ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ထောင်နိုင်ရန် မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်အဖွဲ့အား ဖယ်ရှားပြီးမှသာ ပြုလုပ်နိုင်မည်

RNA_ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။

မွန်ပြည်နယ်အတိုင်ပင်ခံ ကောင်စီက ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ထောင်နိုင်ရန် မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်ကောင်စီအား ဖယ်ရှားပြီးမှသာလျှင် ပြုလုပ်နိုင် မည်ဖြစ်ကြောင်း (၇၅)ကြိမ်‌မြောက် စိန်ရတုမွန်အမျိုးသားနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုနှစ် ကျရောက်သည့် (၇၅)ကြိမ်‌မြောက် စိန်ရတုမွန်အမျိုးသားနေ့သည် တပို့တွဲလပြည့်ကျော် ၁ ရက် (ဖေဖော်ဝါရီလ ၁၆ ရက်) ဖြစ်ကြောင်း၊ သမိုင်းမှတ်တမ်းများအရ အေဒီ ၅၇၃ ခုနှစ်၊ သာသနာနှစ် ၁၁၁၆ ခု၊ တပို့တွဲလပြည့်ကျော် ၁ ရက်နေ့တွင် သုဝဏ္ဏဘူမိ နေပြည်တော်မှ မွန်မင်းသား နှစ်ပါးဖြစ်သော သမလ နှင့် ဝိမလ ညီနောင်မှ ဟံသာဝတီ (ပဲခူး) တိုင်းနိုင်ငံအသစ်ကို စတင်တည်ထောင်ခဲ့သည့် လ/ရက်ကို မွန်အမျိုးသားနေ့အဖြစ်သတ်မှတ်ကာ ၁၉၄၇ ခုနှစ်မှ စတင်ကျင်းပခဲ့ကြကြောင်း သိရသည်။

“မိမိတို့မွန်လူမျိုးအပါအဝင် တိုင်းရင်းသားပြည်သူများလိုလားသော ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ထောင် နိုင်ရန် မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်ကောင်စီအား ဖယ်ရှားပြီးမှသာလျှင် ပြုလုပ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဤတော်လှန်ရေးကြီးတွင် မိမိတို့မွန်လူမျိုးများအနေဖြင့် တတ်နိုင်သည့် အခန်းကဏ္ဍမှနေ၍ တိုင်းရင်းသား လက်နက်ကိုင်များ၊ တော်လှန်ရေးအင်အားစုများနှင့်အတူတကွ လက်တွဲကာ အကြမ်းဖက် စစ်ကောင်စီအား ဆန့်ကျင် တော်လှန် သွားရန် အလေးအနက် တိုက်တွန်းအပ်ပါသည်” မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မွန်လူမျိုးတို့သည် အရှေ့တောင်အာရှ၌ လွန်ခဲ့သော နှစ်ပေါင်းထောင်ချီကတည်းကပင် ကိုးကွယ်သည့်ဘာသာ၊ ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် ဘာသာစကားတို့ဖြင့် ကိုယ်ပိုင်နိုင်ငံတော်များ ထူထောင်၍ ခန့်ညားထည်ဝါစွာ နေထိုင် လာခဲ့ကြကြောင်း၊ ယနေ့ ထိုင်းနိုင်ငံတော်အလယ်ပိုင်း‌ ဒေသ၌ အေဒီ ၇ ရာစုမှ အေဒီ ၁၁ ရာစုအတွင်း ထင်ရှားခဲ့သော ဒွါရဝတီ မွန်တိုင်း နိုင်ငံများ၊ ယနေ့ ထိုင်းနိုင်ငံမြောက်ပိုင်းဒေသ၌ အေဒီ ၇ ရာစုမှ ‌အေဒီ ၁၃ ရာစုအတွင်း ထင်ရှားခဲ့သော ဟာရိပွန်ချိုင် မွန်တိုင်းနိုင်ငံများ ၊ ယနေ့မြန်မာနိုင်ငံအောက်ပိုင်း (၉၆) မြို့ပါဝင်သော ရာမည ဒေသ၌ ‌အေဒီ ၄ ရာစုမှ ၁၈ ရာစုအတွင်း ထင်ရှားခဲ့သော သုဝဏ္ဏဘူမိ မွန်ဘုရင့်နိုင်ငံတော်၊ ဟံသာဝတီမွန်ဘုရင့် နိုင်ငံတော်များသည် ထင်ရှားသော မွန်တိုင်း ပြည်များအဖြစ် ရပ်တည်ခဲ့ကြသည်။

နယ်မြေချဲ့ထွင်သော ဘုရင်များခေတ်တွင် မွန်တို့၏ ကိုယ်ပိုင်နိုင်ငံတော်များသည်လည်း ကွယ်ပျောက်ခဲ့ရပြီး၊ အင်္ဂလိပ်လက်အောက်မှ လွတ်လပ်ရေးရပြီးသည့်နောက်ပိုင်း၊ မွန်မျိုးချစ် နိုင်ငံရေး ဦးဆောင်သံဃာတော်များနှင့် လူပုဂ္ဂိုလ်များ၏ တစိုက်မတ်မတ် ကြိုးပမ်းခဲ့မှုကြောင့် ၁၉၇၄ မှစ၍ မွန်ပြည်နယ်၏ အမည်ကို နယ်နိမိတ်နှင့်တကွ ရရှိခဲ့ကြကြောင်း၊ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးချိန်မှစ၍ မွန်မျိုးချစ်ခေါင်းဆောင်များသည် အခြားသောတိုင်းရင်းသား များနည်းတူ (မိမိတို့နေထိုင်ရာပြည်နယ်များ၌) အမျိုးသားတန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် လက်နက်စွဲကိုင် တိုက်ပွဲဝင်ခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Red News Agency

By Editor