လက်ရှိမြန်မာနိုင်ငံတွင် လူတစ်ဦးချင်းစီ၏ မွေးရာပါ လူ့အခွင့်အရေးနှင့် အသက်ရှင် သန်ခြင်းဆိုင်ရာ လူ့အခွင့်အရေးများ ဆိုးရွားစွာ ပျက်သုဉ်းလျှက်ရှိပါသည်။ စစ်ကောင်စီ၏ လူထုအပေါ် ဖမ်းဆီးညှင်းပမ်းနှိပ်စက်သတ်ဖြတ်မှုနှင့် အခြားသော ရာဇဝတ်မှုကျူးလွန် နေခြင်းများကို လျင်မြန်စွာ အမြစ်ပြတ်ချေမှုန်းပစ်မှသာလျှင် အေးချမ်းသွားမည် ဖြစ်ပါသည်
လင်းယုန်
၁၉၄၈ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်း၏ အပိုဒ် (၃) တွင်လူတိုင်း၌ အသက်ရှင်ရန်လွတ်လပ်မှုခွင့်နှင့် လုံခြုံစိတ်ချခွင့်ရှိသည်။ အပိုဒ်(၅) တွင် သူကိုမျှ ညှဉ်းပန်းနှိပ်စက်ခြင်း (သို့တည်းမဟုတ်) ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ ဂုဏ်ငယ်စေသောဆက်ဆံမှုမပြုရ (သို့မဟုတ်)အပြစ်ဒဏ်ပေးခြင်းမပြုရ။ အပိုဒ်(၂၁)တွင် လူတိုင်းတွင်မိမိနိုင်ငံ၏အုပ်ချုပ်ရေး၌ ကိုယ်တိုင်လွတ်လပ်စွာရွေးချယ်ဆောင်ရွက်နိုင်ခွင့် ရှိသည်။ “ပြည်သူပြည်သားတို့၏ ဆန္ဒသည် အုပ်ချုပ်အာဏာ၏ အခြေခံဖြစ်ရမည်” ဟု ဖော်ပြထားပါသည်။
လူ့အခွင့်အရေးဆိုသည်မှာ လူသားတိုင်းပိုင်ဆိုင်သည့်ရပိုင်ခွင့်ဖြစ်သည်။ လူ့အခွင့် အရေးများကို အရေးမထား၊ မထီလေးစားပြုခြင်းသည် လူခပ်သိမ်း၏ အကျင့်သိက္ခာကို ချိုးဖောက်ဖျက်ဆီးတတ်သည့် ရက်စက်ကြမ်းကြုတ်သော အပြုအမူများကို ဖြစ်ပေါ်စေခဲ့ခြင်း၊ လွတ်လပ်စွာ ဖွင့်ဟပြောဆိုနိုင်မှုမရှိခြင်း၊ လွတ်လပ်စွာ သက်ဝင်ယုံကြည်နိုင်မှု မရှိခြင်း၊ ကြောက်ရွံ့ခြင်း၊ ချို့ငဲ့ခြင်းတို့ ဖြစ်စေသည်။
မြန်မာနိုင်ငံ၌ အာဏာသိမ်း စစ်ကောင်စီသည် ပြည်သူလူထုအား လက်နက်ကြီးများ နှင့်ပစ်ခတ်ခြင်း၊ ဖမ်းဆီး သတ်ဖြတ်ခြင်း၊ နှိပ်စက်ခြင်း၊ သေနတ်ဖြင့်ခြိမ်းခြောက် ပစ်သတ်ရုံသာမက ပြည်သူများ၏ အိုးအိမ်များစွာနှင့် ဘာသာရေးအဆောက်အဦများ၊ ရန်သူသဖွယ်ပစ်မှတ်ထားတိုက်ခိုက် ဖျက်ဆီးခြင်းများ၊ အမျိုးသမီးများအား လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုများအပါအဝင်ညှင်း ပမ်းနှိက်စက်မှုများကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်ကာ စစ်ရာဇဝတ်မှုများကို ကျူးလွန်လုပ်ဆောင်လျှက်ရှိပါသည်။
စစ်ရာဇဝတ်မှုအတွက်ရေးဆွဲထားသော ဥပဒေ အပိုဒ် (၈) အရ စစ်ရာဇဝတ်မှုနှင့် ပတ်သက်၍ အဓိကကျသော အချက်(၄)ချက်အနက် တစ်ချက်ချက်ကို ကျူးလွန်ပါက စစ်ရာဇဝတ်မှုမြောက်ကြောင်းဆိုထားသည်။ ၁၉၄၉ ခုနှစ်၊ ဩဂုတ်လ (၁၂)ရက်၊ ဂျီနီဗာသ ဘောတူညီချက်များ၏ ပြဌာန်းချက်များကိုလူများ (သို့မဟုတ်) အရာဝတ္ထုများအပေါ်ပြင်း ထန်စွာချိုးဖောက်မှုများသည် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
လက်ရှိမြန်မာနိုင်ငံတွင် လူတစ်ဦးချင်းစီ၏ မွေးရာပါ လူ့အခွင့်အရေးနှင့် အသက်ရှင် သန်ခြင်းဆိုင်ရာ လူ့အခွင့်အရေးများ ဆိုးရွားစွာ ပျက်သုဉ်းလျှက်ရှိပါသည်။ စစ်ကောင်စီ၏ လူထုအပေါ် ဖမ်းဆီးညှင်းပမ်းနှိပ်စက်သတ်ဖြတ်မှုနှင့် အခြားသော ရာဇဝတ်မှုကျူးလွန် နေခြင်းများကို လျင်မြန်စွာ အမြစ်ပြတ်ချေမှုန်းပစ်မှသာလျှင် အေးချမ်းသွားမည် ဖြစ်ပါသည်။
စစ်ရေးအရ သက်ဆိုင်မှုမရှိသည့် ပြည်သူပိုင်ဆိုင်မှုပစ္စည်းများကို ခိုးဆိုးလုယက်ခြင်း၊ ဖျက်ဆီးခြင်း၊ အရပ်သားများကိုတိုက်ခိုက်ခြင်း၊ မြို့များ၊ ရွာများ၊ နေအိမ်များကို မီး ရှို့နေခြင်းများသည် စစ်ရာဇဝတ်မှု ကျူးလွန်နေခြင်းဖြစ်သည်။ လူ့အခွင့်အရေးကြေငြာ စာတမ်းပါအချက်မှ ‘‘လူတိုင်းလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရှိသည်’’ ဟု ဖော်ပြထားသည်။ စစ်အာဏာရှင် အောက်တွင်နေလိုခြင်းမရှိတော့သည့်ပြည်သူများ လမ်းပေါ်ထွက် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သူများကို စစ်ကောင်စီက လက်နက်ဖြင့် ပစ်ခတ်သတ်ဖြတ်သည်။ မတရားဖမ်းဆီးချုပ်နှောင်မှု ပြုလုပ်သည်။
၂၀၂၃ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်း ၄ နာရီခန့်အချိန်တွင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သမရိုးကျေးရွာမှ ဈေးရောင်းဝယ်နေသည့် ပြည်သူ ၇ ဦးကို စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့က ရက်ရက်စက်စက် သေနတ်နှင့် အစုလိုက် အပြုံလိုက်သတ်ဖြတ်ခြင်းသည် စစ်ဘက်ဆိုင်ရာဥပဒေကိုချိုးဖောက် ကျူးလွန်ခြင်း ဖြစ်သည်။ လူ့အခွင့်အရေး ကြေညာစာတမ်းအရ “ လူတိုင်းအသက်ရှင်ခွင့်၊ လုံခြုံခွင့် မရှိဘူးလား” ယခုလိုမျိုး လက်လွတ်စပယ်ပြောင်ပြောင်တင်း တင်း သတ်ဖြတ်နေသည့် စစ်ကောင်စီနှင့် လက်ပါးစေများကို လူ့အခွင့်အရေးဆိုတာ ဘာလဲ နားလည်သလား သိသလား ဖတ်ဖူးသလားဟုသာ မေးလိုက်ချင်ပါသည်။
စစ်တပ်အာဏာသိမ်းပြီးစ ငြိမ်းချမ်းစွာ ဆန္ဒပြချိန်က ရန်ကုန်မြို့အနှံ့တွင် စစ်ကောင်စီ လက်အောက်ခံ စစ်တပ်နှင့်ရဲများက ပြည်သူလူထုများအား အကြမ်းဖက်ပစ်ခတ်သတ် ဖြတ်မှုများ ရှိနေသဖြင့် ၎င်းတို့၏ အန္တရာယ်မှကာကွယ်ရန်လမ်းများ၊ လမ်းသွယ် များတလျှောက် သဲအိတ်များ၊ တာယာကွင်းများ၊ ဝါးကပ်များစသဖြင့် နည်းလမ်းအမျိုးမျိုး ဖြင့်ပိတ်ဆို့တားဆီးမှုများ ပြုလုပ်ထားကြသည်။ အဆိုပါ အတားအဆီးများကို ဖယ်ရှား ရန်အတွက်ဟုဆိုကာ စစ်တပ်နှင့်ရဲများက တွေ့ရာမြင်ရာပြည်သူမှန်သမျှကို သေနတ်ပြ ခြိမ်းခြောက်ပြီး ခိုင်းစေနေခြင်းများတွေ့ရပါသည်။
မည်သူတဦးတယောက်ကိုမဆို ထိုသူ၏ သဘောဆန္ဒမဟုတ်ဘဲ ပြစ်ဒဏ်တစုံတရာ ပေးခြင်းခံရမည်ဟူသော ခြိမ်းခြောက်မှုကြောင့် လုပ်ကိုင်ပေးရသည့် အလုပ်များကို အဓမ္မ လုပ်အားခိုင်းစေမှုဟု သတ်မှတ်ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၏ အဓမ္မခိုင်းစေမှုဆိုင်ရာ ပြဌာန်းချက်အမှတ် ၂၉၊ အပိုဒ် ၂ တွင် ပြဌာန်းထားသည်။ အဆိုပါ အဓမ္မခိုင်းစေမှုဆိုင်ရာ ပြဌာန်းချက်ကို လိုက်နာကျင့်သုံးမည့်အကြောင်း ၁၉၅၅ ခုနှစ် ကတည်းက မြန်မာနိုင်ငံအနေဖြင့် သဘောတူလက်မှတ်ရေးထိုးထားပြီးဖြစ်သည်။ သို့သော် စစ်အာဏာရှင်များသည် မည်သည့်ဥပဒေကိုမျှ လိုက်နာခြင်းမရှိပါ။
ရန်ကုန်မြို့လယ်မှာ ဗုံးပေါက်ကွဲမှု တခုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အရပ်ဝတ်များဖြင့် ဆူးလေဘုရားလမ်း၊ ဆူးလေဂုံးတံတားအောက်တွင် လက်နက်များ ကိုင်ဆောင်ကာ လမ်းပေါ်ရှိ ခရီးသွားအရပ် သားပြည်သူများ၏ ကားများအား တားဆီးခြိမ်းခြောက်ရမ်းကားသည့် သတင်းများကိုလည်း မှတ်မိကြအုံးမည် ထင်ပါသည်။ ထိုလုပ်ရပ်သည်လည်း ပြည်သူလူထုအပေါ်ပြုကျင့်ရမည့် ကျင့်ဝတ် (၁၀) ပါးထဲမှ ပြည်သူလူထုအပေါ် လက်နက်အားကိုးဖြင့်အနိုင်ကျင့်ခြင်းမှ ရှောင်ကျဉ်ပါ။ ခြိမ်းခြောက်ခြင်းတို့ကို ရှောင်ကျဉ်ပါဆိုတဲ့ အချက်များကို တိုက်ရိုက်ကျူး လွန်ခြင်းဖြစ်သည်။
ကိုယ်တိုင်ပြဌာန်းသည့်ကျင့်ဝတ်များကို ကိုယ်တိုင်လိုက်နာကျင့်ကြံမှ ပြည်သူများ၏ ယုံကြည်ကိုးစားမှုကိုရယူမှာဖြစ်သည်ကို သိသိနှင့် ကျူးလွန် ဖောက်ဖျက်ခြင်းများ သည် အရိုင်းအစိုင်းသတ္တဝါ တစ်ကောင်နှင့်ထူးမခြားပါ။ ထိုနည်းတူ ရဲတပ်ဖွဲ့များ၏ အစဉ်လာ (၁၂) ရပ်ရှိပြီး နံပါတ် (၆) တွင် “ပြည်သူ၏အကျိုးစီးပွားကိုထာဝစဉ် စောင့်ရှောက် နေသော တပ်ဖွဲ့ဖြစ်သည်”၊ နံပါတ် (၈) တွင် “အရာရာကို တရားဥပဒေနှင့်အညီ တိတိကျကျ မှန်မှန်ကန်ကန်ရပ်တည်ဆောင်ရွက်သောတပ်ဖွဲ့ဖြစ်သည်” ဟု ဖော်ပြထားပါသည်။ ၎င်းကျင့်ဝတ်များနှင့် မိမိတို့လက်ရှိလုပ်ဆောင်နေမှုများသည် ကိုက်ညီမှုရှိရဲ့လား၊ အပ်စပ်မှုရှိရဲ့လားလို့ ပြန်လည်ချင့်ချိန်သင့်နေပြီဖြစ်သည်။
စစ်ကောင်စီနှင့် လက်အောက်ခံ လက်ပါးစေများသည် ပြည်သူများအပေါ် ဥပဒေမဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ၊ စစ်ရာဇဝတ်မှုများကို နေ့စဉ်ကျူးလွန် နေခြင်းဖြစ်သည်။ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းမှသာ ပြည်သူများ ဥပဒေမဲ့ကျူးလွန်ခံရမှုများမှ လွတ်မြောက်မည်ဖြစ်သည်။ ထို့ကြောင့် တော်လှန်ရေးမှတပါး အခြားမရှိဆိုသည့်အတိုင်း တော်လှန်ရေးအောင်မြင်မှ ဖြစ်မည် အပြစ်ကျူးလွန်သူများကို အပြစ်ပေးနိုင်ကြမည် ဖြစ်သည်။ ။
Red News Agency