လေကြောင်းကာကွယ်ရေးလက်နက် ဖြန့်ကျက်တပ်ဆင်ဖို့ ကန့်အသတ်ရှိဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြော 

RNA_အောက်တိုဘာ(၂၇)၊၂၀၂၂ခုနှစ်။

လေကြောင်းကာကွယ်ရေးလက်နက် (MANPADS) အလုံ အလောက်ဖြန့်ကျက်တပ်ဆင်နိုင်ရန် အကန့်အသတ်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးရည်မွန်က ပြောသည်။

PDF ရဲဘော်များသို့ ပြောကြားသည့် ရေဒီယို NUG အသံလွှင့်အစီအစဉ်တွင် ဦးရည်မွန်က ပြောကြားထားခြင်းဖြစ်သည်။

” လေကြောင်းကာကွယ်ရေးလက်နက် (MANPADS) အသုံးပြုတယ်ဆိုတာ နည်းလမ်းတစ်ခုပဲ ဖြစ်တယ်။ ဒီလက်နက်က တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ကြပ်မတ်ထားတာ ဖြစ်တဲ့အတွက် ပစ္စည်းရဖို့ အချိန်ယူကြိုးစားရသလို အလုံအလောက်ဖြန့်ကျက်တပ်ဆင်နိုင်ဖို့ ဆိုတာလည်း အကန့်အသတ်ရှိတယ်။ ဒါကြောင့် ငါတို့ ဥာဏ်သုံးပြီး ရန်သူ့လေကြောင်းဟန့်တားနိုင်မယ့်နည်းလမ်းသစ်တွေ ရှာရလိမ့်မယ်။နည်းဗျုဟာပိုင်းဆိုင်ရာ လိုအပ်တဲ့အပြောင်းအလဲနဲ့အသင့်အနေအထား ပြင်ဆင်မှုတွေ ဆောင်ရွက်ကြဖို့ လိုအပ်မှာ ဖြစ်တယ်” ဟု ဦးရည်မွန်က ပြောသည်။

ယခုအချိန် ရဲဘော်မျ အရေးတကြသတ်ပြုရမှာက လေကြောင်းစီးနင်းတိုက်ခိုက်မှုဖြစ်ကြောင်း၊ မြေပြင်မှာ တော်လှန်ရေးအင်အားကို မယှဥ်နိုင်တော့ပဲ အရေးနိမ့်လာသည်နှင့်အမျှ စစ်ကောင်စီဟာ စစ်ရေးထွက် ပေါက်အဖြစ် လေကြောင်းကို ပိုပြီး အားပြုလာသည်ကို တွေ့ရကြောင်း၊ ဆေးစွဲနေသည့် စစ်ကောင်စီတပ်အနေနှင့် လူမဆန်သည့် ရာဇဝတ်မှုများ ကျုးလွန်ခြင်းသည် မထူးဆန်းကြောင်း၊ ရဲဘော်များအနေဖြင့် သတိ၊ ဝီရိယ ပိုရှိကြပြီး၊ အကြမ်းဖက်စစ်တပ်၏ အန္တရာယ်မှ မိမိတို့ပြည်သူကို အစွမ်းကုန် ကာကွယ်စောင့်ရှောက်ကြပါဟု PDF များကို တိုက်တွန်းထားသည်။

” လေကြောင်းဟာ အနှောက်အယှက် အဖျက်စွမ်းအားကြီးတာ မှန်ပေမယ့် စစ်ရေးအဆုံးအဖြတ် ပြုနိုင်တဲ့ ယန္တရားမဟုတ်ဘူးလို့ ငါတို့နားလည်တယ်။ ငါတို့တော် လှန်ရေးဟာ ဥာဏ်နဲ့ယှဥ်တဲ့ တော်လှန်ရေး ဖြစ်တယ်။ ငါတို့ ဥာဏ်ရှိရင် ရှိသလို ရန်သူ့လေကြောင်းကို ဟန့်တားနိုင်မယ့် နည်းလမ်းတွေ ငါတို့ရှာဖွေနိုင်လိမ့်မယ်” ဟု လေကြောင်း ရန်ကာကွယ်ရေး ကိစ္စနှင့်ပတ်သတ်ပြီး ထည့်သွင်းပြောကြားထားသည်။

Red News Agency

By Editor