“ ပျော်စရာရှိရင်လည်း ပျော်ပါ… ပျော်ရင်းနဲ့ပဲ သတိလေးထားပြီး… အပျော်မလွန်ပဲ တော်လှန်ရေး ဆက်လုပ်ပါ။ ဝမ်းနည်းစရာ ရှိရင်လည်း ငိုပါ…ငိုရင်းနဲ့ပဲ သတိလေးထားပြီး… တော်လှန်ရေးရဲ့ ပန်းတိုင်ကိုဆက်လျှောက်ပါ”
ချစ်ဝင်းမောင်
အကြည်ဓာတ်လေး…ဆိုတဲ့ စကားကို လူအတော်များများက ပြောဆို သုံးစွဲလာတာ သတိထားမိပါတယ်။ လူတစ်ယောက်ရဲ့ အကြည်ဓာတ်ဆိုတာက ဘယ်နေရာမှာ ဖြစ်နိုင်ပါသလဲ။ နှစ်ပိုင်းရှိမယ်တော့ ထင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အကြည်ဓာတ်နဲ့ စိတ်ပိုင်းဆိုင်ရာ အကြည်ဓာတ်လို့ သရုပ်ခွဲလို့ ရနိုင်ပါတယ်။
ရုပ်ကို ကြည်အောင် ခေတ်မီ အလှပြင်ပစ္စည်းတွေ၊ နည်းပညာတွေနဲ့ ပြင်ဆင်လို့ ရနိုင်ပါတယ်။ စိတ်ကို ကြည်အောင်တော့ဖြင့် ပြင်ပ အကူအညီ တစ်ခုတည်းနဲ့တင် ပြင်ဆင်လို့မရနိုင်ပါဘူး။ နဂို ပကတိစိတ်ကကို ကြည်လင်နေမယ်၊ ကြည်လင်စေနိုင်တဲ့ အကြောင်းအရာတွေကိုလည်း ကြည့်ရှု သုံးသပ် နှလုံးသွင်းတတ်မယ်ဆိုမှ စိတ်ရဲ့ အကြည်ဓာတ်ကို ရနိုင်ပါလိမ့်မယ်။ ဒါကတော့ တစ်ကိုယ်ရည် ဆင်ခြင်မိတဲ့ ယေဘုယျ သရုပ်ခွဲ သုံးသပ်မှုပါ။
စိတ်ကြည်မှ ရုပ်ကြည်မယ်
ထပ်ဆင့် တွေးတောကြည့်မိတာက စိတ်ရဲ့ ကြည်လင်မှုသာ မရှိဘူးဆိုရင် ရုပ်ကို ဘယ်လိုပဲ ပြင်ဆင်ထား,ထား အကြည်ဓာတ်ဟာ ကင်းမဲ့နေမှာလို့ ယူဆမိပါတယ်။ စိတ်မကြည်ရင် ရုပ်မှာလည်း တည်ငြိမ်မှု မရှိနိုင်ပါဘူး။ စိတ်မသစ်ရင် ရုပ်မှာလည်း ညစ်နေနိုင်ပါတယ်။ ဒါကြောင့်လည်း ရှေးကဝိများက “ရုပ်ကိုလည်း ပြင်၊ စိတ်လည်းပြင်“လို့ ဆိုဆုံးမခဲ့ကြဟန် တူပါတယ်။
အထူးသဖြင့် ခက်ခဲကြမ်းတမ်းလွန်းတဲ့ နေ့ရက်တွေကို ဖြတ်သန်းနေရတဲ့ အခုလို တော်လှန်ရေး ကာလမျိုးမှာ စိတ်တွေဟာ ပိုပြီးတော့ နောက်ကျိနိုင်ပါတယ်၊ ညစ်ညူးနိုင်ပါတယ်။ နိစ္စဓူဝ ထိခိုက်ခံစားရမှုတွေ၊ နာကျင်ကြေကွဲရမှုတွေ၊ ပျက်စီးဆုံးရှုံးရမှုတွေက နေရာတိုင်း၊ အချိန်တိုင်းမှာ ဖြစ်ပွားနေနိုင်လို့ပဲ ဖြစ်ပါတယ်။ ရန်သူကလည်း ဒီလို မဖြစ် ဖြစ်အောင်ကို ဖန်တီးလေ့ရှိတာက အားလုံး အသိပါပဲ။ ဒီလို ရန်သူရဲ့ စနက်ကြောင့် သော်လည်းကောင်း၊ မိမိတို့ ရဲဘော်များရဲ့ စီမံခန့်ခွဲရာမှာ ပေါ့ဆမှုကြောင့် သော်လည်းကောင်း ဖြစ်ပေါ်လာတတ်တဲ့ စိတ်ရဲ့ ညစ်ညူးမှု၊ နောက်ကျိမှုတွေက မပြတ် ရှိနေနိုင်တဲ့ သဘာဝ ရှိပါတယ်။
ဒီလို နောက်ကျိမှု၊ ညစ်ညူးမှုတွေ ရှိနေတဲ့ကြားကကို အကြည်ဓာတ် မရ, ရအောင် တည်ဆောက်ကြရမယ်လို့ ရှုမြင်ပါတယ်။ တော်လှန်ရေးသမားတွေရဲ့ စိတ်မှာ အကြည်ဓာတ် မရှိရင် တော်လှန်ရေးအတွက် ရုပ်ဝတ္ထု လိုအပ်ချက်တွေကို ဖြည့်တင်းဖို့၊ တည်ဆောက်ဖို့ အတွက် စိတ်ကူးအသစ်တွေ၊ ချိတ်ဆက်မှု အသစ်တွေ၊ အားအင်အသစ်တွေ ဖြစ်တည်၊ အားကောင်းမှု ကင်းမဲ့ပါလိမ့်မယ် (ဝါ) လျော့နည်းပါလိမ့်မယ်။
အကြည်ဓာတ်ကို ဘယ်လို တည်မလဲ
ဆိုတော့ စိတ်မှာ အကြည်ဓာတ်တွေ ဖြစ်အောင် ဘယ်လိုလုပ်ကြရပါမလဲ။ ဗုဒ္ဓကတော့ “အပ္ပမာဒေန သမ္မာဒေထ” လို့ အကြိမ်ကြိမ် မှာခဲ့ပါတယ်။ “သတိ“တရား လက်ကိုင်ထားဖို့ပါ။ အဆိုးလောကဓံ လေးပါးနဲ့ ကြုံကြုံ၊ အကောင်းလောကဓံ လေးပါးနဲ့ ဆုံဆုံ သတိတရားကို လက်ကိုင်ထားပြီး သင့်တော်လျောက်ပတ်အောင် နှလုံးသွင်းတတ်ဖို့ လိုပါတယ်။ တစ်ခါ တော်လှန်ရေး အင်အားစုတွေကြားမှာ ကိုယ်၊နှုတ်၊ စိတ် သုံးမျိုးစလုံးနဲ့ မေတ္တာတွေ ထားကြဖို့၊ မုဒိတာတွေ ပွားပေးကြဖို့ လိုပါမယ်။
သင့်တော်လျောက်ပတ်အောင် နှလုံးသွင်းမှု ( ယောနိသော မနသိကာရ)မရှိဘူးဆိုရင် ပူလောင်မှုတွေ၊ ညစ်ထေးမှုတွေကို ခံစားရစေမှာ ဖြစ်ပါတယ်။ “သတိ“တရားလေး လက်ကိုင်ထားပြီး သင့်တော်လျောက်ပတ်အောင် နှလုံးသွင်းတတ်မယ်ဆိုရင်တော့ Resilience power လို့ ခေါ်တဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု စွမ်းအားကို တည်ဆောက်လာနိုင်ပါလိမ့်မယ်။ Resilience power (စိတ်ဓာတ်ကြံ့ခိုင်မှု စွမ်းအား) အားကောင်းနေတဲ့ တော်လှန်ရေး ရဲဘော်တစ်ဦးရဲ့ မေတ္တာ၊ မုဒိတာနဲ့ တော်လှန်မှုတွေ၊ အခြား တော်လှန်ရေး အင်အားစုတွေကို ကူညီမှုတွေက ပိုပြီး ထိရောက်တဲ့ စွမ်းဆောင်မှု၊ နွေးထွေးတဲ့ ချိတ်ဆက်မှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
Resilience power (စိတ်ဓာတ်ကြံ့ခိုင်မှု စွမ်းအား)
Resilience power (စိတ်ဓာတ်ကြံ့ခိုင်မှု စွမ်းအား) ဆိုတာက စိတ်မှာ ဖိစီးမှုတွေ၊ နာကျင်မှုတွေ၊ ထိခိုက်မှုတွေ မရှိတာ၊ ကင်းမဲ့နေတာကို ပြောတာမဟုတ်ပါဘူး။ စိတ်ဖိစီးမှုတွေ၊ နာကျင်ကြေကွဲမှုတွေ၊ နောက်ကျိ ညစ်ညူးမှုတွေ ရှိနေရင်းနဲ့ကို လုပ်စရာရှိတဲ့ အလုပ်တွေကို ဆက်လုပ်နိုင်တဲ့၊ ပန်းတိုင်ကို ဆက်လျှောက်နိုင်တဲ့ စွမ်းရည်ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။
ဘွင်းဘွင်း ပြောရမယ်ဆိုရင် ဝမ်းသာစရာရှိလည်း မပျော်ရဘူး၊ ကြေကွဲ စရာရှိလည်း မငိုရဘူးလို့ ဆိုလိုရင်း မဟုတ်ပါဘူး။ ပျော်စရာရှိရင်လည်း ပျော်ပါ… ပျော်ရင်းနဲ့ပဲ သတိလေးထားပြီး… အပျော်မလွန်ပဲ တော်လှန်ရေး ဆက်လုပ်ပါ။ ဝမ်းနည်းစရာ ရှိရင်လည်း ငိုပါ…ငိုရင်းနဲ့ပဲ သတိလေးထားပြီး… တော်လှန်ရေးရဲ့ ပန်းတိုင်ကို ဆက်လျှောက်ပါ။ ဒါကို တော်လှန်ရေးမှာ လိုအပ်တဲ့ Resilience power (စိတ်ဓာတ်ကြံ့ခိုင်မှု စွမ်းအား)လို့ ဆိုချင်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့ အပျော်ကိုလည်း ရဲဘော်တွေကို မျှဝေပါ၊ ရဲဘော်တွေရဲ့ အပျော်တွေကိုလည်း ကိုယ်တိုင် လက်ခံစားသုံးပါ။ ကိုယ့်ရဲ့ ဝမ်းနည်း ကြေကွဲစရာတွေကိုလည်း ရဲဘော်တွေနဲ့ အတူ ကြေကွဲပါ၊ ရဲဘော်တွေရဲ့ နာကျင်ရမှုတွေကိုလည်း အတူ ခံစားပါ။ ပြီးရင်တော့ သတိလေးထားပြီး ဆက်လျှောက်ရမယ့် လမ်းတွေ ရှိသေးကြောင်း သင့်တော်လျောက်ပတ်အောင် နှလုံးသွင်းလို့ အကြည်ဓာတ် လေးနဲ့ စိတ်ဓာတ်ကြံ့ခိုင်အောင် ပြန်လည်တည်ဆောက်ပါ။
အကြည်ဓာတ်တွေ မွေးကြစို့
ချုပ်ရရင် တော်လှန်ရေး ခရီးဟာ မဖြစ်မနေ လျှောက်ရမယ့် လမ်းကြမ်းကြီး တစ်ခုဖြစ်ပါတယ်။ လမ်းက ရှည်လည်း ရှည်ပါမယ်။ သက်လုံကောင်းရမယ်လို့လည်း ဆိုကြပါတယ်။ စိတ်ကူး အသစ်၊ ချိတ်ဆက်မှု အသစ်၊ အင်အား အသစ် တည်းဟူသော တော်လှန်ရေး အောင်မြင်မှု ကိရိယာတွေ ဖြစ်တည်လာဖို့အတွက် သက်လုံနှင့် တူတဲ့ Resilience power (စိတ်ဓာတ်ကြံ့ခိုင်မှု စွမ်းအား) တည်ဆောက်ရပါလိမ့်မယ်။ Resilience power (စိတ်ဓာတ်ကြံ့ခိုင်မှု စွမ်းအား) ဖြစ်တည် အားကောင်းလာဖို့အတွက် အောင်မြင်မှု၊ ကျရှုံးမှုတိုင်းကို သတိတရား လက်ကိုင်ထားပြီး သင့်တော်လျောက်ပတ်အောင် နှလုံးသွင်းရင်း တော်လှန်ရေးမှာ လိုအပ်တဲ့ အကြည်ဓာတ်လေးတွေ မွေးမြူကြရမှာ ဧကန် အမှန်ပဲလို့ ဆိုလိုက်ချင်ပါတယ်။
Red News Agency