တစ်နှစ်ဗျူဟာချမှတ်ဆောင်ရွက်နေပြီဟု NUG ပြည်ထဲရေးအမြဲတမ်းအတွင်းဝန်ပြော

RNA_နိုဝင်ဘာ ၂၃၊၂၀၂၂ ခုနှစ် ။
 
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့် One Year Strategy (တစ်နှစ်ဗျူဟာ)ကို ချမှတ်ဆောင်ရွက်နေပြီဖြစ်ကြောင်း NUG ပြည်ထဲရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန်က ပြောသည်။
 
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထဲရေးနှင့်လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးမှုစည်းအဝေး (၁၀/၂၀၂၂) ကို ယနေ့ နိုဝင်ဘာ ၂၃ ရက် တွင် ကျင်းပပြုလုပ်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးအနေဖြင့် One Year Strategy ကို ဆောင်ရွက်နေပြီဖြစ်​ပြီး ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှလည်း လုပ်ငန်းစဉ်များကို အတည်ပြုပြီးဆောင်ရွက်လျက်ရှိကြောင်း ယင်း အစည်းအဝေး၌ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က ပြောသည်။
 
အုပ်ချုပ်ရေးလုပ်ငန်းတွင် အဓိကအရေးကြီးဆုံးသည် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးလုပ်ငန်းဖြစ်ပြီး မြို့နယ် ပအဖများအနေဖြင့် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပလဖ များဖွဲ့စည်းနိုင်ရေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ရာတွင် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန်နှင့် မြေပြင်ရှိအခြေအနေများ ကြုံတွေ့ရသည့်အခက်အခဲများအပေါ် အချိန်နှင့်တပြေးညီတင်ပြသွားရန်ဖြစ်ကြောင်း ၎င်းက မှားကြားခဲ့သည်။
 
ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၏ တာဝန်ရှိသူမှ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာသော မြို့နယ် ပအဖ အဖွဲ့ဝင်များက မြေပြင်အုပ်ချုပ်ရေး ဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် လိုအပ်ချက်များ စသည်တို့ကို ရှင်းလင်းတင်ပြပြီး မူဝါဒပိုင်းဆိုင်ရာ သိရှိလိုသည်များအား မေးမြန်းကြကာ ဝန်ကြီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။
 
အစည်းအဝေးသို့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန် ဦးဆောင်ကာပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ပြည်သူ့ ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊မကွေးတိုင်းမှ မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ တက်ရောက်ခဲ့သည်။
 
#RedNewsAgency
By Editor