ကျောင်းသားလက်ရုံးတပ်တော်မှ ရဲဘော်ရဲထွန်း တိုက်ပွဲတွင် ကျဆုံး 

RNA_ဖေဖော်ဝါရီ(၃)၊၂၀၂၃ ခုနှစ်။

ကျောင်းသားလက်ရုံးတပ်တော် – Student Armed Force မှ ရဲဘော်ရဲထွန်းသည် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်း တော်လှန်ရေးတာဝန်များထမ်းဆောင်ရင်း ရဲဝံ့ပြောင်မြောက်စွာ အသက်ပေးလှူ (ကျဆုံး)ခဲ့ရကြောင်း သိရသည်။

ကျောင်းသားလက်ရုံးတပ်တော်မှရဲဘော်များ၊ မဟာ မိတ်ရဲဘော်များ ပူးပေါင်းပေါင်းပြီး အကြမ်းဖက် အာဏာ သိမ်းစစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ (၂၄) ရက်နေ့က ရဲဘော်ရဲထွန်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း Student Armed Force ကထုတ်ပြန်ထားသည်။

” ရဲဘော်ရဲထွန်း၏ နောက်ဆုံးခရီးကို ကျောင်းသားလက်ရုံးတပ်တော်မှ တပ်ဖွဲ့ဝင်ရဲဘော်များ၊ နယ်မြေခံပကဖရဲဘော်များနှင့် ဒေသခံပြည်သူများမှ ဂုဏ်ပြုပို့ဆောင်ခဲ့သည်။ ကျွန်ုပ်တို့ ကျောင်းသားလက်ရုံးတပ်တော်မှ ပေးအပ်လာသော အမိန့်နှင့်တာဝန်များကို မမှိတ်မသုန် တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သော ရဲဘော် ရဲထွန်း၏ ကျဆုံးမှု အား လေးမြတ်စွာ ဦးညွှတ် အလေးပြုအပ်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျောင်းသားလက်ရုံးတပ်တော် – Student Armed Force သည် စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ရှေ့ဆုံးက ပါဝင်ခဲ့ကြသည့် ကျောင်းသားသမဂ္ဂခေါင်းဆောင်များ၊ ကျောင်းသားများစသည်တို့ဖြင့် ဖွဲ့စည်းထားပြီး ခုခံတွန်းလှန်စစ် တိုက်ပွဲများတွင် ဆန္ဒပြပွဲများ၊ မြို့ပြပြောက်ကျား စစ်ဆင်ရေး၊ စစ်မြေပြင်ရှေ့တန်း တိုက်ပွဲစသည့် လက်နက်ကိုင် တိုက်ပွဲများ ဆင်နွှဲနေသည်ဟု သိရသည်။

#RedNewsAgency

By Editor