စစ်ရေးမဟာမိတ်တပ်ပေါင်းစု တည်ဆောက်ရာမှာ အမြော်အမြင်ရှိရှိ ကြည့်မြင်ဖို့လိုကြောင်း NUG ယာယီသမ္မတပြော 

RNA_အောက်တိုဘာ (၁၈)၊၂၀၂၂ ခုနှစ်။

မြန်မာ့ နွေဦးတော်လှန်ရေးအတွင်း စစ်ရေးမဟာမိတ်တပ်ပေါင်းစု တည်ဆောက်သည့်နေရာမှာ မဟာမိတ်ဆက်ဆံရေးအမြင်ကို တတ်နိုင်သမျှ အမြင်ကျယ်ကျယ်၊ သဘော ထားကြီးကြီးနှင့် အမြော်အမြင်ရှိရှိ ကြည့်မြင်ဖို့လိုအပ်ကြောင်း ယနေ့ နံနက် (၁၀) နာရီက ပြုလုပ်သည့် ( ၇၂) ကြိမ်မြောက် NUG အစိုးရအဖွဲ့ အစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

“အားလုံးပါဝင်ရေးမူကို ဆွဲကိုင်ပြီးတော့ နွေဦးတော်လှန် ရေးရဲ့ စစ်ရေးတပ်ပေါင်းစု မဟာမိတ် ဆက်ထုံးကို ခိုင်မြဲအောင် စုစုစည်းစည်း ညီညီညွတ်ညွတ် လုပ်ကြရမယ်လို့ ယူဆပါတယ်။ တစ်ဖက်မှာလည်း စစ်ရေးပူး ပေါင်းမဟာမိတ်လှုပ်ရှားမှုတွေကို လက်တွေ့ကျကျလုပ်ကြရမယ်လို့တိုက်တွန်းချင်ပါတယ်။  ကျွန်တော့်အနေနဲ့ အထူးဂရုပြုပြီး ထပ်မံပြောကြားလိုတာကတော့ မဟာမိတ်ဆက်ဆံရေးအပေါ်ဘယ်လို ချည်းကပ်သင့်သလဲဆိုတဲ့ အချက်ဖြစ်ပါတယ်။ မြန်မာ့ နွေဦးတော်လှန်ရေးအတွင်းက စစ်ရေးမဟာမိတ်တပ်ပေါင်းစုကို တည်ဆောက်တဲ့နေရာမှာ မဟာမိတ်ဆက်ဆံရေးအမြင်ကို တတ်နိုင်သမျှ အမြင်ကျယ်ကျယ်၊ သဘောထားကြီးကြီးနဲ့ အမြော် အမြင်ရှိရှိ ကြည့်မြင်ဖို့လိုပါတယ်။ မဟာမိတ်ဆက်ဆံရေးကို တည်ဆောက်တဲ့ နေရာမှာ သဘောထားအမြင် ကျဉ်းမြောင်းစွာ ချည်းကပ်လုပ်ဆောင်ဖို့ မသင့်ပါဘူး။ ကျွန်တော်တို့ရဲ့ တော်လှန်ရေး စိတ်ဆန္ဒတွေဟာ ဂိုဏ်းဂဏဝါဒကို ရှောင်ပြီးတော့ ပုဂ္ဂိုလ်ရေးအစွဲတွေကို ကျော်နိုင်ဖို့လိုပါလိမ့်မယ်။ မဟာ မိတ်ဆက်ဆံရေးမှာ ရေတိုအကျိုးစီးပွားတွေကိုပဲ ကြည့်ပြီး လုပ်ဆောင်တာမျိုးကိုလည်း ရှောင်ကြဉ်ဖို့ လိုတယ်လို့ ယူဆပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

ယင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း “အခုဆိုရင်တိုင်းရင်းသား အင်အားစုတွေနဲ့ သွေးခွဲဖို့နည်းလမ်းစုံကို သုံးနေ တာကြောင့် ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ မဟာ မိတ်တွေနဲ့ ခိုင်ခိုင်မာမာ လက်ချင်းချိတ်ထားနိုင်ဖို့ လိုပါတယ်။ တချို့ အင်အားစုတွေကလည်း ခိုင်ခိုင်မာမာ လက်မတွဲရသေးပေမယ့် ပူးပေါင်းလုပ်ဆောင်နေတာတွေ အများကြီးရှိနေပြီး၊ တော်လှန် ရေးအပေါ် ဘုံရည်မှန်းချက်ကလည်း တူနေကြတာမို့ သူတို့နဲ့လည်း ခိုင်မာအားကောင်းစေဖို့ ကျွန်တော်တို့ အားထုတ်ဖို့ လိုအပ် ပါတယ်” ပြောကြားခဲ့သည်။

အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးက မဟာမိတ်ဆက်ဆံရေးကော်မတီမှ လုပ်ဆောင်နေသည့် လုပ်ငန်းများကို တင်ပြခြင်း၊ NUG၏ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအဖွဲ့ (TC-PT)မှ လုပ်ဆောင်နေသည့် လုပ်ငန်းများကို တင်ပြခြင်း၊ အလုပ်သမား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီက အလုပ်သမားဝန်ကြီးဌာန၏ လက်တလော ဆောင်ရွက်ချက်များ တင်ပြဆွေးနွေးခဲ့ကြပြီးနောက်။ပြည်ထောင်စုဝန်ကြီးချုပ်က တင်ပြလာသည်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ် အမှာစကားပြောကြားခြင်း စသည်တို့ပို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ : ၂၀၂၂ခုနှစ် မေလ (၃၀) ရက်နေ့က ရှေ့တန်း စစ်စခန်းတခုကို NUG ယာယီသမ္မတ ဒူဝါလရှီးလ သွားရောက်စဉ်

Red News Agency

By Editor