“တပ်စွဲထားတဲ့ တပ်စခန်းတွေအားလုံးကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တာပါ။ “အစွမ်းအစရှိရင် တမြို့လောက်သိမ်းပြပါလား” ဆိုပြီး လေကျယ်နေတဲ့ စစ်တပ်ထောက်ခံသူတွေကို လက်တွေ့ သိမ်းပြသွားခဲ့တာ”
မောင်ဝိ
စစ်တပ်အတွင်းမှာ ချမှတ်ထားတဲ့ မူဝါဒ အတော်များများက လိုက်နာနိုင်ရင် အတော်ကောင်းမယ်လို့ ဆိုရပါမယ်။ စစ်တပ်ဝန်းအတွင်း ဝင်လိုက်တာနဲ့ မူဝါဒ ဆိုင်းဘုတ် အသီးသီးကို တွေ့နိုင်ပါတယ်။ “တပ်နေပျော်၍ စစ်တိုက်တော်ရမည်”၊ “ငါမသေငါ့စခန်းမကျစေရ” စသဖြင့်ပေါ့။ ဒါတွေဟာ လူမြင်ကောင်းအောင်လုပ်ထားတဲ့ ဆိုင်းဘုတ် တခုပဲ အဖြစ်သာ မြင်တွေ့ရတော့မှာပါ။ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ဦးဆောင်ပြီး၊အောက်တိုဘာလ ၂၇ ရက်နေ့စတင်ခဲ့တဲ့ “၁၀၂၇ စစ်ဆင်ရေး” အတွင်းမှာဆိုရင် လက်ရှိ စစ်တပ်တွင်းက စစ်သားတွေရဲ့ စစ်ရေးစွမ်းရည်ကို ပိုပြီး မြင်သာစေနိုင်ပါတယ်။
အောက်တိုဘာလ ၂၇ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့ အထိ၊ ၁၀ ရက်တာ ထိုးစစ်အတွင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့မှ စစ်ကောင်စီရဲ့ စစ်ရေးအရအရေးပါတဲ့ တပ်စခန်းအကြီး၊ စခန်း အငယ်များ၊ ရဲဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာစခန်းများ၊ စစ်တပ် လက်အောက်ခံပြည်သူ့ စစ်စခန်းများ အပါအဝင် တပ်စခန်းစုစုပေါင်း (၁၂၀) ကျော်ကို သိမ်းပိုက်ခဲ့ပြီး၊ တင့်ကားကြီးများ၊ ဟောင်ဝစ်ဇာလက်နက်ကြီးများနဲ့ လေယာဥ်ပစ်လက်နက်ကြီးများ၊ စစ်လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့ပါတယ်။

အခုလို တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်ဆင်မှု နောက်မှာတော့၊ စစ်သားတွေအပါအဝင် စစ်တပ်ထောက်ခံသူတွေရဲ့ စိတ်ဓာတ်အင်အား ကျဆင်းလာခဲ့တာပါ။ ဒီတော့ စစ်တပ်က ဘာလုပ်ပြရသလဲဆိုတော့ တိုက်လေယာဥ်၊ ဟောင်ဝှစ်ဇာ စတာတွေထုတ်သုံးပြီး၊ (Fire Power) ပစ်အားကို အသုံးပြုလာကြတယ်။ အသိသာဆုံးဆိုရင် အောက်တိုဘာလ ၂၈ ရက်နေ့ညမှာဆိုရင် စစ်တပ်က လားရှိုးမြို့ပေါ်ကနေ လက်နက်ကြီးနဲ့ပစ်နေတာကို ရုပ်သံတွေမှာပါတွေ့ရတယ်။
