အင်းစိန်ထောင်ဝန်ထမ်း၂၀ ကျော် ထွက်ပြေး

RNA_နိုဝင်ဘာ(၁၅)၊၂၀၂၂ ခုနှစ်။

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ အင်းစိန်အကျဉ်း ထောင်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်း ၂၀ ဦးကျော် ထွက်ပြေးနေကြောင်း သိရသည်။

အင်းစိန်ထောင်တွင် တာဝန်ထမ်းဆောင်လိုမှုမရှိသည့်အတွက် ထွက်ပြေးသည့် ဝန်ထမ်းများတွင် အမျိုးသမီးအပါအဝင် ၂၀ ဦးကျော်ရှိကြောင်း၊ အင်းစိန်ထောင် ဝန်ထမ်းလိုင်းခန်းအနီးတွင် ထွက်ပြေးသူများစာရင်းကပ်ထားပြီး ဝန်ထမ်းအိမ်ယာပြန်လာပါက အကြောင်းကြားရန် အသိပေးထားကြောင်း သိရသည်။

“တချို့ကတော့ မနေချင်တော့လို့ ထွက်စာတင်တယ်လေ ထွက်ခွင့်မပေးလို့ ပြေးကြတာပါ၊ တချို့ကလည်း ကျောင်းတက်မယ်ပြောပြီး အပြင်ထွက်သွားတာ ပြန်မလာတော့ဘူးလေ၊ အဲဒါ အပြေးဖြစ်တာပေါ့၊ ထွက်စာတင်ကြတယ် ပေးမထွက်ဘူး ” ဟု အင်းစိန်ထောင်ဝန်ထမ်းတဦးက Red News Agency ကိုပြောသည်။

အင်းစိန်အကျဉ်းထောင်တွင် ထောင်ပိုင်နှင့်အရာရှိတချို့က ယခင်ထောင်ပိုင်များနှင့်မတူ လူပါးဝပြီး တာဝန်ချိန်တွင် အစားအသောက်ပါ ထောင်ကတာဝန်မယူကြောင်း၊ ထောင်အုတ်ရိုးဗူးပေါ် တာဝန်ကျနေသည့် ဝန်ထမ်းများကို ထိုင်ခုံမထား ထိုင်ခိုင်းခြင်းမရှိ အချိန်ပြည့် မတ်တပ်ရပ်ကာ CCTV ကိုအချိန်ပြည့်ကြည့်ပြီး ကင်းစောင့်ခိုင်းနေကြောင်း၊ ယခုကာလတွင် အကျဉ်းဦးစီးဝန်ထမ်းလုပ်ချင်သူ ရှားပါးနေသည့်အပြင် ထွက်ချင်သူ များပြားနေကြောင်း၊ အင်းစိန်ထောင်တွင် ဝန်ထမ်း (၈၀၀) ဝန်းကျင်ရှိကြောင်း သိရသည်။

Red News Agency

By Editor