မန္တလေး PDF ကို စစ်ကြောင်းထိုးတိုက်ခိုက်စဉ် စစ်ကောင်စီဘက်မှ (၂၅) ဦးသေဆုံး

RNA_ဖေဖော်ဝါရီ( ၁၂)၊၂၀၂၃ ခုနှစ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ တပ်ရင်းတပ်ဖွဲ့များကို စစ်ကောင်စီတပ်မှ မြေပြင် ဝေဟင် ညှပ်တိုက်သည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၂၅) ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်(၂) ဦးကျဆုံးခဲ့ကြောင်း သိရသည်။

မြေပြင်တိုက်ပွဲများ ပြင်းထန်သည့်အပြင် Mi 35 တိုက် ခိုက်ရေးရဟတ်ယာဉ်ကို အသုံးပြု၍ ပြည်သူ့ကာကွယ် ရေးတပ်မတော် (မန္တလေး)မှ စစ်သည်များကို ဖေဖော်ဝါရီ (၁၀) ရက်နေ့ နံနက် (၆) နာရီဝန်းကျင်က စစ်ကောင်စီတပ်မှ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လာခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ ကိုယ်ပိုင်အမှတ် (P1- 1202-085) ရဲဘော်စစ်နိုင် နှင့် ကိုယ်ပိုင်အမှတ် (P1- 1202-159) ရဲဘော် ဖိုးဝတို့ တိုက်ပွဲအတွင်း ကျဆုံးခဲ့ရကြောင်း သိရသည်။

“ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ စစ်သည်များသည် လူအင်အား၊ လက်နက်အင်အားသာလွန်စွာဖြင့် အကြိမ်ကြိမ်ထိုးစစ်ဆင်လာခဲ့သော ရန်သူကိုတည်တည် ငြိမ်ငြိမ်ဖြင့် ခုခံတွန်းလှန်နိုင်ခဲ့ပြီး ရန်သူ့ဘက်မှ ခဲယမ်း မီးကျောက် မြောက်များစွာကိုလည်း သိမ်းဆည်းရရှိခဲ့ပါသည်။ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ ၂၅ ဦး (မျက်မြင်အတည်ပြု) ကျရှုံးပြီး ၊ ထိခိုက်ဒဏ်ရာရသူ များ ပြားသည်” ဟု ပြည်သူ့ကာကွယ် ရေးတပ်မတော် (မန္တလေး)က ယမန်နေ့က ထုတ်ပြန်ထားသည်။

(၆) နာရီကျော်ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ဂုဏ်ရောင်ပြောင်မြောက်စွာ အသက်ပေးလှူသွားသော ရဲဘော် ရဲဘက်များကို ဦးညွှတ်ပြီး ဖယ်ဒရယ်ဒီမိုကရေစီအရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ထိုးစစ်ကို ခုခံနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency

By Editor