ပုလင်းတူဗူးဆို့များညီညွတ်ရေးအစိုးရ

KGZ ကိစ္စမှာ ကရင်နီပြည်အကြောင်း ခရေစေ့တွင်း ကျသိတဲ့ ခွန်းဘီထူး စကားတစ်ခွန်းမှ မဟဘဲ နားကန်းတစ်လုံးမှ မသိတဲ့ အိသဉ္ဇာမောင်က ဝင်ယောင်တာဟာ အတော်ဆိုးပါတယ်။ ငါးပိသည်က အိပ်နေတုန်း ဆားသည်က ခွေးဝင်မောင်းသလို ဖြစ်နေပါတယ်

ကရင်နီဂျန်နရေးရှင်းဇက်(KGZ)အဖွဲ့ရဲ့ စစ်ကြောင်းမှူးဖြစ်သူ ‌ကိုဇော်လင်းထွန်း ခေါ် ဗိုလ်ဆော်ရယ် ကျဆုံးသွားတဲ့သတင်း တက်လာတဲ့နေ့မှာ ဒုဝန်ကြီး အိသဉ္ဇာမောင်ကို အမေရိကန်ပြည်ထောင်စုက အမျိုးသမီးသတ္တိရှင်ဆုကို ချီးမြှင့်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

ဗိုလ်ဆော်ရယ်ဟာ အရင်က ကျောင်းဆရာဟောင်းတစ်ဦးဖြစ်ပြီး စစ်အုပ်စုက အာဏာသိမ်းပြီးနောက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေထဲမှာ ထဲထဲဝင်ဝင်ပါရင်းကနေ အခုလို ကရင်နီဂျန်နရေးရှင်းဇက်(KGZ)မှာ ပါဝင်တိုက်ခိုက်နေသူဖြစ်လာခဲ့ပါတယ်။

ဗိုလ်ဆော်ရယ်ခေါ် ကျောင်းဆရာကိုဇော်လင်းထွန်းဟာ ကျောင်းသားဘဝက လွိုင်ကော်မှာ ကျောင်းသားသမဂ္ဂထဲပါဝင်ဖြတ်သန်းဖူးခဲ့သူလို့ သူ့ရဲဘော်တွေက မီဒီယာတွေမှာ ဖြေထားပါတယ်။

ကျဆုံးသွားတဲ့ ကိုဇော်လင်းထွန်းအတွက် မချိတင်ကဲဖြစ်ရသူတွေက အဲ့ဒီနေ့မှာ ဒုဝန်ကြီး အိသဉ္ဇာမောင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာအောက်မှာ မကျေနပ်မှုတွေကို သွားရောက်ရေးသားခဲ့ကြတာကို တွေ့ရပါတယ်။လူထောင်ပေါင်းများစွာက အိသဉ္ဇာမောင်ရဲ့ ပို့စ်တွေအောက်မှာ “အမှားကို ဝန်ချတောင်းပန်ဖို့နဲ့ မှားယွင်းတဲ့ပို့စ်‌ကို ပြန်ဖြုတ်ဖို့”ကို အဓိကထားပြီး မန့်ကြတာကို တွေ့ရပါတယ်။

နောက်ခံအကြောင်းရင်း

——————————-

အိသဉ္ဇာမောင်နဲ့ KGZ ကြားက ပြဿနာကို ရှာဖွေဖော်ထုတ်တဲ့အခါမှာ ပြီးခဲ့တဲ့လက KGZ အနေနဲ့ သတင်းထောက်နှစ်ယောက်နဲ့ မိန်းကလေးတယောက်ကို ဖမ်းဆီးစစ်ဆေးတဲ့ကိစ္စက စတယ်လို့ပြောရပါလိမ့်မယ်။

မိန်းကလေးက အထက်တန်းကျောင်းသူအရွယ် အသက်မပြည့်ဘူးလို့ သိရပါတယ်။သတင်းထောက်နှစ်ယောက်ကတော့ ခွန်ဇော်ဦးနဲ့ သူတွဲနေကြ အမျိုးသမီးသတင်းထောက်တယောက်ပါ။သူတို့ကို စစ်ကောင်စီရဲ့ သတင်းပေးတွေအဖြစ် မသက်ာလို့ ဖမ်းဆီးစစ်ဆေးတဲ့အခါ သတင်းထောက်ဘက်က မချေမငံဆက်ဆံလို့ KGZ ရဲဘော်တွေက ကြိုးတုပ်ထားတာ၊ရိုက်နှက်ကြတာတွေရှိတယ်လို့ သိရပါတယ်။

ဘယ်လိုပဲဖြစ်စေ သတင်းထောက်ခွန်ဇော်ဦးတို့ သုံးယောက်စလုံး ဘေးမသီရန်မခပဲ ပြန်လွတ်မြောက်လာကြပါတယ်။အဲ့ဒီနောက်ပိုင်းမှာ ဒုဝန်ကြီး အိသဉ္ဇာမောင်က သူတို့စုံစမ်းနေဆဲဖြစ်လို့ KGZ ကို ငွေမလှူကြဖို့ online ပေါ်ကနေ အလှူရှင်တွေကို တားမြစ်ခဲ့ပါတယ်။စုံစမ်းစစ်ဆေးပြီးသွားရင် ပြန်လည်အားပေးလို့ရပါတယ်လို့လည်း ပြောခဲ့ပါတယ်။

နောက်ဆက်တွဲရိုက်ခတ်ချက်များ

———————————————

သူ့ရဲ့ ပြောစကားကြောင့် လက်တွေ့တိုက်ပွဲဝင်နေရတဲ့ KGZ ကို ငွေလှူတဲ့သူတွေနည်းသွားပြီး ကျည်ဆံတောင်ဝယ်မရတော့တဲ့ အခက်အခဲတွေကြုံခဲ့ရတယ်လို့ တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ကိုဇော်လင်းထွန်း မကျဆုံးခင်က နောက်ဆုံးတင်တဲ့ပို့စ်တွေကို ကြည့်ရင် သိသာပါတယ်။အလှူရှင်တွေက ကျော်သွားတယ်၊မလှူတော့ဘူးတို့၊ ဘလူးမတ်ခ်နဲ့ ဝန်ကြီးစကားပဲ ယုံကြတော့တယ်တို့ စသဖြင့် တင်ထားတာကို တွေ့ရပါတယ်။

ဒီနေရာမှာ ဒုဝန်ကြီးအိသဉ္ဇာမောင် ပြောလိုက်လို့ ခုလိုကိစ္စတွေဖြစ်သွားတယ်လို့ ယူဆလို့ရပါတယ်။အိသဉ္ဇာမောင်ကိုလည်း အပြစ်တင်ချင်တယ်ဆိုရင် တင်လို့ရပါတယ်။ဒါပေမယ့် အိသဉ္ဇာမောင်နဲ့တင် ဂိတ်မဆုံးသေးဘူးလို့ ပြောချင်ပါတယ်။

ရှုမြင်ပုံ၊ချဉ်းကပ်ပုံ၊‌ယူဆပုံအသစ်များကို ထပ်ရှာကြည့်ပါစို့

——————————————————————

ကျနော်တို့မိတ်ဆွေများ ပြည်သူများဟာ ပြဿနာတစ်ခုကို ရှုမြင်တဲ့နေရာမှာ လတ်တလောဖြစ်စဉ်၊ဖြစ်ရပ်တစ်ခုတည်းကိုပဲ ကွက်ကြည့်ပြီး စိတ်လိုက်မာန်ပါ ဆုံးဖြတ်လေ့ရှိပါတယ်။

အိသဉ္ဇာမောင် စတင်နာမည်ထွက်စဉ်ကလည်း We love Ma Ma Ei group တွေဖွင့်ပြီး သောက်သောက်လဲ အားပေးခဲ့ကြပြီးပြီ။အခုလည်း အိသဉ္ဇာမောင်ကို ဝိုင်းဆဲပြီးကြပြီ။ကျနော်စိတ်ပူတာက ဒီလိုဆဲပြီး နောက်တပတ်လောက်ကြာရင် ဒီကိစ္စကို မေ့သွားမှာကိုပဲဖြစ်ပါတယ်။

လောကသဘာဝ ချီးမွမ်းခုနစ်ရက်၊ကဲ့ရဲ့ ခုနစ်ရက် လို့ ရှိသလို ဖေ့စ်ဘွတ်ခ်ပေါ်မှာ trend တခုက အများဆုံး (၇)ရက်ကျော်ရင် ပျောက်သွားတတ်တာမို့ပါ။ငါးပွက်ရာ ငါးစာချပြီး အိသဉ္ဇာမောင်လောက်ကို ဟိမဝန္တာချီးမွမ်းခန်းဖွင့်တဲ့အထဲမှာ ကျနော်တို့မပါသလို ပျစ်ပျစ်နှစ်နှစ်ဆဲတဲ့အထဲမှာလည်း ကျနော်တို့မပါခဲ့ပါဘူး။

ကျနော်တို့ရဲ့ ရှုမြင်ပုံ၊ချဉ်းကပ်ပုံ၊ယူဆပုံတွေကို အသစ်ပြောင်းဖို့ လိုပါတယ်။ဒီပြဿနာရဲ့ အစက အိသဉ္ဇာမောင်လို့ မြင်နေကြပေမယ့် ဒီပြဿနာရဲ့ နောက်ကွယ်မှာ ပါဝင်နေတဲ့ အခြားအကြောင်းတရားတွေကိုတော့ လူတိုင်းမမြင်ကြပါဘူး။

KGZ ကို ဝိုင်းပယ်ခဲ့ကြသူများ

—————————————

ခွန်ဇော်ဦးတို့ကိစ္စဖြစ်ပြီးနောက်ပိုင်း အိသဉ္ဇာမောင် စာထုတ်သလို အခြား စာထုတ်တဲ့အဖွဲ့တွေလည်း ရှိပါတယ်။ကျနော်တို့ အမှတ်မမှားဘူးဆိုရင် KNDF လည်း အဲ့လိုစာထုတ်တဲ့အထဲပါဝင်ပါတယ်။

KNDF (ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့)ဟာ မြေပြင်မှာ တကယ်တိုက်ပွဲဝင်နေတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။ဒီအဖွဲ့ရဲ့ အကြီးအကဲတွေဟာလည်း NUG အစိုးရနဲ့ တရားဝင်ပတ်သက်နေတဲ့သူတွေဖြစ်ပါတယ်။လျှို့ဝှက်ချက်မဟုတ်ပေမယ့် လူတိုင်းမသိတဲ့အချက်တွေရှိလို့ အများကြီး ထုတ်မပြောချင်ပါဘူး။သို့သော် KNDF အနေနဲ့ KGZ အပေါ် သူတို့နဲ့ မသက်ဆိုင်ပါဘူးလို့ ကြေညာခဲ့တဲ့အပြင် အရင်ကလို မြေပြင်တိုက်ပွဲတွေမှာ ကျည်ဆန်ကုန်ရင် ကျည်ဆန်ကအစ ထောက်ပို့ပေးနေတာတွေကို ရပ်တန့်ဖြတ်တောက်ပစ်လိုက်တာမျိုးတွေ ရှိတယ်လို့ သိရပါတယ်။

မြေပြင်မှာ တိုက်ပွဲအတူတိုက်နေတဲ့အဖွဲ့တွေဟာ KGZ အကြောင်းကို အိသဉ္ဇာမောင်ထက်ပိုသိမှာပါ။ထားတော့ မြေပြင်အချက်အလက်ကို မသိဘဲ အာချောင်တဲ့ အိသဉ္ဇာမောင်မှာ အပြစ်ရှိတယ်လို့ ပြောရင် မြေပြင်အခြေအနေ အလုံးစုံသိတဲ့ KNDF နောက်ကွယ်က ကြိုးကိုင်ဆရာကြီးတွေကိုရော အပြစ်မတင်သင့်ပေဘူးလား။

အကြောင်းသိအချင်းချင်း ကိုယ့်တပ်ကိုယ်ပြန်ချနင်းသလို ရုတ်တရက် အဆက်အသွယ်ဖြတ်တာ၊ထောက်ပို့ဖြတ်တာ၊ကျည်ဆန်ဖြတ်တာမျိုးဟာ ပိုလို့တောင် မလုပ်သင့်မလုပ်ထိုက်တဲ့အရာတွေလို့ မြင်ပါတယ်။အိသဉ္ဇာမောင်ရဲ့ လုပ်ရပ်ထက် ပိုဆိုးဝါးတဲ့ လုပ်ရပ်တွေလို့လည်း သုံးသပ်မိပါတယ်။

အပြစ်တင်ကြကြေးဆိုရင် NUG အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကစပြီး ပြောစရာတွေချည်းပါပဲ။အဓိကထားပြီး ဒီနေရာမှာပြောချင်တာကတော့ NUG ရဲ့ သစ်တောနဲ့သဘာဝပတ်ဝန်းကျင်ရေးရာ ဒုဝန်ကြီးဖြစ်တဲ့ ခွန်းဘီထူးကို ပြောဖို့လိုပါမယ်။သူ့ရဲ့ ဩဇာဟာ ကရင်နီပြည်မှာ အတိုင်းအတာတစ်ခုထိ ပြန့်နှံ့နေပြီး KNDF ၊ KDF၊ DMO-PDF စတဲ့အဖွဲ့တော်တော်များများဟာ ခွန်းဘီထူးရဲ့ လွှမ်းမိုးမှု မကင်းတဲ့အဖွဲ့တွေဖြစ်ကြပါတယ်။

အခု KGZ ကိစ္စမှာ ကရင်နီပြည်အကြောင်း ခရေစေ့တွင်း ကျသိတဲ့ ခွန်းဘီထူး စကားတစ်ခွန်းမှ မဟဘဲ နားကန်းတစ်လုံးမှ မသိတဲ့ အိသဉ္ဇာမောင်က ဝင်ယောင်တာဟာ အတော်ဆိုးပါတယ်။ ငါးပိသည်က အိပ်နေတုန်း ဆားသည်က ခွေးဝင်မောင်းသလို ဖြစ်နေပါတယ်။

KGZ ကို ဝိုင်းကျဉ်ထားကြတဲ့ကိစ္စမှာတော့ အိသဉ္ဇာမောင်ရော ခွန်းဘီထူးပါ နှစ်ယောက်စလုံး တာဝန်ရှိတယ်လို့ ယူဆပါတယ်။အွန်လိုင်းပေါ်က မိတ်ဆွေများကို သတိပေးတိုက်တွန်းချင်တာက ကိစ္စရပ်တစ်ခုကို ကြည့်တဲ့အခါ တစ်ကွင်း တစ်ကွက်ပဲမကြည့်ကြဘဲ ရှုမြင်ကွင်းကို ပိုကျယ်ကျယ်မြင်အောင် Scope ချဲ့ကြည့်ကြဖို့ပါပဲ။

အခြေအနေအားလုံးကို ချုပ်ပြီးကြည့်မယ်ဆိုရင် အခု ကျောင်းဆရာလေး ကိုဇော်လင်းထွန်းကျဆုံးရတဲ့ကိစ္စမှာ ဒုဝန်ကြီးဆိုတဲ့ ရာထူးအရှိန်နဲ့ KGZ အပေါ် ပစ်ပစ်ခါခါ ဆက်ဆံခဲ့တာ အိသဉ္ဇာမောင် တစ်ယောက် တည်းတော့မဟုတ်ဘူဆိုတာ သိမြင်စေချင်ပါတယ်။ကျနော်တို့သဘောကတော့ အမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ်စလုံး ဒီကိစ္စမှာ တာဝန်ယူမှု၊တာဝန်ခံမှုရှိစေချင်တာပါ။ဒီလိုလုပ်ဖို့ ဘာလို့လိုသလဲဆိုတော့ အမျိုးသားညီညွတ်ရေးအစိုးရဆိုတာ တခြားမဟုတ်ဘဲ စိတ်တူကိုယ်တူ သဘောထားတူ လုပ်ဟန်ချင်းတူတဲ့ ပုလင်းတူဗူးဆို့တွေ ညီညွတ်နေကြတဲ့အစိုးရတစ်ရပ်ဖြစ်‌နေလို့ပဲဆိုတာ ပြောချင်ပါတယ်။

အေဂွန်

RedNewsAgency

By Editor