Red News Agency

Independent Journalism for Justice and Human Rights.

ရန်ကုန်တိုင်းစစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးသန်းထွဋ်အပါအဝင် (၄) ဦး ပစ်ခတ်ခံရပြီးသေဆုံး

Written by

in

RNA_ဇန်နဝါရီ(၂၃)၊၂၀၂၃ ခုနှစ်။

ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးသန်းထွဋ် (ဒုဗိုလ်မှူးကြီး အစမ်းခန့်)၊ တပ်ကြပ်ကြီးမြင့်အောင်နှင့် အခြား အမျိုးသား (၂) ဦးတို့အား တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၃ နှင့် တပ်ခွဲ ၆ ပူးပေါင်းအဖွဲ့က ယမန်နေ့ ( ဇန်နဝါရီ ၂၂ ရက်) နေ့လည် ၁ နာရီ ၄၅ မိနစ်ဝန်းကျင်က ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်တိုင် (၁၆၁)အနီးတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်။

ရန်ကုန်တိုင်း ၉-မိုင်ခွဲ ပြည်လမ်း North Point – Ocean စင်တာ အနီးရှိ အမှတ်(၁)စစ်ဘက်​ရေးရာလုံခြုံ​ရေးအကူ တပ်စစ်ကြောရေးတာဝန်ခံ စရက(၁)တပ်မှူးဗိုလ်မှူးသန်းထွဋ် (ဒုဗိုလ်မှူးကြီး အစမ်းခန့်)နှင့် တပ်ကြပ်ကြီး မြင့်အောင်တို့ လိုက်ပါလာသည့် ယာဉ်အမှတ် YGN. 2N 6158 TOYOTA VANGUARD အမဲရောင်ယာဉ်ဖြင့် ရန်ကုန်-မန္တလေးအမြန်လမ်းအတိုင်းထွက်ခွါလာပြီဖြစ် ကြောင်း YUA အဖွဲ့၏ သတင်းအချက်အလက်ပေးပို့မှုအရ တော်လှန်ရေးတပ်ဖွဲ့ဝင်များမှာ ကင်းပုန်းဝပ်၍ စောင့်ဆိုင်းကာ ဖမ်းဆီးစဉ် ခုခံသဖြင့် ပစ်ခတ်ခဲ့ရခြင်းဖြစ်ကြောင်း Bago PDF က ထုတ်ပြန်ထားသည်။

” ကားရပ်တန့်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးစဉ် အဆိုပါ(၂)ဦးမှ အသင့်ပါလာသော လက်နက်များဖြင့် ပြန်လည်ခုခံသဖြင့် တော်လှန် ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးရာ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် ၎င်းတို့(၂)ဦးမှာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ ထို့အပြင် သေဆုံးသူစစ်ကောင်စီတပ်သား (၂)ဦးထံမှ ၉မမ ပစ္စတို(၂) လက်၊ ကျည်(၁၂)တောင့်၊ ယာဥ်လိုင်စင်နှင့် စာရွက်စာ တမ်းအချို့အား သိမ်းဆည်းရရှိခဲ့ပြီး မော်တော်ယာဥ်အား မီးရှို့ဖျက်ဆီးခဲ့သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်သားများနှင့် အတူပါလာသော အမျိုး သားနှစ်ဦးအား စစ်ဆေးမေးမြန်းရန်ခေါ်ဆောင်လာစဉ် လက်နက်အားလုယူထွက်ပြေးရန်ကြိုးစားလာသောကြောင့် တော်လှန်ရေးရဲဘော်များမှ ပစ်ခတ်ဖမ်းစီးစဉ် သေဆုံးသွားသဖြင့် အခင်းဖြစ်ပွါးသော ကားပေါ်ပါ ၄ ဦးလုံး သေဆုံးသွားကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များမှာ ထိခိုက်ဒဏ်ရာမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#RedNewsAgency