ရွေးချယ်မှု မှားယွင်းခဲ့သည့် ပျူစောထီးများ

“ကျူးဘားနိုင်ငံ တော်လှန်ရေးတွင်လည်း ပျူစောထီးကဲ့သို့ သတင်းပေးဒလန်များကို ခရီးလမ်းတလျှောက် အရေးယူ ရှင်းလင်းပြီးမှသာ ပြည်သူ့ရဲဘော်များက နယ်မြေစိုးမိုးမှု အပြည့်အဝ ရယူနိုင်ခဲ့”

မေဇော်

စစ်ကိုင်းတိုင်းသည် ဒေသခံလူထု၏ လက်နက်ကိုင်တော်လှန်ရေး အင်အားကောင်းရာ နယ်မြေဖြစ်သဖြင့် စစ်ကောင်စီတပ်၏ အထူးမျက်စိကျရာဒေသဖြစ်သည်။နေ့စဉ်နီးပါး ဆိုသလိုပင် စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများတွင် နေထိုင်သူ ပြည်သူများမှာ အသက်လုကာ အိုးအိမ်စွန့်ပြီး ထွက်ပြေးနေရသည်။ ယခင်ကဆိုလျှင် တရွာပြေးလျှင် နောက်တရွာက ကူညီ ခေါ်ယူကျွေးမွေးထားနိုင်သည့် အခြေအနေ၊ သို့သော် ယခုအခါ ရွာအားလုံးနီးပါး စစ်ကောင်စီ၊ ပျူစောထီးနှင့် ပြည်သူ့စစ်များ လက်ချက်ကြောင့် ပြာပုံနီးနီး ဖြစ်ခဲ့ရပြီ ။

ယခုအခါလည်း စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်ခြမ်းမှ ချမ်းသာကြီးနှင့် မြကန်ကျေးရွာ အနီးတဝိုက် ကျေးရွာများရှိ ပြည်သူ ၆၀၀၀ ဝန်းကျင်သည် စစ်ဘေးရှောင်နေကြရပြန်သည်။ အကြောင်းမှာ ပျူစောထီးများက ရွာများထဲသို့ ဝင်ရောက်သောင်းကျန်းနေကြခြင်းဖြစ်၏။ နေအိမ်များကို မီးရှို့ပြီး လယ်စိုက်နေကြသည့် ပြည်သူများကို ပါသတ်ဖြတ်ခဲ့သည်။ စစ်ကောင်စီ ထောက်တိုင် ပျူစောထီးများမှာ ရိက္ခာပြတ်လတ်မှုကို ကြုံတွေ့နေရပြီး ပြည်သူများ၏ ပစ္စည်းများ စားသောက်ကုန်များ ဝင်ရောက်လုယက်ကြခြင်းဖြစ်သည်။

စစ်ကောင်စီ၏ နယ်ခံဒလန်များ ဖြစ်ကြသည့် ပျူစောထီးများသည် ဒေသခံလူထုသေကြေပျက်စီးရသည့် အဓိက တရားခံပင်ဖြစ်သည်။ စစ်ကောင်စီတပ်များမှာ တာဝန်ကျရာ နေရာသို့ ရွှေ့ပြောင်းထမ်းဆောင်ရသည့်အတွက် နယ်မြေမကျွမ်းကျင်ကြ။ ထိုအတွက် စစ်ကြောင်းထိုးပါက ဒေသခံဒလန်များဖြစ်သည့် ပျူစောထီးများ၊ ပြည်သူ့ စစ်များနှင့် ပူးပေါင်းလှုပ်ရှားလေ့ရှိသည်။ ပျူများမှာ စစ်ကောင်စီ စစ်ကြောင်းများ လာရောက်ပါက တအိမ်တက်တအိမ်ဆင်း လက်ညှိုးထိုးကာ လမ်းပြခေါ်ဆောင်လေ့ရှိသည်။ ပျူများ၏ သတင်းပေးမှုကြောင့် သတ်ဖြတ်ခံခဲ့ရသော လူငယ်၊ လူကြီး၊ ကလေး အရွယ်စုံရှိခဲ့သည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူနယ်၊ ပဇီကြီးဖြစ်စဉ်သည် ပျုစောထီးဒလန်များ၏ ရက်စက်မှု ပြယုဂ်ဖြစ်သည်။ ၎င်းတို့၏ သတင်းပေးမှုကြောင့် စစ်ကောင်စီတပ်သည် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် ၁၈၁ ဦး သေဆုံးခဲ့ရသည်။ မြေပြင်စစ်ကြောင်းများတွင် ရှုံးနိမ့်နေသော စစ်ကောင်စီတပ်အနေဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့် အခါ တိကျသည့် Target ကျရန် နယ်ခံဒလန်များ၏ သတင်းပေးမှုသည် များစွာအရေးပါနေသည်။

တော်လှန်ရေးတခု အောင်မြင်ရန်အတွက်မှာ ( စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရက် ယန္တရား) စသည့် စစ်သုံးစစ်ကို ကိုင်တွယ်ရှင်းလင်းနိုင်ရန် လိုအပ်ပါသည်။ အဆိုပါ (၃) ခုကို မရှင်းလင်းနိုင်ပါက တော်လှန်ရေး ခရီးလမ်းသည် ရှေ့ဆက်ရန် မလွယ်ကူပါချေ။ ပျူစောထီးများသည် စစ်ကောင်စီ၏ ဗျူရိုကရက် ယန္တရားတွင် ဝင်ရောက်လည်ပတ်နေသူများဖြစ်ကြသည်။

ရှေ့က တော်လှန်ရေးများ၏ သင်ခန်းစာများလည်း ရှိခဲ့ပါ၏။ ကျူးဘားနိုင်ငံ တော်လှန်ရေးတွင်လည်း ပျူစောထီးကဲ့သို့ သတင်းပေးဒလန်များကို ခရီးလမ်းတလျှောက် အရေးယူ ရှင်းလင်းပြီးမှသာ ပြည်သူ့ရဲဘော်များက နယ်မြေစိုးမိုးမှု အပြည့်အဝ ရယူနိုင်ခဲ့သည်။

ထိုကဲ့သို့ အရေးယူရှင်းလင်းရာတွင်လည်း တော်လှန်ရေး ဘက်တော်သားများက ခိုင်မာတိကျသော သတင်းအချက်အလက်များ ရရှိရန် လိုအပ်သည်။ ပုဂ္ဂိုလ်ရေး ခံစားချက်များနှင့် ထင်ရာစိုင်း၍မရ။ ဒလန်တဦးကို ပြစ်ဒဏ်ချမှတ် မည်ဆိုပါက ထိုသူ၏ လှုပ်ရှားမှုများ၊ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ပြည်သူအပေါ် ကျူးလွန်ထားသော ပြစ်မှုများကို သေချာစွာ စီစစ်ကြရသည်။ ထို့နောက် လိုအပ်သလို ပြစ်ဒဏ်ချ အရေးယူကြရမည်။

လူတဦးသည် ဤဘဝတွင် မည်သို့မည်ပုံ အဆုံးသတ်ရမည်ကို အသက်ရှင်ချိန် သက်တမ်းတလျှောက် မိမိ ရွေးချယ်မှုများက ပုံဖော်ပေးနိုင်သည်။ ပျူစောထီးများသည် စစ်ကောင်စီထောက်တိုင်အဖြစ် ရင်ဆိုင်ရမည့် အဆုံးသတ်ကို လှမ်းမျှော်ကြည့်နိုင်ရန် လိုအပ်ပါသည်။ ကိုယ့်အသက်ကိုယ်ပင် ဖက်နှင့် မနည်းထုတ်ပိုးနေရသော မြန်မာတပ်မတော်ကို အားကိုးမည်ဆိုပါက မှားပါလိမ့်မည်၊ ပျူစောထီးများအနေဖြင့် အမှားကြီးကို မှားပါလိမ့်မည် … ။

#RedNewsAgency

By Editor