NLD ပါတီဝင် ဦးဝင်းဌေးကို ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများက သတ်ဖြတ်

ပွင့်ဖြူမြို့ NLD ပါတီဝင် ဦးဝင်းဌေးကို ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများက သတ်ဖြတ်
 
RNA_ဒီဇင်ဘာ(၆)၊၂၀၂၂ ခုနှစ်။
 
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် -NLD ပါတီဝင် ဦးဝင်းဌေးကို ကြံ့ခိုင်ရေးပါတီဝင် ကျောင်းကုန်းကြီးရွာမှ ပျူစောထီးများနှင့် စစ်ကောင်စီတပ်သားများက ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း သိရသည်။
 
ဦးဝင်းဌေးနှင့်မိသားစုသည် ဒီဇင်ဘာလ ၄ ရက်နေ့က မကွေး-မင်းဘူးသွားပြီး ဆေးခန်းပြအပြန် ပွင့်ဖြူမြို့အဝင် ထွေအုပ်ရုံးရှေ့ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးခံပြီးနောက် သစ်ချိုကုန်းရွာထိပ်တွင် ပျူစောထီးနှင့်စစ်ကောင်စီတပ်သားများက စောင့်ဆိုင်းကာ မိသားစုကို ပြန်လွှတ်ပြီး ဦးဝင်းဌေးကိုသာ ဖမ်းဆီးသွားကြောင်း၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကျောင်းကုန်းကြီးရွာ မြောက်ဘက်တောတွင်းမှာ အလောင်းတွေ့ရှိခဲ့ရကြောင်း၊ ယနေ့ သင်္ဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

 
“သူက ပါတီဝင်ဆိုပေမဲ့ အာဏာသိမ်းခံရပြီးနောက် ဘာမှ အထွေအထူးမလုပ်ဘူး၊ အေးဆေးနေတာ နေလို့ရတယ်ဆိုနေတာပေါ့၊ ရွေးကောက်ပွဲတုန်းကတော့ အောင်နိုင်ရေးတွေ လုပ်ခဲ့တာပေါ့၊ အခုဟာက စစ်ဆေးရေးဂိတ်က လွှတ်ပေးလိုက်တယ် ရွာထိပ်မှာစောင့်ဖမ်းခံရတော့ ကြိုပြင်ထားတယ်၊ ရည်ရွယ်ချက်ရှိရှိကို သတ်တာ၊ လည်ပင်းလှီး သတ်ခံထားရတာ” ဟု ပွင့်ဖြူဒေသခံတဦးကပြောသည်။
 
ဦးဝင်းဌေးအလောင်းတွေ့ရှိရသည့် အနီးကျေးရွာ ကျောင်းကုန်ကြီး ဘုန်းတော်ကြီးကျောင်းတွင် စစ်ကောင်စီတပ်သားများ တပ်စွဲထားကြောင်း၊ အာဏာသိမ်းပြီးချိန် ဆန္ဒပြပွဲတွေ အားကောင်းချိန်က ကျောင်းကုန်းကြီးကျေးရွာတွင် ကြံ့ခိုင်ရေးပါတီဝင်များက NLD ပါတီဝင်တဦးအိမ်ကို ဓားဖြင့်ဝင်ခုတ်မှုဖြစ်ပွားခဲ့သေးကြောင်း၊ ကျောင်းကုန်းကြီးကျေးရွာ ကြံ့ခိုင်ရေးပါတီဝင်များသည် စစ်ကောင်စီတပ်နှင့်ပေါင်းပြီး စစ်သင်တန်းများ တက်ထားကြသည်။
 
ပွင့်ဖြူမြို့ ပြည်သူ့ကာကွယ်ရေးတပ် – People’s Defence Force – Pwintbyu က နိုဝင်ဘာလ ၃၀ ရက် ညနေပိုင်းက ရှောက်တော – မဲဇလီ လမ်းပိုင်းတနေရာမှာ ကျောင်းကုန်းကြီးကျေးရွာမှ ပျူစောထီးအဖွဲ့ခေါင်းဆောင်နှင့် ကြံ့ခိုင်ရေး လွတ်တော်ကိုယ်စားလှယ်တို့ စီးနင်းလာသည့် ကားကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
 
#RedNewsAgency
By Editor