RNA_ဇန်နဝါရီ(၂၂)၊၂၀၂၃ ခုနှစ်။
ရှန်းပြည်နယ် (တောင်ပိုင်း) အင်းလေးဒေသ၊ ညောင်ရွှေမြို့နယ်၊ သန်းတောင်ကျေးရွာနှင့် ဘုရားနီကျေးရွာများအနီးဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ (၃၀) ကျော်သေဆုံးပြီး အင်းလေးဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-IPDF ၏ တပ်ရင်း မှူး၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်မိုးအပါအဝင် ရဲဘော်တချို့ ကျဆုံးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် စစ်ကောင်စီလက်အောက်ခံ အင်းပျူစောထီး၊ PNO(ပြည်သူ့စစ်)တို့ကို ဇန်နဝါရီလ (၃) ရက်နေ့က ညီညွတ်သောရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစု နှင့်ညီနောင်တပ်ရင်း အမှတ် (၁၀၀၇) တပ်ရင်း (မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၂ )၊ အမှတ် (၁၀၀၉)တပ်ရင်း(အင်းလေးဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-IPDF)၊ အလယ်ပိုင်းတိုင်း စစ်ဌာန ချုပ် လက်အောက်ခံ PDF တပ်ရင်းများဖြစ်သော တပ်ရင်းအမှတ် ၁၀၀၅၊ ၁၀၀၈၊၁၀၀၃၊ PNDF စသည့်မဟာမိတ်များက တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။
“တိုက်ပွဲဖြစ်ပွားပြီး နောက်ရက်များတွင် မိမိတို့တပ်ပေါင်းစုဝင် ရဲဘော်တချို့နှင့်အပြစ်မဲ့ဒေသခံတချို့သည် အကြမ်းဖက်စစ်ကောင်စီနှင့်အင်းပျူစောထီးများ၏ ဖမ်းဆီးနှိပ်စက်ခံရပြီး ကျဆုံးမှုလည်းရှိခဲ့သည်။ ထို့အတူ PNO(ပြည်သူ့စစ်)မှလည်း အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းပြီး နယ်မြေရှင်းလင်းမှုများပြုလုပ်ကာ ဒေသခံတိုင်းရင်းသားပြည်သူလူထုများကို ဖမ်းဆီးနှိပ်စက်ခြင်းများ လုပ်ဆောင်နေသည်” ဟု United Southern Shan Federal Union ကထုတ်ပြန်ထားသည်။

အင်းပျူစောထီးနှင့် PNO (ပြည်သူ့စစ်) တို့သည် ဒေသခံတိုင်းရင်းသားပြည်သူလူထုများအပေါ် အကြမ်းဖက် ဖမ်းဆီးနှိပ်စက်ခြင်းများ လုပ်ဆောင်နေမှုကို ယခုချက်ချင်းရပ်တန့်ရန် ပြင်းပြင်းထန်ထန် သတိပေးထားပြီး၊ စစ်ကောင်စီအလိုကျ ဆက်လက်လုပ်ဆောင်မည်ဆိုပါက စစ်ကောင်စီနှင့်တန်းတူထား၍ ညီညွတ်သောရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစုမှပြင်းထန်သည့် တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။



#RedNewsAgency