ကုမ္ပဏီ (၅)က ကျောက်တူးပြီး ထားခဲ့သည့်မြေအနေအထားကြောင့် လမ်းပြိုကျပျက်စီး

PpRNA_ဖားကန့်၊ဇူလိုင် (၁၄)ရက်၊ ၂၀၂၃ ခုနှစ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ကုဋေကျေးရွာအတွင်း၌ ကုမ္ပဏီ (၅) ခုက စုပေါင်းကျောက်တူးပြီး မိုးကာလ ကျောက်စိမ်းတူးဖော်မရသည့်အခါ တူးလက်စအတိုင်းထားခဲ့သည့်အတွက် အများသုံးကျေးရွာလမ်းပြိုကျပြီး ကျေးရွာနေအိမ်အချို့ မြေပြိုမည့် အန္တရာယ်ရှိနေသည်။

“နေမင်းကမ္ဘာ” နှင့် “မြန်မာတကောင်း” တို့ပါဝင်သည့် ကုမ္ပဏီ(၅)ခုက စုပေါင်းပြီး ကုဋေကျေးရွာမှ နေအိမ်များအား သိန်းထောင်ချီပေးဝယ်ကာ ကျောက်စိမ်းတူးဖော်ခဲ့ကြပြီး မိုးကာလ ကျောက်တူးမရသည့်အခါ မြေပြန်လည်ဖို့ပေးခြင်းမဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုရက်သတ္တပါတ်အတွင်း မြေပြိုမှုနှစ်ကြိမ်ဖြစ်ခဲ့ပြီး အများပြည်သူသွားလမ်းပါ ပြိုကျပျက်ဆီးနေခြင်း ဖြစ်သည်။

“ကုမ္ပဏီက အစက ရွာပြင်မှာဗျ၊ တဖြေးဖြေးနဲ့ ကျောက်ကျောလိုက်ရင်း ရွာဘက်တိုးတိုးလာတာ၊ နေအိမ်တွေကို အနိမ့်ဆုံး သိန်းတစ်ထောင်ကျော်ကနေ သိန်းခြောက်ထောင်အထိပေးဝယ်တာ၊ ရွာသားတွေလည်း အဲ့လောက်ငွေနဲ့ဆိုတော့ မငြင်းနိုင်ဘူးပေါ့” ဟု ‌ကုဋေကျေးရွာ ရပ်မိ/ရပ်ဖ တစ်ဦးက ပြောသည်။

ဖားကန့်၌ ကျောက်တူးသည့် ကုမ္ပဏီများ၊ အစုစပ်တူးသည့်လုပ်ငန်းရှင်များအနေဖြင့် မည်သည့်လုပ်ကွက်ကိုမျှ ‌တူးပြီးမြေပြန်ဖို့ထားခြင်း မရှိကြသည့်အတွက် သဘာဝမဟုတ်သည့် နွံ့ကန်များ အသစ်‌တိုးတိုးလာပြီး မြေပြိုမှု၊ နွံ့ကန်ပေါက်ကျမှု ဖြစ်စဉ်များ နှစ်စဉ်ဖြစ်ပေါ်ပြီး ဒေသပြည်သူများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိသည်။

“ကုဋေ‌ကျေးရွာက လုပ်ကွက်က ရွာထဲတောင်ရောက်နေပြီ၊ ပြီးတော့ ဒယ်အိုးလိုတူးထားတာ ကျောက်ကျော အသကုန်နှိုက်စားထားတာ၊ မိုးမကျခင် မြေပြန်ဖို့ပေးခဲ့ရင်တော့ ကောင်းတာပေါ့၊ ခုလိုက အန္တရာယ်များတာပေါ့” ဟု ဖားကန့်မြို့ခံတစ်ဦးက ထောက်ပြသည်။

ကမ္ပဏီလုပ်ကွက်အများစုသည် လုပ်ကွက်ကျင်းများအား မိုးကာလ မြေဖို့ထားပြီး ဆောင်းဦးကာလ ကျောက်ကျောနေရာပြန်လည်ရောက်ရှိဖို့ အနည်းဆုံး တစ်လခန့် လူအား၊ စက်အား၊ ငွေအားဖြင့် ပြန်လည်လုပ်ဆောင်ရမည့် ကုန်ကျစရိတ်ထက် တူးဖော်လက်စအတိုင်းထားပြီး မြေမပြိုလျှင်လည်းရှင်းစရာမလို၊ မြေပြိုလျှင်လည်း လျှော်ကြေးငွေပေးပြီး ဖြေရှင်းခြင်းက ကုန်ကျစရိတ်သက်သာသည့်အတွက် တူးလက်စအတိုင်းထားခဲ့ကြခြင်းဖြစ်ကြောင်း ကျောက်တူးဖော်သည့်ကုမ္ပဏီတွင် ဝန်ထမ်းလုပ်ခဲ့သူ အချို့က ပြောသည်။

“ကုမ္ပဏီက မိုးတွင်းရပ်ထား၊ ဆောင်းပေါက်တာနဲ့ ရေစုပ်ထုတ် ပြန်တူးကြတာပါပဲ၊ ခုပြိုတဲ့လမ်းဘေးက နေအိမ်ငါးလုံးကို နစ်နာကြေးပေးဖယ်ပြီး လမ်းပြန်လုပ်ဖို့တော့ ကုမ္ပဏီတွေကိုပြောထားတာပေါ့၊ သူတို့ ဘယ်လိုလုပ်ပေးမလဲတော့ အကြောင်းမပြန်သေးဘူး” ဟု လမ်းပြိုကျပျက်စီးခဲ့သည့်အပေါ် ရပ်မိ/ရပ်ဖက ‌ပြောသည်။

၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့က ဖားကန့်မြို့နယ်၊ ဝှေခါရပ်ကွက် လခူးချောင်ရှိ ကျောက်မျက်ရွှေပြည်ကုမ္ပဏီ လုပ်ကွက်အတွင်း ကမ်းပါးပြိုကျခဲ့ရာ တရက်အတွင်း သေဆုံးသူ ၁၆၉ ဦး၏ အလောင်း ဆယ်ယူနိုင်ခဲ့ပြီး၊ ဒဏ်ရာရရှိသူ ၄၃ ဦးရှိခဲ့သည်။

#RedNewsAgency

By Editor