ဖားကန့် ကျောက်မျက်လုပ်ကွက် စွန့်ပစ်မြေစာပုံပြိုပြီး (၃) ဦးသေဆုံး(၅) ဦးဒဏ်ရာရ

RNA_ဖားကန့်၊ဖေဖော်ဝါရီ (၁၃)၊၂၀၂၃ ခုနှစ်။

စစ်ကောင်စီလက်ထက် ကျောက်မျက်တူးဖော်ရေးလုပ်ငန်းအား စက်ယန္တရားအင်အားအလွန်အကျွံအသုံးပြု တူးဖော်နေကြသည့် ဖားကန့်‌၌ ယမန်နေ့ ( ဖေဖော်ဝါရီ (၁၂) ရက်) ည ၁၀ နာရီ ၃၀ မိနစ်ခန့်က စွန့်ပစ်မြေစာပုံပြိုပြီး (၃) ဦးသေဆုံးပြီး (၅) ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ကုဋေကျေးရွာအနီးရှိ ယခင် အဲဗားဝင်းနားကုမ္ပဏီနေရာ၌ ကျောက်မျက်တူးဖော်စွန့်ပစ်သည့် မြေစာပုံပြိုကျပြီး ထိခိုက်သေဆုံးမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

စွန့်ပစ်မြေစာပုံပျက်ကျ (ပြို့ကျ)သည့် ဖြစ်စဉ်တွင် (၁) နာရီကျော်ခန့် မြေစာများဖုံးအုပ်ပိမိနေခဲ့ရာမှ အသက်ရှင်လျက်ပြန်လည်ကယ်ထုတ်နိုင်ခဲ့သူတစ်ဦးရှိခဲ့ကြောင်း သိရသည်။

“ကုမ္ပဏီက ဘက်ဟိုးအကူအညီတောင်းပြီး စရှာတော့သူ့ကို ပေါ်လာပြီး အသက်ရှုသေးတာကို သိပြီးမှ အပေါ်က မြေစာပြန်လျောပြီး ပြန်ဖုံးသွားတာဗျ၊ အဲ့တာကို ဘက်ဟိုးသမားလည်း ဆက်မကုပ်ရဲတော့ဘူး၊ လူကိုကုပ်မိမှာစိုးလို့နေမှာပေါ့၊ ဒါနဲ့လူအားသုံးပြီး မြေစာကို အတင်းလျက်ရှာတာ ပြန်တွေ့တော့လည်း အသက်ရှုသေးတယ်ဗျ” ဟု ကူညီရေးဆောင်ရွက်ခဲ့သည့် လူမှုရေးအသင်းသားတစ်ဦးက ပြောသည်။

ဖားကန့်၌ ကျောက်မိုင်းတွင်းများ ပြိုကျခြင်း၊ တူးဖော်ပြီးသားလုပ်ကွက်ဟောင်းနွံကန်ကြီး‌များပေါက်ကျခြင်း၊ ရေမဆေးကျောက်ရှာသူများ မြေစာပြိုကျမှုကြောင့်သေဆုံးထိခိုက်ခြင်းများသည် ဒေသခံ များအတွက် သမရိုးကျဖြစ်စဉ်တခုလိုဖြစ်နေသော်လည်း မြေစာပုံ ပြိုကျမှုများမှာ ရိုးအီသွားခြင်းမရှိအောင် မြင်တွေ့ကြားသိ နေကြရသည်။

Red News Agency

By Editor