စစ်ကောင်စီတပ်က ပြည်သူ့စစ် (ပျူစောထီး) ဖွဲ့ဖို့ တရွာ (၂၀) ယောက် တောင်းနေ

RNA_ဇန်နဝါရီ ၂၇ ရက်၊ ၂၀၂၂ ခုနှစ်။

စစ်တပ်အာဏာသိမ်းပြီး ပြည်သူ့ဘက်ပူးပေါင်းမှုနှင့် ထွက်ပြေးမှုများကြောင့် အင်အားနည်းနေသည့် စစ်ကောင်စီတပ်သည် ‌မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ကျေးရွာ (၁၀) ကျော်မှာ ပြည်သူ့စစ် ( ပျူစောထီး) ဖွဲ့ရန် တရွာ လူ (၂၀) ပေးရမည်ဆိုပြီး အတင်းအဓမ္မ လူတောင်း စုဆောင်းနေကြောင်း ဒေသခံများထံက သိရသည်။

ရခိုင်ပြည်နယ်နှင့် နယ်မြေထိစပ်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ စစ်ကောင်စီတပ် အင်အားနည်းနေပြီး ကျေးရွာတွေအပေါ် နိုင်ထက်စီးနင်း လူစုဆောင်းနေပြီး၊ နတ်ရေကန် တောင်ပေါ်က ရေကြောင်းရန် ကာကွယ်ရေးတပ်များနှင့် ထွေအုပ်များ ပူးပေါင်းအင်အား (၅၀) နီးပါးဖြင့် ကျေးရွာအတွင်းဝင်ကာ ဖုန်းများစစ်ဆေးခဲ့ပြီး၊ ကျေးရွာအတွင်းလူငယ်များ ပျောက်ဆုံးမှု ရှိ မရှိ ဇန်နဝါရီလ ၂၆ ရက်နေ့က စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ငဖဲမြို့နယ်၊ နောင်၊ လိုင်၊ စွန်တက်၊ ဂုတ်ကြီး၊ ပဘွေး၊ ဘုံဘော၊ ခွန်ဆူ၊ လင်းတဲ၊ ဆင်ယင်း၊ ကြက်ဥစသည့် ကျေးရွာများတွင် အိမ်ထောင်စုစာရင်းတွေတောင်းပြီး တရွာလျှင် လူဦးရေ ၂၀ ပြည့်သူစစ်ဝင်ရန် ယခုလကုန် ပေးပို့ရမည်ဟု စစ်ကောင်စီတပ်တွေ လာရောက်ပြောဆိုသွားကြောင်း သိရသည်။

မကွေးတိုင်းအတွင်း တိုက်ပွဲများထပ်မံ ပြင်းထန်လာနိုင်သည်ဟု ဒေသအတွင်း လှုပ်ခတ်နေသည့် ရခိုင်ပြည်နှင့်နယ်မြေချင်းဆက်နေသည့် စေတုတ္တရာမြို့နယ်နှင့် ငဖဲမြို့နယ်တို့တွင် စစ်ကောင်စီတပ်အင်အားအများအပြား ချထားပြီး၊ ခရီးသွား ပြည်သူများကို အစစ်အဆေး တင်းတင်းကြပ်ကြပ်လုပ်နေကြောင်း၊ မင်းဘူး အမ်းလမ်း နတ်ရေကန်အဆင်းမှာလည်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

Red News Agency

By Editor