တော်လှန်ရေးရန်ပုံငွေ ကွန်ဒိုတိုက်ခန်း ကန်ဒေါ်လာ ၁၁ သန်းနီးပါး ရောင်းချခဲ့ရ

RNA_ဇန်နဝါရီ(၂၂)၊၂၀၂၃ခုနှစ်။

နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် ရဲရင့်နွေဦးကွန်ဒိုတိုက်ခန်းများ (Spring Valour Condominium)ကို ယမန်နေ့ (ဇန်နဝါရီ ၂၁ ရက်) ည ၁ဝ နာရီမှ စတင်ရောင်းချရာ ယနေ့ နံနက်အထိ အမေရိကန်ဒေါ်လာ ၁၁ သန်းနီးပါးရောင်းခဲ့ရသည်ဟု သိရသည်။

ရဲရင့်နွေဦးကွန်ဒို အခန်းပေါင်း (၇၇ဝ) ရှိသည့်အနက် တနာရီအတွင်း အခန်းပေါင်း (၇ဝဝ) နီးပါးရောင်းချခဲ့ရ ကြောင်း၊ ဝယ်ယူအားပေးသော တော်လှန်ပြည်သူများနှင့် ကြိုးစားအားထုတ်ရောင်းချပေးသော ကမ္ဘာတလွှားမှ ထောက်ပို့ရဲဘော်များ၊ နည်းပညာနှင့်ဉာဏ်ပညာများ မျှဝေကူညီပေးသူများကို အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က လေးစားစွာ ဦးညွတ်ကြောင်း လူမှုကွန်ရက်စာမျက်နှာမှတဆင့် အသိပေးထားသည်။

စစ်ကောင်စီက မတရားသဖြင့် သိမ်းယူထားသော ပုဂ္ဂလိကပိုင်ဆိုင်မှု အိမ်၊ခြံ၊မြေများကို NUG အစိုးရက ကြိုတင်ရောင်းချပေးလျက်ရှိသည့် အထဲမှ ရဲရင့်နွေဦး ကွန်ဒို (Spring Valour Condominium) တွင် Studio (၇ဝ) ခန်း၊ အိပ်ခန်းတခန်းပါ အခန်း (၁ဝဝ)၊ အိပ်ခန်း ၂ ခန်းပါ အခန်း (၂၄ဝ)၊ အိပ်ခန်း ၃ခန်းပါ အခန်း (၃၆ဝ) စုစုပေါင်း အခန်း (၇၇ဝ) ရောင်းချပေးခြင်း ဖြစ်သည်။

ရဲရင့်နွေဦးကွန်ဒိုတိုက်ခန်းများ ပထမနေ့ ရောင်းရနှုန်းသည် တိုက်ခန်းအားလုံး၏ ၉၆ ရာခိုင်နှုန်းရှိကြောင်း၊ ရောင်းချနိုင်ရန် ပံ့ပိုးကူညီပေးခဲ့သော EOD ကိုယ်စား လှယ်များနှင့် ကူညီဆောင်ရွက်ခဲ့သူအားလုံးကို ဂုဏ်ပြုကြောင်း၊ ရဲရင့်နွေဦးသည် ရဲရင့်သောပြည်သူများ ၏ နွေဦးအောင်ပွဲဖြစ်ကြောင်း The End of Dictatorship ကပြောကြားထားသည်။

#RedNewsAgency

By Editor