လက်နက်မပြည့်စုံသည့်အတွက် တိုက်ပွဲမဝင်ရပေမဲ့ စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေါင်းမင်းစစ်ကြောင်း စခန်းစွန့်ခွါခဲ့

RNA_ဇန်နဝါရီ (၅)၊ ၂၀၂၃ ခုနှစ်။
 
ကရင်ပြည်နယ် KNU တပ်မဟာ နယ်မြေအတွင်းစခန်းချ နေထိုင်ပြီးစစ်ကောင်စီတပ်ကို မဟာမိတ်များဖြင့် ပူးပေါင်းတိုက်ခိုက်ရန် အသင့်ဖြစ်နေသော်လည်း လက်နက်မပြည့်စုံသည့်အတွက် တိုက်ပွဲမဝင်ရသေးသော်လည်း စခန်းကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်သည့်အတွက် စခန်းစွန့်ခွါခဲ့ရသည်ဟု ဒေါင်းမင်းစစ်ကြောင်း – King Peacock Column တာဝန်ခံ ရဲဘော် မာတလိက ပြောသည်။
 
ပြီးခဲ့သည့်ရက်ပိုင်းက ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်အထိနာပြီး ကော့ကရိတ်မြို့နယ်ရှိစစ်ကောင်စီတပ်၊ မြဝတီမြို့နယ်ရှိ စစ်ကောင်စီတပ် စသည်တို့က ၁၂၀ မမ လက်နက်ကြီးများ၊ Missiles များဖြင့် ပစ်ခတ်နေသည့်အတွက် အထိုင်ချနေသည့် ဒေါင်းမင်းစစ်ကြောင်း စခန်းကို ထိမှန်ပြီး ပျက်စီးခဲ့ရကြောင်း၊ စခန်းရှိ ဆက်သွယ်ရေးပစ္စည်းများ၊ လုံခြုံရေးပစ္စည်းများ ဆုံးရှုံးခဲ့ရကြောင်း၊ မူလနေထိုင်သည့် စခန်းစွန့်ခွါပြီး တနေရာ ပြောင်းခဲ့ရသည်ဟု သိရသည်။

“ ကျွန်တော်တို့ စခန်းကတော့ အလုံးစုံပျက်စီးသွားတယ်၊ နေ့တိုင်း ကင်းထောက်လေယာဉ်တွေ ဒရုန်းတွေလာနေလို့ ကျွန်တော်တို့ စခန်းစွန့်ခွါလိုက်ရတယ်၊ ပစ္စည်းက လေးပုံ တစ်ပုံလောက် ဆုံးရှုံးသွားတယ်၊ ရုတ်တရက် မရွေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေ ဆုံးရှုံးတာပေါ့ အဲဒီအထဲမှာမှ ဆက်သွယ်ရေး စက်တွေ လုံးခြုံရေးနဲ့ဆိုင်တဲ့ ပစ္စည်းတွေ ဆုံးရှုံးသွားတယ်၊ အဲဒါတွေကတော့ မဖြစ်မနေ ပြန်ဝယ်ရမဲ့ အထဲမှာပါပါတယ်။ ကျွန်တော်တို့ဆီကို ၁၂၀ တောင် (လက်နက်ကြီး) မမှီပါဘူး၊ သူတို့ကMissiles ထုတ်ပစ်နေတာ ကော့ကရိတ်မှာအထိနာနေတော့လေ။ Missilesနဲ့ လေယာဉ်တွေနဲ့ပါဆိုတော့ ဒီဘက်စခန်းတွေမှာ မလိုခြုံဘူးဖြစ်သွားတာပေါ့။ လူထိခိုက်မှုတော့ ဘာမှမရှိပါဘူး ကျွန်တော်တို့ အကြိမ်ကြိမ်လေ့ကျင့်ထားတဲ့အတိုင်းပဲ စခန်းကို စနစ်တကျ စွန့်ခွါလိုက်တယ် သူတို့စပြီး ဗုံးစကြဲကတည်းကပေါ့” ဒေါင်းမင်းစစ်ကြောင်း – King Peacock Column တာဝန်ခံ ရဲဘော် မာတလိက Red News Agency ကို ပြောသည်။
 
ဒေါင်းမင်းစစ်ကြေင်းအနေဖြင့် စစ်ကောင်စီကို လက်နက်ကိုင်တိုက်ခိုက်ရန် အသင့်ရှိနေပြီဖြစ်ကြောင်း၊ ရဲဘော်များ အသင့်ရှိနေပြီဖြစ်သော်လည်း လက်နက်အင်အားလိုအပ်နေကြောင်း၊ NUG အစိုးရလူကြီးပိုင်းများနှင့် လက်နက်ငှါးရေး ရှေ့တန်းပြန်လာပါက လက်နက်ပြန်အပ်မည်ဟု ဆွေးနွေးမှုများရှိသော်လည်း အဆင်ပြေမှု မရှိသေးကြောင်း၊ စစ်ကြောင်းမှ ရဲဘော်များနှင့် ကျည်စိုက်ပြီး ရှေ့တန်းထွက်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။
 
“ တကယ်တန်းကြတော့ ရဲဘော်တွေမှာ တိုက်ပွဲ တိုက်ဖို့ကြတော့ စိတ်ဓာတ်ရှိတယ်၊ သင်တန်းလည်းပြီးသွားပြီး ဘယ်နေရာမှာ ပြီးတယ်ဆိုတာလည်း သက်သေပြနိုင်တဲ့ ရဲဘော်ကို လက်နက်ထုတ်ပေးရမယ် လက်နက်ထုတ်မပေးရင်တောင် ရှေ့တန်းသွားတဲ့အခါ လက်နက်ငှါး ပြန်လာလို့ရှိရင် ပြန်သိမ်း ကျည်ဆံကို ကျွန်တော်တို့အဖွဲ့က စိုက်ပေးမယ်ပေါ့ ဒါမျိုးပုံစံလောက်ပဲ သွားချင်တာ တော်လှန်ရေးမှာ ပါဝင်တဲ့ အောက်ခြေအဖွဲ့အစည်းတွေအနေနဲ့ ဒီလိုမျိုး စိတ်ဓာတ်ရှိကြတယ်။ အဲဒါလေး အမြန်ဆုံးဖြေရှင်းပေးနိုင်ရင် ကျွန်တော်တို့ အင်နဲ့အားနဲ့တိုက်စစ်ကြီးတွေ ဖော်နိုင်မှာပါ။ အဲဒါတခုလည်း သက်ဆိုင်ရာ ခေါင်းဆောင်ပိုင်းတွေ စဉ်းစားကြဖို့ပါဗျ” ဟု ဒေါင်းမင်းစစ်ကြောင်း – King Peacock Column တာဝန်ခံ ရဲဘော် မာတလိက ပြောသည်။
 
တော်လှန်ရေးအမည်ခံ လက်နက်ကိုင်အဖွဲ့အစည်းတချို့သည် လက်နက်ရှိသော်လည်း တိုက်ပွဲမဝင်သူများရှိနေပြီး တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသူများမှာ လက်နက်မရှိကြောင်း၊ NUG ခေါင်းဆောင်များနှင့် ထောက်ပို့ Fundraise များအနေဖြင့် စစ်ခွင်မဟုတ် တိုက်ပွဲမတိုက်ရဲသူ တိုက်ပွဲဝင်သူ မဟုတ်သူများထံရောက်ရှိနေသည့် လက်နက်များနှင့် ပတ်သက်ပြီး စဉ်းစားကြရန်လိုအပ်ကြောင်း၊ လက်နက်မလုံလောက်သည့်အတွက် အချိန်ယူရမည်ဆိုပါက ရှီသည့် လက်နက်များကို တိုက်ပွဲဝင်သူများထံ ရောက်စေချင်သည်ဟုတောင်ပိုင်းတိုင်းစစ်ဒေသအတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် PDF ရဲဘော်တဦးက ပြောသည်။
 
#RedNewsAgency
By Editor