တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ အရာရှိ (၃) ဦးအပါအဝင် (၄၀) ဝန်းကျင်သေဆုံး

တောင်ငူခရိုင် PDF နှင့်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ အရာရှိ (၃) ဦးအပါအဝင် (၄၀) ဝန်းကျင်သေဆုံး
 
RNA_ဇန်နဝါရီ(၁၈)၊၂၀၂၃ ခုနှစ်။
 
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း စစ်ကြောင်းထိုး ချီတက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁) တပ်ခွဲ (၄) နှင့်ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲ(၃)ကြိမ်ဖြစ်ပွားရာ စစ်ကောင်စီတပ်လက်အောက်ခံ အရာရှိ (၃) ဦးအပါအဝင် (၄၀) ဝန်းကျင်သေဆုံးကြောင်း ယနေ့ ထုတ်ပြန်ထားသည်။
 
စစ်ကောင်စီတပ်အင်အား (၁၀၀) ဝန်းကျင်ရှိ တပ်ဖွဲ့သည် ဇန်နဝါရီလ ၁၆ ရက်နေ့က နဂျပ်တောင်ဖက်သို့ ချဉ်းကပ်လာစဉ် တောင်ငူခရိုင် PDF တပ်ခွဲ(၄) တပ်စု(၂) က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ဇန်နဝါရီလ (၁၇) ရက်နေ့ နံနက် (၁၀)နာရီ၊ နံနက် (၁၂) နာရီတို့တွင် နဂျပ်အရှေ့မြောက်ဖက် ဝက်ပုပ်လက်အတက်တွင် စစ်ကောင်စီတပ်အင်အား (၁၅၀) ဝန်းကျင်ဖြင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြသည်။

” ထိတွေ့တိုက်ပွဲ(၃)ကြိမ်တွင် ပထမ(၂)ကြိမ်၌ PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄ (တပ်စု ၂ နှင့် တပ်စု ၃ ) တို့က တိုက်ခိုက်ခဲ့ပြီး တတိယအကြိမ် ထိတွေ့မှုတိုက်ပွဲအား မဟာမိတ်တပ်ပေါင်းစုနှင့် ပူးပေါင်းကာ တိုက်ပွဲဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ထိတွေ့တိုက်ပွဲ(၃)ကြိမ်တွင် အကြမ်းဖက်စစ်ကောင်စီဖက်မှ အရာရှိ(၃)ဦး အပါအဝင် (၄၀)ဦးကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ အများအပြားရှိခဲ့သည်။ သေဆုံးဒဏ်ရာရရှိသူများအား စစ်ကောင်စီဖက်က ယခုအချိန်ထိ ကားများဖြင့် သယ်ထုတ်နေကြဆဲဖြစ်သည်” ဟု Bago Region PDF က ထုတ်ပြန်ထားသည်။
 
စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄ (တပ်စု ၂ နှင့် တပ်စု ၃ ) စသည်တို့က တိုက်ခိုက်ကြပြီး တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တဦး ကျဆုံးခဲ့ရကြောင်း သိရသည်။
 
Red News Agency
By Editor