ငါမသေ ငါ့စခန်းမကျစေရဆိုတာ ရှေ့တန်းရောက် စစ်သားတွေ အတွက်တော့

“တပ်စွဲထားတဲ့ တပ်စခန်းတွေအားလုံးကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တာပါ။ “အစွမ်းအစရှိရင် တမြို့လောက်သိမ်းပြပါလား” ဆိုပြီး လေကျယ်နေတဲ့ စစ်တပ်ထောက်ခံသူတွေကို လက်တွေ့ သိမ်းပြသွားခဲ့တာ”

မောင်ဝိ

စစ်တပ်အတွင်းမှာ ချမှတ်ထားတဲ့ မူဝါဒ အတော်များများက လိုက်နာနိုင်ရင် အတော်ကောင်းမယ်လို့ ဆိုရပါမယ်။ စစ်တပ်ဝန်းအတွင်း ဝင်လိုက်တာနဲ့ မူဝါဒ ဆိုင်းဘုတ် အသီးသီးကို တွေ့နိုင်ပါတယ်။ “တပ်နေပျော်၍ စစ်တိုက်တော်ရမည်”၊ “ငါမသေငါ့စခန်းမကျစေရ” စသဖြင့်ပေါ့။ ဒါတွေဟာ လူမြင်ကောင်းအောင်လုပ်ထားတဲ့ ဆိုင်းဘုတ် တခုပဲ အဖြစ်သာ မြင်တွေ့ရတော့မှာပါ။ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ဦးဆောင်ပြီး၊အောက်တိုဘာလ ၂၇ ရက်နေ့စတင်ခဲ့တဲ့ “၁၀၂၇ စစ်ဆင်ရေး” အတွင်းမှာဆိုရင် လက်ရှိ စစ်တပ်တွင်းက စစ်သားတွေရဲ့ စစ်ရေးစွမ်းရည်ကို ပိုပြီး မြင်သာစေနိုင်ပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့ အထိ၊ ၁၀ ရက်တာ ထိုးစစ်အတွင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့မှ စစ်ကောင်စီရဲ့ စစ်ရေးအရအရေးပါတဲ့ တပ်စခန်းအကြီး၊ စခန်း အငယ်များ၊ ရဲဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာစခန်းများ၊ စစ်တပ် လက်အောက်ခံပြည်သူ့ စစ်စခန်းများ အပါအဝင် တပ်စခန်းစုစုပေါင်း (၁၂၀) ကျော်ကို သိမ်းပိုက်ခဲ့ပြီး၊ တင့်ကားကြီးများ၊ ဟောင်ဝစ်ဇာလက်နက်ကြီးများနဲ့ လေယာဥ်ပစ်လက်နက်ကြီးများ၊ စစ်လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့ပါတယ်။

Photo : The Kokang

အခုလို တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်ဆင်မှု နောက်မှာ​တော့၊ စစ်သားတွေအပါအဝင် စစ်တပ်ထောက်ခံသူတွေရဲ့ စိတ်ဓာတ်အင်အား ကျဆင်းလာခဲ့တာပါ။ ဒီတော့ စစ်တပ်က ဘာလုပ်ပြရသလဲဆိုတော့ တိုက်လေယာဥ်၊ ဟောင်ဝှစ်ဇာ စတာတွေထုတ်သုံးပြီး၊ (Fire Power) ပစ်အားကို အသုံးပြုလာကြတယ်။ အသိသာဆုံးဆိုရင် အောက်တိုဘာလ ၂၈ ရက်နေ့ညမှာဆိုရင် စစ်တပ်က လားရှိုးမြို့ပေါ်ကနေ လက်နက်ကြီးနဲ့ပစ်နေတာကို ရုပ်သံတွေမှာပါတွေ့ရတယ်။

အဲ့ဒီလို “စစ်တပ်က အသုံးပြုတဲ့ ပစ်ခတ်တဲ့ လက်နက်ကြီးတွေဆိုတာ အကန့်အသတ်ရှိတယ်” လို့ ဆိုချင်ပါတယ်။ အခုချိန်ထိ “စစ်တပ်က တိုက်လေယာဥ်၊ လက်နက်ကြီးသုံးနေလို့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ဘယ်စခန်းတွေကျသွားတယ်လို့ ကြားမိဖူးပါလဲ”။ ဒီလိုလက်နက်ကြီးတွေ၊ တိုက်လေယာဥ်တွေဆိုတာက အနီးကပ် သူတင်ကိုယ်တင် တိုက်နေတဲ့ ၂ ဖက်တပ်ဖွဲ့တွေ အပေါ် ထိရောက်မှု မပြင်းထန်နိုင်ပါဘူး။ ဒါဟာ စစ်တပ်ထောက်ခံသူတွေ အားတက်စေဖို့ “တပ်မတော်ကတော့ အလုံးကြီးတွေနဲ့ ထုနေပြီ” ဆိုတာမျိုး လောက်ပဲ ဝါဒဖြန့်လို့ရပါတယ်။ တကယ့်လက်တွေ့မှာတော့ စစ်ဘော်ဘီတွေ ထင်သလို ဖြစ်မလာပါဘူး။

ဒါ့အပြင် ၁၀၂၇ စစ်ဆင်ရေးနဲ့အပြိုင် နိုဝင်ဘာလ ၃ ရက်နေ့ကစပြီး စစ်ကိုင်းတိုင်းအတွင်းက စစ်ကောင်စီတပ်စွဲရာ စခန်းတွေ ရဲစခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး၊ နိုဝင်ဘာ ၆ ရက်နေ့မှာတော့ စစ်ကိုင်းတိုင်းအတွင်းက ကောလင်းမြို့ကိုပါတော်လှန်ရေး တပ်ဖွဲ့တွေက ထိန်းချုပ်သိမ်းပိုက်လိုက်နိုင်ပြီပဲဖြစ်တယ်။

Photo : The Kokang

ကောလင်းမြို့ဟာ ခရိုင်အဆင့်ရှိမြို့ကြီးတစ်မြို့ဖြစ်ပြီး နိုဝင်ဘာလ ၃ ရက်နေ့မှာ နိုဝင်ဘာလ ၆ ရက်နေ့အထိ တိုက်ခိုက်ခဲ့ပြီး၊ စစ်တပ်က စစ်ကူထပ်မံပေးနိုင်ခြင်းမရှိတဲ့အတွက် ရဲစခန်း၊ ကျောင်းအတွင်းတပ်စွဲထားတဲ့ စစ်သားများနဲ့ ထွေအုပ်ရုံးမှာ တပ်စွဲထားတဲ့ တပ်စခန်းတွေအားလုံးကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တာပါ။ “အစွမ်းအစရှိရင် တမြို့လောက်သိမ်းပြပါလား” ဆိုပြီး လေကျယ်နေတဲ့ စစ်တပ်ထောက်ခံသူတွေကို လက်တွေ့ သိမ်းပြသွားခဲ့တာပါ။

စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်တပ်စခန်းတွေကို သိမ်းခဲ့တာတွေ၊ စစ်သားတွေ ကိုယ်တိုင်က ​ရှေ့တန်းစခန်းက စွန့်ခွာထွက်ပြေးတာတွေနဲ့ တိုင်းမှူးအဆင့်တွေ၊ ကစထမှူးအဆင့်တွေထိ အာဏာဖီဆန်တဲ့ ဖြစ်စဥ်တွေရှိခဲ့ပါတယ်။ ဒီပြစ်မှုတွေအတွက် စစ်တပ်က ဖမ်းမိခဲ့ရင် သေဒဏ်၊ တသက်တကျွန်း၊ ထောင်အနှစ် ၂၀ စသဖြင့် ချမှတ်ခြင်းခံကြရတော့မှာပါ။ အခု ကော်လင်းမြို့က တိုက်ပွဲအတွင်းမှာ​တော့ မကြုံဖူးတဲ့ဖြစ်စဥ်တွေရှိလာတယ်။ ထွေအုပ်ရုံးမှာ တပ်စွဲထားတဲ့ စစ်သားတွေရဲ့ အလံဖြူပြပြီး၊ လက်နက်ချခဲ့ခြင်း ဖြစ်စဥ်ပါ။ ငါမသေငါ့စခန်း မကျစေရဆိုတဲ့ စစ်သားတွေကိုယ်တိုင် အလံဖြူပြပြီး၊ လက်နက်ချ အညံခံခဲ့တာပါ။

Photo : The Kokang

အခုဆိုရင်စစ်တပ်က သူ့တပ်တွေ စိတ်ဓာတ်မကျဆင်းစေဖို့ အပေါစား ဝါဒဖြန့်နည်းတွေအသုံးပြုလျက်ရှိပါတယ်။ စစ်တပ်က ရှေ့တန်းစခန်းက စစ်သားတွေကို ဒံပေါက် ကျွေးပါတယ်ဆိုတာမျိုးကို စစ်တပ်ပိုင် မြဝတီ၊ မြန်မာအသံတွေကပါ ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်နေခဲ့တယ်။ ရုပ်သံပါ စစ်သားတွေဆိုရင် အမြောက်တပ်က စစ်သားတွေနဲ့ လက်ရုံးတပ်က စစ်သားတွေသာဖြစ်တယ်။ ခြေလျင်ခြေမြန်က စစ်သားတွေ မရှိတော့ဘူးလားလို့ မေးရမလိုတောင်ဖြစ်နေပါပြီ။ ဒါ့အပြင် ပြည်သူမှ ရှေ့တန်းက တပ်မတော်သားတွေအတွက် အလှူငွေဘယ်လောက် ထည့်ဝင်နေပြီဆိုတာမျိုးပါ ​ပြောဆိုလာကြတယ်။ တကယ်တမ်း မြေပြင်သတင်းတွေအရ စစ်တပ်က အရပ်ဘက်လုပ်ငန်းရှင်တွေကို တစ်ဦးကို သိန်းတရာစီ အတင်းအဓမ္မကောက်ခံနေခဲ့ခြင်းဖြစ်တယ်။ ဒီပိုက်ဆံတွေဆိုတာကလည်း စစ်တပ်အကြီးပိုင်းတွေ မောင်ပိုင်စီးထားပြီး၊ ရှေ့တန်းက စစ်သားတွေရရှိခဲ့တယ်လို့ အခုထိ မကြားမိသေးပါ။

အချုပ်အားဖြင့်ဆိုရရင် အခုလက်ရှိတပ်ထဲက စစ်သားတွေ အတော်များများက စိတ်ဓာတ်ကျဆင်းနေကြပါပြီ။ တစ်ချို့တွေဆိုရင် တပ်ထဲက ထွက်မရတော့လို့ “အတိုက်ပဲလာပြပေးပါ တပ်ရင်းတစ်ရင်းလုံး လက်နက်ချပါ့မယ်”လို့ ဆက်သွယ်လာကြသလို၊ အရင်က ပြည်သူ့ဘက်ရပ်တည်ဖို့ ကူညီတဲ့အဖွဲ့အစည်းတွေကို ဆက်သွယ်ရင်တောင် သူတို့ပုံ၊ သူတို့အချက် အလက်မပေးခဲ့တဲ့ စစ်သားတွေဟာ ခုချိန်မှာတော့ သူတို့အချက်အလက်တွေကို အရင်ပေးပို့ပြီး အမြန်ထုတ်ပေးဖို့ တတွင်တွင်လာ တောင်းဆိုနေကြတယ်လို့ ကြားသိရတယ်။

Photo : The Kokang

စစ်ကောင်စီလက်အောက်ခံတွေအနေနဲ့ စောစီးစွာ ပြည်သူ့ဘက်မရပ်တည်ခဲ့လို့ပါ၊ သာတဲ့အချိန်တွေမှာ မှေးနေခဲ့ပြီး၊ ကိုယ့်ထိမှနာပြီး အသံထွက်လာတဲ့ စစ်သားတွေရဲ့ အကျိုးဆက်က ဘာလဲဆိုတာသက်သေပြနေတာပါပဲ။ အခုတော့ တော်လှန်ရေးအင်အားစုတွေက ပြည်သူ့ထောက်ခံမှုနဲ့အတူ မြို့တွေလည်း သိမ်းပြပြီ၊ စခန်းတွေလည်း သိမ်းပြနေပါပြီ ၂၀၂၃ နှစ်ကုန်ဟာဖြင့် တော်လှန်ရေးအရှိန်မြင့်သထက်မြင့်လာပြီး စစ်တပ်အတွက်တော့ လုံးပါး ပါးဖို့သာ ကျန်ပါတော့တယ်။ တော်လှန်ရေးကြီး အရှိန်တင်လိုက်ပါက အချိန်အားဖြင့် သိပ်မကျန်တော့ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ။

#RedNewsAgency

By RNA Editor