ရိုဟင်ဂျာလူမျိုးများအတွက် တရားမျှတမှုရရှိရေး NUG အစိုးရ၏ တာဝန်အဖြစ် ခံယူထား

RNA_ဖေဖော်ဝါရီ ၁၆ ရက်၊ ၂၀၂၂ ခုနှစ်။

၂၀၁၆-၂၀၁၇ ခုနှစ်များအတွင်း ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာလူမျိုးများအပေါ် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်၏ အကြမ်းဖက်မှုကြောင့် မြေစာပင်ဖြစ်ခဲ့ရသူများအတွက် တရားမျှတမှု ရရှိရေး NUG အစိုးရ၏ တာဝန်ဝတ္တရားအဖြစ် အလေးအနက်ခံယူထားကြောင်း NUG သမ္မတရုံးက ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ထုတ်ပြန် ကြေညာထားသည်။

ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးသုဉ်းသတ် ဖြတ်မှုများနှင့် ပတ်သက်ပြီး ဂမ်းဘီးယားနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားသည့်အမှုနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရက ဥပဒေပညာရှင်အဖွဲ့ ဖွဲ့စည်းလိုက်သည်။

” စစ်တပ်၏ အကြမ်းဖက်မှုကြောင့် မြေစာပင်ဖြစ်ရတဲ့ ဒုက္ခသည်တွေအတွက် တရားမျှတမှု ရရှိရေးက မိမိရဲ့တာဝန်ဝတ္တရားအဖြစ် အလေးအနက်ခံယူသည်။ ထို့ကြောင့် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များအတွင်းက ရိုဟင်ဂျာများအပေါ် ထိုးနှက်ခဲ့သည့် စစ်တပ်၏ စစ်ဆင် ရေးများနှင့် စပ်လျဥ်း၍ ယခု အပြည်ပြည်ဆိုင်ရာတရား ရုံး (ICJ) ရှေ့မှောက်တွင် ရင်ဆိုင်နေရသော အမှုသည် အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြန်မာပြည်သူ တစ်ရပ်လုံးအတွက် အလွန်အရေးကြီး အလေးထားရမည့်ကိစ္စအဖြစ် ခံယူထားပါသည်” လို့ ယာယီသမ္မတဒူဝါလရှီးလက ထုတ်ပြန်ချက်တွင် ထည့်သွင်း ပြောကြားထားသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က ပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က လူမျိုးသုဉ်းသတ်ဖြတ်မှု စွပ်စွဲချက်ကို ပယ်ချရန် လျှောက်ထားခဲ့ကြောင်း၊ ယင်းအချိန်က မင်းအောင်လှိုင်ပါအဝင် စစ်တပ် ထိပ်ပိုင်း (၆) ဦးလုံးကို ကုလသမဂ္ဂ အချက် အလက်ရှာဖွေရေးအဖွဲ့က လူမျိုးသုဉ်း သတ်ဖြတ်မှုဖြင့် စွပ်စွဲထားပြီး ရာဇဝတ်မှုဖြင့် စွဲချက်တင်ရန် အကြံပြုခဲ့သည်။

မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ် ရိုဟင်ဂျာများအပေါ် ကျူးလွန်ထားမှုနှင့် ပတ်သက်ပြီး အမှုကို ချောမွေ့စွာ ဆက်လက်တရားစွဲဆိုနိုင်ပြီး အရေးယူနိုင်ရေးအတွက် NUG အစိုးရက NLD အစိုးရလက်ထက် ပဏာမ ကန့်ကွက်မှုကို ရုပ်သိမ်းကြောင်း ဆုံးဖြတ် ချက်ကိုလည်း တရားရုံးကို အသိပေးထားပြီးဖြစ်ကြောင်း၊ ယနေ့ ဖွဲ့စည်းသည့် ဥပဒေပညာရှင်အဖွဲ့ကို သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် လက်တွဲလုပ်ဆောင်မည့် Professor Jean-Marc Thouvenin) နှင့် Steven Powles QC တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၇ ခုနှစ် နှောင်းပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရခိုင်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော်(ARSA) က ရဲတပ်ဖွဲ့ စခန်းများကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက်ဟုဆိုကာ မင်းအောင်လှိုင်ဦးဆောင်သည့် စစပ်တပ်နှင့် ရဲများ၊ နယ်ခြားစောင့်တပ်များက နယ်မြေ ရှင်းလင်း စစ်ဆင်ရေးများပြုလုပ်ခဲ့ရာ ရိုဟင်ဂျာ (၇) သိန်းကျော်ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ကြရကြောင်း၊ အဆိုပါစစ်ဆင်ရေးများတွင် လူမျိုးတုန်းသတ်ဖြတ်ရန် ရည်ရွယ်ချက်ရှိခဲ့သည်ဟု ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများကပြောခဲ့ခြင်း ဖြစ်သည်။

NUG က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်အာဏာသိမ်းပြီးနောက် ကျူးလွန်ထားသည့် လူ့အခွင့်အရေးချိုးဖောက်သည့် အထောက်အထားတွေကို ရှာဖွေစုဆောင်းပြီး တင်ပြမှာဖြစ်ကြောင်း၊ International Criminal Court (ICC) ၏ စီရင်ပိုင်ခွင့်အာဏာကို ၂၀၀၂ ခုနှစ် နောက်ပိုင်း ကျူးလွန်သော Rome Statute မှာ အကျုံး ဝင်သည့် ရာဇ၀တ်မှုအားလုံးအတွက် အပ်နှင်းထားကြောင်း၊ မြန်မာနိုင်ငံနှင့် ပြည်သူများ၏ ကောင်းကျိုးကို ရည်မျှော်ပြီး လူ့အခွင့်အရေးနှင့် တရားမျှတမှုကို အလေးထားသူအားလုံး၏ ပံ့ပိုးကူညီမှုအားလုံးကို ရယူကာလက်တွဲကြိုးပမ်းဆောင်ရွက်နေကြောင်း ယနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

Red News Agency

By Editor