စခန်းသိမ်းတိုက်ပွဲတွင် နက်လက်ခဲယမ်း အများအပြားသိမ်းဆည်းရမိ

RNA_ဇန်နဝါရီ(၂၁)၊၂၀၂၃ ခုနှစ်။

ကရင်နီ(ကယား)ပြည်၊ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအနီးရှိ မယ်စလောင်းတောင်ကုန်းပေါ်တွင် အခိုင်အမာတပ်ချထားသော စစ်ကောင်စီတပ်စခန်းကို KNDF၊PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်း ပိုက်ရာလက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့သည်။

မယ်စလောင်းတောင်ကုန်းပေါ်ရှိ စစ်ကောင်စီ တပ်စခန်းအား ဇန်နဝါရီလ (၂၀)ရက် ၊ နံနက် (၇း၅၀) မှ (၉) နာရီ (၃၀) မိနစ်ဝန်းကျင်အထိ Karenni Commando၊ KA၊ KNDF B(15)၊ KNDF B(16)၊ KNDF B (09)၊ Loikaw PDF၊ DMO PDF တို့ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး၊ နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီတပ်သား (၅) ဦးသေဆုံးပြီး၊ ကျန်တပ်သားနှင့် အရာရှိများ ထွက်ပြေးကြကြောင်း KNDF က ထုတ်ပြန်ထားသည်။

စခန်းသိမ်းတိုက်ပွဲအပြီး စစ်ကောင်စီတပ်ဖွဲ့များ အသုံးပြုခဲ့သော (၆၀)မမ စိန်ပြောင်း (၂)လက် ၊ RPG (၁)လက်၊ MA-1 (၁)လက်၊ MA -2 (၁)လက်၊ MA-3 (၁)လက်၊ MA-4 79တွဲ (၁)လက်၊ 9mm (၁)လက် ၊ ငါကြင်းမြီး (၁)လက် ၊ စနှိုက်ဖာ (၁)လက် ၊ မိုင်းများ ၊ ခဲယမ်းကျည်ဆံများ၊ အခြားအသုံးအဆောင် ပစ္စည်များအား သိမ်းဆည်းရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖက်မှ တိုက်လေယာဥ်(၁)စီးဖြင့် (၃)ကြိမ် လာရောက်ပစ်ကူပေးခဲ့ပြီး၊ ဘောလခဲမြို့အခြေစိုက်တပ်များကလည်း လက်နက်ကြီးများအဆ မတန်အသုံးပြုကာ ပစ်ကူပေးခဲ့ကြောင်း၊ အဆိုပါစခန်းကုန်းအားကရင်နီပူပေါင်းတပ်များမှ မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မယ်စလောင်းတောင်စခန်းကုန်းအား သိမ်းပိုက်နိုင်ခဲ့သည့် တိုက်ပွဲအတွင်း ကရင်နီတပ်မတော် (KA)မှ ရဲဘော် (၁)ဦး မြင့်မြက်စွာ ကျဆုံးခဲ့ကြောင်း၊ မယ်စလောင်းတောင်စခန်းကုန်းအား ချေမှုန်းသိမ်းပိုက်နေချိန်၌ KA ၊ KNDF B (21) ၊ KNDF B (10) ၊ ဘောလခဲ PDF တို့မှ ဘောလခဲမြို့တွင်းရှိ စစ်ကောင်စီ၏ ခြေကုပ် စခန်းအချို့အား ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

#RedNewsAgency

By Editor