ချောင်းမရွာအနီး အမျိုးသား (၅) ဦးကို စစ်ကောင်စီတပ်သားများက သတ်ဖြတ်

RNA_ဩဂုတ်၂၇၊၂၀၂၂ခုနှစ်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာကို စစ်ကောင်စီတပ်သားများ ဩဂုတ်၂၆ ရက်နေ့က ဝင်ရောက် စီးနင်းကာ ဒေသခံ အမျိုးသား (၅) ဦးကို သတ်ဖြတ်သွားကြောင်း သိရသည်။

မုံရွာ- ယာကြီး- ကလေးဝ ကားလမ်းဘေးရှိ ချောင်းမရွာကို စစ်ကောင်စီတပ်သားများ စီးနင်းပစ်ခတ် ဝင်ရောက်ပြီး၊ ဒေသခံအမျိုးသား (၅) ဦး၏ ရုပ်အလောင်းများကို ချောင်းမ-ကနီ လမ်းခွဲ အနောက်ဘက်တွင် ယနေ့ (ဩဂုတ် ၂၇ ရက်)တွင် တွေ့ရှိခဲ့ရပြီး မည်သူမည်ဝါ အတည်မပြုနိုင်သည့်အတွက် သေဆုံးသူများ ထပ်မံရှိနိုင်သေးကြောင်း ကနီမြို့နယ် ဒေသခံမှ ကိုပြည့်အောင်နိုင်ထံမှ သိရသည်။

စစ်ကောင်စီတပ်သားများ ချောင်းမရွာဝင်ရောက်ပြီး ယနေ့အထိ အတည်ပြုနိုင်သည်မှာ ဒေသခံအမျိုးသား (၅) ဦးကို သတ်ဖြတ်ပြီး၊ မုံရွာ- ယာကြီး ကလေးဝ လမ်းအနီး ခရီးသွား ကား (၄)စီး ၊ဆိုင်ကယ် (၂)စီးတို့ကို မီးရှို့သွားကြောင်း၊ ယနေ့ နံနက်တွင် ချောင်းမရွာမှ စစ်ကောင်စီတပ်သားများ ချောင်းမ-ကနီ လမ်းဘေးရှိ သင့်ဝင်၊ မင်းမ၊ သမင်ခြံ ရွာများအနီး နှစ်စုခွဲကာ ထိုးစစ်ဆင်နေကြောင်း၊ ကျေးရွာအုပ်စု(၆)စုမှ ဒေသခံပြည်သူ နှစ်သောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

Red News Agency

By Editor