လွိုင်ကော်မြို့တွင်း တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ဒေသခံများ ပြန်နေ၍ မရသေးကြောင်း KNDF တာဝန်ရှိသူပြော

RNA_ဇွန်(၂)၊၂၀၂၄ ခုနှစ်။

ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်း စစ်ကောင်စီလက်အောက်ခံများနှင့် KNDF ပူးပေါင်းတပ်များအကြား နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲဖြစ်ပွားနေသည့်အတွက် လွိုင်ကော်ဒေသခံပြည်သူများအနေဖြင့် ပြည်မရသေးဟု KNDF ဗဟိုသတင်းပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောကြားထားသည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံများက လွိုင်ကော်မြို့တွင်းပြန်ဝင်၍ရပြီဟု ဝါဒဖြန့်နေကြောင်း၊ စစ်ကောင်စီလော်ဘီများ၏ စကားများကို ဒေသခံပြည်သူများ မယုံကြည်သင့်ကြောင်း၊ ပြည်သူများအနေဖြင့် စစ်ရေးအသိ စစ်ရေးသတိရှိကြရန် လိုအပ်ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် လွိုင်ကော်မြို့တွင်းပြန်နေရန် မသင့်သေးကြောင်း သိရသည်။

“ကျွန်တော်တို့ တောက်လျှောက်တိုက်ပွဲတွေဖြစ်နေတယ်။ တိုက်ပွဲတွေ ဆက်ရှိနေတယ် အဲဒီအနေအထားမှာ ဒေသခံတွေအနေနဲ့ မြို့ထဲပြန်နေဖို့ အဆင်မပြေပါဘူး။ တိုက်ပွဲတွေကြားမှာ ထိခိုက်တာတွေ အန္တရာယ်များတာတွေ ဖြစ်နိုင်တဲ့အခါမှာ လူထုအနေနဲ့ စစ်ရေးသတိရှိဖို့လိုတယ်။ စစ်ရေးအသိရှိဖို့လိုတယ်။ ကျွန်တော်တို့တပ်တွေဖက်ကဖြစ်ဖြစ် အုပ်ချုပ်ရေးပိုင်းက ဖြစ်ဖြစ် ပြန်လို့ရပြီလို့ မပြောမချင်း လူထုတွေအနေနဲ့ မပြန်ကြဖို့ ကျွန်တော်တို့ တိုက်တွန်းချင်တယ်။ ဒေသခံတွေအနေနဲ့ လွိုင်ကော်မြို့ထဲ ပြန်ဖို့ မသင့်သေးပါဘူး” ဟု KNDF ဗဟိုသတင်းပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လွိုင်ကော်မြို့ခံများအနေဖြင့် မြို့တွင်းပြန်ရပြီဆိုပါက KNDF အပါအဝင် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များက တရားဝင်ကြေညာမည်ဖြစ်ကြောင်း၊ ယခုအချိန် မြို့တွင်းတိုက်ပွဲဖြစ်ပွားနေသည့်အတွက် အသက်အန္တရာယ်ရှိနိုင်ကြောင်း၊ လွိုင်ကော်မြို့တွင်း အားလုံးပြန်ဝင်ရသည်ဟု စစ်ကောင်စီလက်အောက်ခံများက မြေပြင်​​နှင့် အွန်လိုင်းတွင် ဝါဒဖြန့်ချိနေခြင်းဖြစ်သည်ဟု ၎င်းကဆက်လက်ပြောကြားထားသည်။

လွိုင်ကော်မြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်း ၁၂ ခုကို KNDF နှင့်ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထားနိုင်သော်လည်း မြို့တွင်းစစ်ကောင်စီအခြေစိုက် စခန်းများရှိနေသေးကြောင်း၊ ကရင်နီပြည်နယ်အတွင်း တော်လှန်ရေးအင်အားစုများက ၉၀ ရာခိုင်နှုန်းနီးပါးကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပြီး စစ်ကောင်စီကင်းစင်ပြည်နယ် ဖြစ်ရေးအတွက် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း၊ မိဘပြည်သူများအနေဖြင့် ကူညီမည်ဆိုပါက ယခု မေလ ၃၀ ရက်မှ ဇွန်လ ၃၀ ရက်နေ့အထိ ပြုလုပ်နေသည့် “One More Strike” Project ရှိသည့်အတွက် ကူညီနိုင်ကြသည်ဟု သိရသည်။

Red News Agency

By RNA Editor