RNA_ဖေဖော်ဝါရီ ၁၇ ရက်၊ ၂၀၂၂ ခုနှစ်။
ရှမ်းပြည်နယ်တောင်ပိုင်ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အစပ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့တွင် တိုက်ပွဲများ ပြင်းထန်လာမည်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် ဘေးကင်းရာနေထိုင်ကြရန် မေတ္တာရပ်ခံထားသည်။

” မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်များသည် မိုးဗြဲမြို့ကို ဆက်လက်ကာကွယ်ပြီး အကြမ်းဖက်စစ်တပ်ကို ပစ်ခတ်နှိမ်နင်းဦးမည်ဖြစ်သောကြောင့် မိဘပြည်သူများ ဘေးကင်းရာတွင်သာ နေထိုင်ကြရန်၊ မြို့တွင်းသို့ မေးမြန်းစုံစမ်းခြင်းမပြုပဲ မဝင်ပါရန် အထူးမေတ္တာရပ်ခံပန်ကြားအပ်ပါသည်” ဟု ယနေ့ နံနက်ပိုင်းတွင် လွိုင်ကော် PDF က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ် တင့်ကားများအပါအဝင် တပ်သား အင်အား အလုံးအရင်းဖြင့် မိုးဗြဲမြို့သို့ရောက်ရှိလာပြီး မြို့နေပြည်သူများကို သေနတ်ဖောက်ခြင်း စသည့် ခြိမ်းခြောက်မှုများပြုလုပ်နေသည့်အတွက် ဖေဖော်ဝါ ရီလ ၁၆ ရက်နေ့က လွိုင်ကော် PDF၊ မိုးဗြဲ PDF၊ KA၊ ဒီးမော့ဆို PDF၊ KNDF၊ KGZ စသည့် မဟာမိတ်အဖွဲ့များ တို့ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည့် အတွက် တနေကုန် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ် အထိအခိုက် အကျအဆုံးများနိုင်ကြောင်း၊ ညပိုင်း စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် မိုးဗြဲမြို့ စည်ကား (၃) ရပ်ကွက်ရှိ နေအိမ်တလုံးပေါ်ကျကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ မြို့ဗြဲမြို့တွင် တိုက်ပွဲများပြင်းထန်လာနိုင်ကြောင်း သိရသည်။

Red News Agency