင်စီ ဝါဒဖြန့်တွေက စစ်သွေးကြွတွေလို့ ဘယ်လိုပဲ ဝါဒဖြန့်နေပေမယ့်လည်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လူသားဆန်မှုတွေက ထင်ထင်ရှားတွေ့မြင် နေရဆဲပဲဖြစ်တယ်။

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ပွဲတွေကိုအောင်နိုင်စေတဲ့ “အောင်စိတ်” ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မယှဉ်နိုင်သလို တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လူသားဆန်မှုတွေကိုလည်း မယှဉ်နိုင်ပေ။ တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ “အောင်စိတ်” ကြောင့် အကြမ်းဖက်တပ်က အရှုံးပေးရစမြဲဖြစ်သလို လူသားဆန်မှုကြောင့် လက်နက်တွေ ချနေကြရတယ်။ ဒီလိုအဖက်ဖက်က စိတ်ဓါတ်အရ အသာစီးရယူထားနိုင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ယှဉ်ပြိုင်တိုက်ပြီး အနိုင်ယူနိုင်ဖို့မဖြစ်နိုင်တော့ဘူးဆိုတာ တသွေးတသံတမိန့် နဲ့ “တုံးဆိုတိုက်၊ ကျားဆိုကိုက်” တဲ့ စစ်သားဟောင်းတွေသိနေပြီး လက်နက်ချနေရချိန်မှာ ရက်ပိုင်းလေး သင်တန်းတက်ပြီး လူသစ်လေးတွေ ဖြစ်တဲ့ စစ်မှုထမ်းတပ်သားသစ်တွေက မိုက်မိုက်မဲမဲ တိုက်ပွဲဝင်ရတော့မယ်။ တပ်သားဟောင်းတွေ လက်နက်ချတာများလွန်းလို့ အနီးကပ်ကြပ်မတ်ဖို့ အစီစဉ်ချနေရချိန်မှာ စစ်မှုထမ်းချင်စိတ်မရှိပဲ စစ်ထဲရောက်လာတဲ့ တပ်သားသစ်တွေကို စစ်တိုက်ခိုင်းတာကလည်း သိသိသာသာလူသားတံတိုင်း ဖန်တီးနေခြင်းဖြစ်တယ်။ အစုလိုက်အပြုံလိုက် သေအောင်လုပ်နေတာနဲ့ အတူတူဖြစ်တယ်။

အာဏာသိမ်းပြီးတဲ့နောက်မှာ စီးပွားရေး ကြပ်တည်းလွန်းပြီး စားဝတ်နေရေးရုန်းကန်နေရတဲ့ ပြည်သူတွေကို နည်းအမျိုးမျိုးနဲ့ အဓမ္မ စစ်မှုထမ်းစေခဲ့တယ်။ စစ်မှုထမ်း ပထမအသုတ်မှာလည်း သင်္ကြန်ပြီးမှခေါ်မယ်လို့ ကတိပေးထားပြီး မတ်လ မကုန်ခင်မှာ အတင်းအကြပ် ခေါ်ဆောင်ပြီး တပ်သား သစ်သင်တန်း တက်စေခဲ့တယ်။ စတင်ဝင်ရောက်စဉ်မှာလည်း ကိုယ့်ဒေသကို ကိုယ်ကာကွယ်ရုံပဲလို့ ပြောဆိုစည်းရုံးခဲ့တယ်။ လစာ ၄ သိန်းအထက် ရမယ်၊ နေစရာ တိုက်လိုင်းခန်းပေးမယ်၊ အစိုးရစရိတ်နဲ့ ရေ၊ မီး အခမဲ့ရမယ်၊ (၂)နှစ် စစ်မှုထမ်းပြီးရင် တပ်ကနေထွက်ခွင့်ရမယ်ဆိုတဲ့ တရားဝင်မဟုတ်တဲ့ သတင်းချန်နယ်တွေကနေ ပုံစံအမျိုးမျိုးနဲ့ စစ်မှုထမ်းဖို့စည်းရုံးနေခဲ့တယ်။ သင်တန်းတက်စဉ်မှာလည်း သင်တန်းသားသစ်တွေကို အခွင့်ရေးတွေပေးနေတဲ့ ဓါတ်ပုံတွေဖန်တီးပြီး စစ်မှုထမ်း အပတ်စဉ်(၂)/(၃)တွေကို ခေါ်ဖို့စည်းရုံးနေခဲ့တယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ တပ်သားသစ်အတင်းအကျပ်ခေါ်ခဲ့ပေမယ့် အပတ်စဉ်(၁)မှာ သတ်မှတ်ထားတဲ့ ရက်၊ ကတိပေးထားတဲ့ ရက်ထက်စောပြီး ခေါ်သွားခဲ့တာကြောင့် ရှောင်တိမ်းချိန်မရပဲ တပ်သားသစ် ၅၀၀၀ နီးပါး ရရှိသွားခဲ့တယ်။ ဒုတိယအသုတ်မှာတော့ အိမ်တွေပေါ်ထိ တက်ဖမ်းရသလို လမ်းသွားလမ်းလာ ဆိုင်ကယ်တွေကို အတင်းဖမ်းခေါ်ရလောက်အောင် ရုပ်ပျက်ဆင်းပျက် ဖမ်းဆီး စုဆောင်းခဲ့ရတယ်။ တတိယသုတ်အတွက်လည်း နေပြည်တော်မှ ညွှန်ကြားချက်တွေထုတ်ပြီး စစ်မှုထမ်း တပ်သားသစ် အင်အားပြည့်အောင် ဖန်တီးနေတာတွေ့ရတယ်။ ယခင်က အပတ်စဉ် (၅)မှ အမျိုးသမီးများကို ခေါ်ယူမယ်လို့ ကြေငြာထားခဲ့ပေမယ့် ခုကတည်းက အမျိုးသမီးတွေကို စာရင်းကောက်နေပြီ ဖြစ်တယ်။

ပေးထားတဲ့ကတိကို ဘယ်တုန်းကမှ မတည်တဲ့ စစ်အာဏာရှင်တွေက စစ်မှုထမ်းအတွက် တပ်သားသစ် စတင်စုဆောင်းကတည်းက စတင်ခေါ်ယူချိန်လည်း ကတိမတည်ခဲ့ပေ။ တပ်သားသစ် တွေကို မိမိဒေသမှာပဲ တာဝန်ထမ်းရမယ်လို့ ပေါပေါပဲပဲပေးထားတဲ့ ကတိကိုလည်း မတည်ခဲ့ပဲ အပတ်စဉ်(၁) သင်တန်း ဆင်းကတည်းက တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်နီပြည်နယ်က တိုက်ပွဲတွေရှိရာကို ပို့ခဲ့တယ်။ ကရင်ပြည်နယ်မှာလည်း နိုင်ငံတော်စစ်ကြောင်းဆိုတဲ့ အောင်ဇေယျ စစ်ကြောင်းကိုအားဖြည့်ဖို့ အတွက် မြေပြင်စစ်ကြောင်းမထိုးနိုင်တော့တာပဲ ဝဲကလိဘက်ကနေ လေကြောင်းနဲ့ တပ်သားသစ်တွေကို ပို့ဆောင်ခဲ့တယ်။ စစ်မှုထမ်းဖို့ ဖမ်းဆီးခံခဲ့ရတဲ့ လူငယ်တွေအတွက် မိဘတွေက စိတ်ပူနေရုံသာရှိပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ရမယ့်တိုက်ပွဲအတွင်း လက်နက်ချ၊ အလံဖြူထောင်နိုင်မှ အသက်ရှင်ဖို့ အခွင့်ရေးရှိနိုင်တော့မယ်။

ခုချိန်မှာ စစ်ကောင်စီအတွက် တနိုင်ငံလုံးစစ်မျက်နှာတွေက အရှုံးချည်းဖြစ်နေကာ၊ တော်လှန်ရေးတပ်ဖွဲ့ ဝင်တွေရဲ့ “အောင်စိတ်” ကတော့ အမြင့်ဆုံးအချိန်ထိ ရောက်နေပြီ။ စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်ဟောင်းတွေ ကိုယ်တိုင် တော်လှန်ရေးတပ်ဖွဲ့တွေကို မတိုက်ချင်တော့ပဲ လက်နက်ချဖို့ပဲ ကြိုးစားနေချိန်မှာ တပ်သား သစ်တွေဆိုတာက အရည်အချင်းမလိုပဲ လက်ညှိုးထောင် ခေါင်းညိတ်ဖို့အတွက် အရည်အတွက် အရအားဖြည့်ထားသူတွေပဲဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ စစ်တပ်မှာအသားကျနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ဟောင်းတွေကိုယ်တိုင် စစ်အာဏာရှင်ကို သစ္စာမခံပဲ ပြည်သူ့ဘက်ကိုမျက်နှာမူ၊ အလံဖြူထောင် လက်နက်ချနေချိန်မှာ၊ စစ်တပ်ကိုမကြိုက်တဲ့ အတင်းအကျပ် စစ်ထဲဝင်လာရတဲ့ တပ်သားသစ်တွေက ဘယ်လိုတုန့်ပြန်မလဲဆိုတာ သိပ်မကြာခင် တွေ့မြင်ရမှာဖြစ်ပါတယ်။ ။

#RedNewsAgency

By Editor