NLD သည် တပ်ဦးပါတီမဟုတ်

ကနေ့ခေတ်ဟာ ပါလီမန်အသွင်ဆောင်ထားတဲ့ စစ်အာဏာရှင်စနစ် လွှမ်းမိုးတဲ့ခေတ်လို့ အမှန်တိုင်းမမြင်သေးဘူးဆိုရင် နောက်ဆက်တွဲစဉ်းစားချက်မှန်သမျှ အကုန်လွဲချော်ပါလိမ့်မယ်။ဒုတိယအလွဲက ဒီချုပ်ပါတီဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးတာဝန်ကို ထမ်းဆောင်နေတယ်ဆိုတဲ့ တပ်ဦးပါတီလို့ ထင်မြင်ယူဆတဲ့အမှားဖြစ်ပါတယ်

ကျော်ကိုကို

ဒီရက်ပိုင်း နိုင်ငံရေးလောကထဲက လူတွေကြားမှာ အများဆုံးပြောဖြစ်တဲ့အကြောင်းက ရွေးကောက်ပွဲကိစ္စပါ။ရွေးကောက်ပွဲကို လက်ခံလား လက်မခံဘူးလားဆိုတာက စပြီးတော့ လက်ခံရင် ဘယ်ပါတီကို မဲပေးမှာလဲနဲ့ အဆုံးသတ်ပြီး လက်မခံရင် ဘာလို့လက်မခံသလဲဆိုတဲ့ မေးခွန်းနဲ့ အစပျိုးတတ်ကြပါတယ်။

ကျနော့်သဘောက အစောတည်းက ရှင်းရှင်းပြတ်ပြတ်ပြောပြီးသားပါ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံအသက်သွင်း အတည်ပြုတဲ့ ဘယ်လုပ်ရပ်မဆို ဆန့်ကျင်တဲ့အတွက် ရွေးကောက်ပွဲဆိုတာကို ထည့်စဉ်းစားစရာကို မလိုတော့တာပါ။ဒါပေမယ့် နိုင်ငံရေးအရ ပြောတာဆိုရင် နှစ်ပိုင်းခွဲပြောရပါလိမ့်မယ်။ဒါမှ အများအမြင်ရှင်းမှာမို့လို့ပါ။

တပိုင်းက ပုဂ္ဂလိကနိုင်ငံရေးအမြင်ပါ။တဦးတည်းကိုပဲ ကိုယ်စားပြုပါတယ်။လက်ရှိခေတ်အခြေအနေကို ကိုယ့်ဘဝအမြင်နဲ့ ချိန်ထိုးသုံးသပ်ပြီး ကောက်ချက်ချ၊ဆုံးဖြတ်ချက်ချလို့ရတဲ့ သဘောထားပါ။အခုက စစ်အာဏာရှင်စနစ်ကြီးအောက်မှာပဲ ရှိနေပါသေးတယ်။အစိုးရ၊လွှတ်တော်၊တရားရုံးအပြင် လက်နက်ကိုင်တပ်အားလုံးနဲ့အကျဉ်းထောင်တွေအကုန် စစ်တပ်ရဲ့ ဗြောင်ကျကျစွက်ဖက်လွှမ်းမိုးမှုနဲ့ မကင်းဘူး။စစ်အုပ်စုပိုင် စီးပွားရေးအချက်အချာတွေက ကြီးကြီးမားမားရှိလို့ ပြည်သူတွေရဲ့ နေ့စဉ်စားဝတ်နေမှုဘဝအပေါ် လွှမ်းမိုးချုပ်ကိုင်ထားဆဲပဲ။တရားဥပဒေနဲ့အညီသာဆိုရင် ဘယ်တိုင်းပြည်မှာမှ စစ်တပ်က နိုင်ငံရေးလုပ်ခွင့်မရှိသလို စီးပွားရေးလုပ်ခွင့်လည်းမရှိဘူး။ဒီမှာတော့ စစ်တပ်က နေရာတကာပါဝင်စွက်ဖက်နေတာဖြစ်တယ်။ဒီစနစ်ကိုမကြိုက်ဘူး။မကြိုက်တဲ့အတွက်ဆန့်ကျင်တယ်။ဖျက်သိမ်းဖို့ အမြဲမပြတ်ကြိုးစားနေတယ်။ရတဲ့နေရာက ရတဲ့အခွင့်အရေးကိုယူပြီး လှုပ်ရှားမှာဖြစ်တယ်။ဒီစနစ်ကို မကူညီ မပံ့ပိုးနိုင်လို့ မဲမပေးဘဲနေတာဖြစ်တယ်။ဒါကိုမှ မသိသားဆိုးဝါးတဲ့သူက စနစ်မကြိုက်ရင် ဘေးထိုင်မပြောနဲ့ ဝင်မဲပေးလို့ ပြောလာတယ်။ကျွန်စနစ်ကို မကြိုက်တဲ့သူကို ကိုယ်တိုင်ဝင်ကျွန်ခံကြည့်ပါလားလို့ ပြောတဲ့ ဦးနှောက်ကို ပြတိုက်ပို့ထားရမယ်။

နောက်တပိုင်းက အဖွဲ့အစည်းအလိုက် ကိုယ်စားပြုပြီး ပြောရမယ့်အပိုင်း။ဒီအပိုင်းမှာက ပိုတာဝန်ကြီးတယ်။ပြည်သူကိုမဲမပေးနဲ့ပြောရုံနဲ့မလုံလောက်ဘူး။ဘာဆက်လုပ်ရမလဲဆိုတာပါ မက်ဆေ့ခ်ျပေးဖို့လိုအပ်တယ်။ကျနော်တို့ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦးရဲ့ တစုံလုံးနိုင်ငံရေးအပေါ် သဘောထားအရ စစ်အာဏာရှင်စနစ်ကို ပါလီမန်တွင်းလမ်းကြောင်းသက်သက်နဲ့ တိုက်လို့မရဘူး။ပါလီမန်ပြင်ပ လူထုလှုပ်ရှားမှုလမ်းကြောင်းကသာ အဓိကနဲ့ပင်မဖြစ်တယ်။ရွေးကောက်ပွဲတခုတည်းသက်သက် အာရုံစိုက်တဲ့ ကျဉ်းမြောင်းတဲ့ အယူအဆပေါ်ကို အ‌ခြေတည်မစဉ်းစားဖို့လိုတယ်။ပါလီမန်ရွေးကောက်ပွဲနဲ့ မဲနိုင်ပြီး ဘယ်အစိုးရတက်တက် လူထုဘဝအခြေခံပြဿနာတွေကို ‌မဖြေရှင်းနိုင်ရင် ဘာမှမထူးဘူး။ဒါကြောင့် ပါလီမန်ရွေးကောက်ပွဲသေတ္တာအပြင်ထွက် စဉ်းစားဖို့လိုတယ်။လူထုလှုပ်ရှားမှုလမ်းကြောင်းကသာ ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးဆီ အရောက်သွားနိုင်မယ်။လူမျိုးတန်းတူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ဆီ အရောက်သွားနိုင်မယ်။ကိုယ့်ကိုသတ်မယ့်သူရဲ့ ဓားကို ပြောင်‌လက်ထက်မြက်အောင် သွေးပေး‌နေရတဲ့ ရွေးကောက်ပွဲစနစ်ကို လုံးဝပယ်ချပြီး ရန်သူကို ရင်ဆိုင်ဖို့ ကိုယ့်ဆောင်ဓားကို ကိုယ်သွေးကြဖို့ပဲလိုအပ်တယ်။ရဲဘော်တိုင်းဟာ ရန်သူ့နှလုံးအိမ်ထဲစိုက်သွင်းထားတဲ့ ဓားမြှောင်နီတွေဖြစ်နေရမယ်။

ဒီနေရာမှာ တချို့နိုင်ငံရေးသမားတွေရဲ့ အမြင်ကို ဝေဖန်ဖို့လိုအပ်နေပါတယ်။သာမန်လူတွေရဲ့အမြင်အပေါ် နိုင်ငံရေးသမားတွေရဲ့အမြင်က လွှမ်းမိုးသက်ရောက်မှုရှိတာကြောင့် နိုင်ငံရေးသမားတွေ အမြင်လွဲချော်မှားယွင်းနေရင် သူ့ကိုအကဲခတ်‌နေတဲ့ လူထု သို့မဟုတ် သူ့ဆုံးဖြတ်ချက်ကို စောင့်မျှော်နေတဲ့လူထုအတွက် ဆိုးကျိုးရှိလာနိုင်ပါတယ်။ကျနော်ပြောတဲ့ နိုင်ငံရေးသမားတွေရဲ့ အဓိကအမြင်လွဲချော်မှု နှစ်ခုရှိပါတယ်။နံပါတ်တစ်က ကနေ့လက်ရှိခေတ်ကို ပါလီမန်ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်နေတဲ့ခေတ်လို့ အမြင်လွဲနေတာပါ။နံပါတ်နှစ်က ကနေ့နိုင်ငံရေးကို အန်အယ်လ်ဒီဦးဆောင်နေတယ်လို့ အမြင်လွဲနေတာပါ။

ပထမအလွဲက အရင်းခံအမှားဖြစ်ပါတယ်။ကနေ့ခေတ်ဟာ ပါလီမန်အသွင်ဆောင်ထားတဲ့ စစ်အာဏာရှင်စနစ် လွှမ်းမိုးတဲ့ခေတ်လို့ အမှန်တိုင်းမမြင်သေးဘူးဆိုရင် နောက်ဆက်တွဲစဉ်းစားချက်မှန်သမျှ အကုန်လွဲချော်ပါလိမ့်မယ်။ဒုတိယအလွဲက ဒီချုပ်ပါတီဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးတာဝန်ကို ထမ်းဆောင်နေတယ်ဆိုတဲ့ တပ်ဦးပါတီလို့ ထင်မြင်ယူဆတဲ့အမှားဖြစ်ပါတယ်။ဒီအမှားကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးကိုးကွယ်မှုအပေါ်ကနေ ရှစ်ဆယ်ရာခိုင်နှုန်းလောက် အခြေခံနေတဲ့ အမှားတခုပါ။

ကျနော်တို့အနေနဲ့ ဒီကနေ့ခေတ်ဟာ စစ်အာဏာရှင်အသက်မကုန်သေးတဲ့ခေတ်လို့ ယူဆတဲ့အထိုင်ပေါ်ကနေ ဒုတိယအမြင်မှားကို ချေဖျက်သွားမှာဖြစ်ပါတယ်။ဒီကနေ့ခေတ်ကို ပါလီမန်ဒီမိုကရေစီခေတ်လို့ ယူဆနေရင်တော့ ဘာမှဆက်ပြီးပြောစရာရှိတော့မယ်မထင်ပါဘူး။

စစ်အာဏာရှင်တွေက လွှတ်တော်မှာ ၂၅ရာခိုင်နှုန်းနေရာယူထားတယ်။ဝန်ကြီးဌာန(၃)ခုကို ရွေးကောက်ပွဲဝင်စရာမလိုဘဲ အလိုအလျောက်နဲ့အမြဲတမ်း ရယူနိုင်တယ်။ဌာနဆိုင်ရာ အရေးပါတဲ့နေရာမှန်သမျှ တပ်အသွင်ပြောင်းတွေက နေရာယူထားတယ်။တိုက်ပွဲမှန်သမျှ သမ္မတရဲ့သဘောတူခွင့်ပြုချက်ယူစရာမလိုဘဲ လွတ်လွတ်လပ်လပ် တိုက်ပွဲဆင်နိုင်တယ်။

စစ်တပ်က အနိုင်ကျင့်ဗိုလ်ကျနေပါတယ်ဆိုတဲ့ အ‌ခြေအနေအောက်မှာ NLDက စစ်တပ်နဲ့ရင်ကြားစေ့ရေးလုပ်တဲ့ပေါ်လစီကို ချထားတယ်။လောက်ကိုင်စစ်ပွဲကစလို့ စစ်သားတွေ ရှေ့တန်းကပြန်လာရင် NLD ပါတီဝင်တွေစုပြီး ကြိုဆိုဂုဏ်ပြုကြတယ်။လေဒီကိုယ်တိုင်က ဖေဖေတည်ထောင်ခဲ့တဲ့တပ်မတော်ဖြစ်လို့ စစ်တပ်ဟာ ကျမရဲ့မောင်နှမတွေပါပဲလို့ ထုတ်ပြောတယ်။ဗိုလ်သန်းရွှေ သမက်သေတော့ ဝမ်းနည်းကြောင်း စာရေးအကြောင်းကြားတယ်။လေတပ်စစ်ဗိုလ်တွေ လေယာဉ်ပျက်ကျတော့ ဝမ်းနည်းကြောင်း ဂုဏ်ပြုကြောင်းတွေ သဝဏ်လွှာပို့တယ်။ဗိုလ်အောင်သောင်းလို ဒီပဲယင်းလူသတ်ပွဲစီစဉ်သူ သေတော့လည်း လီလီပန်းတွေပို့ပြီး ခွင့်လွှတ်ပေးတယ်။မတရားမှုတွေ အကြမ်းဖက်မှုတွေဆိုတာ လူပုဂ္ဂိုလ်တဦးတယောက်အပေါ် ကွက်ပြီးပြုကျင့်တာမဟုတ်ရင် တဦးတယောက်တည်း ကျေအေးရုံနဲ့ ပြီးမသွားဘူး။လူအများအပေါ် ပေးခဲ့တဲ့ဒုက္ခတွေကို မငြိမ်းသတ်ရမချင်း လွယ်လင့်တကူကျေအေးလို့မရနိုင်ပါ။ကျူးလွန်သူက အမှားဝန်မခံသေးသရွေ့၊တာဝန်ယူမဖြေရှင်းသေးသရွေ့ အမှားတွေ ရာဇဝတ်မှုတွေက ဒီအတိုင်းဆက်ရှိနေဦးမှာပဲ။

ဒီကနေ့အထိ လူထုအပေါ် ကျူးလွန်စော်ကားမှုတွေ ဆက်ရှိနေဆဲပဲ။စစ်တပ်က မကြာသေးခင်က ရှမ်းတောင်သူတွေ ပစ်သတ်ခဲ့လို့ ကျောက်မဲမှာ ဆန္ဒပြကြတယ်။ကရင်အမျိုးသမီး နော်မူနော်ကို သတ်ဖြတ်လုယက်ခဲ့လို့ ဖာပွန်မှာ ဆန္ဒပြကြတယ်။”ရှမ်းပြည်နယ်နဲ့ရခိုင်ပြည်နယ်အတွင်းက တောင်သူပိုင်မြေများကို နယ်မြေခံတပ်ရင်းတပ်ဖွဲ့များက သိမ်းယူထားမှုအပေါ် ပြန်ပေးမည်မဟုတ်ကြောင်းနှင့် လျော်ကြေးငွေများလည်း ပေးသွားမည် မဟုတ်ကြောင်း”ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောခဲ့တာလည်း ရှိပါတယ်။ဒီလို လူထုအပေါ် အနိုင်ကျင့်နေတဲ့ စစ်တပ်ရဲ့ အမူအကျင့်၊လုပ်ရပ်နဲ့အတွေးအခေါ်တွေ အဆုံးမသတ်သေးသရွေ့ စစ်တပ်ကို ဖိအားပေးနေဖို့ပဲ လိုအပ်ပါတယ်၊ရင်ကြားစေ့ဖို့ မလိုအပ်ဘူးလို့ ပြောချင်တယ်။

ရင်ကြားစေ့ရေးဆိုတာ ဘာလဲဆိုတဲ့ ပြဿနာ ဒီနေရာမှာ ထပ်ရှိလာပြီ။ကျနော်တို့ပြောနေတဲ့ ရင်ကြားစေ့ရေးဟာ ဗမာ့ဒီမိုကရက်တစ်အင်အားစုနဲ့ တိုင်းရင်းသားပေါင်းစုံပြည်သူလူထု အင်အားစုတွေကြား ရင်ကြားစေ့ရေးနဲ့ ဖက်ဆစ်ဝါဒကို အမြစ်ချိုးဖြတ်တော်လှန်ရေးပဲ ဖြစ်ပါတယ်။အလွယ်ပြောရင် အမျိုးသားရင်ကြားစေ့ရေးဆိုတာ ပြည်သူနဲ့မဟာမိတ်ဖွဲ့ပြီး ဖက်ဆစ်ကိုတိုက်ဖို့ပဲဖြစ်တယ်။ဖက်ဆစ်နဲ့မဟာမိတ်ဖွဲ့ပြီး ပြည်သူကို နှိပ်ကွပ်ဖို့မဟုတ်ဘူး။

လက်ရှိဒီချုပ်ရဲ့ မူ၊သဘောထား၊ရပ်တည်ချက်ကတော့ ဖက်ဆစ်နဲ့မဟာမိတ်ဖွဲ့ပြီး ပြည်သူကို နှိပ်ကွပ်ရေး မူ၊သဘောထားနဲ့ရပ်တည်ချက်ဖြစ်လို့နေပါပြီ။ဒီတချက်တည်းနဲ့တင်ပဲ NLD ဟာ တပ်ဦးအခန်းကဏ္ဍမှာ မရှိတော့တာ သိပ်ကို သေချာလွန်းခဲ့ပါပြီ။

ဒီချုပ်ဟာ ဖက်ဆစ်ဆန့်ကျင်ရေးကာလ ၁၉၄၅ခုနှစ်တုန်းက ဖွဲ့စည်းထားတဲ့ ဖဆပလလို အဖွဲ့ချုပ်(တပ်ပေါင်းစု)အဆင့်မှာ မရှိတော့ဘူးလို့ယူဆကြတဲ့ နိုင်ငံရေးသမားတွေလည်း ရှိပါတယ်။နိုင်ငံရေးလောကဓံအရ ဖဆပလဟာလည်း ၁၉၄၇မှာ တပ်ပေါင်းစုအသွင်ပျောက်ပြီး တပါတီတည်းအဆင့်ကို လျှောကျခဲ့ဖူးပါတယ်။အခု ဒီချုပ်အနေအထားဟာ ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲဝင်တဲ့အ‌ချိန်ကစလို့ တပါတီတည်းအဆင့်ကို လျှောကျခဲ့တာပါ။မိုးထဲလေထဲမှာ အတူလက်တွဲခဲ့တဲ့ မဟာမိတ် CRPPလို၊ UNA+လို တိုင်းရင်းသားပါတီတွေကို လက်တွဲဖြုတ်ခဲ့တဲ့အတွက် မဟာမိတ်တွေက ပေးထားတဲ့တပ်ဦးအဆင့်နေရာကို ကိုယ်တိုင်စွန့်ပယ်ပြီးဖြစ်တယ်လို့ ယူဆရပါလိမ့်မယ်။

နောက်တချက် ထောက်ပြလိုတာက NLD ဟာ တိုင်းရင်းသားမဟာမိတ်တွေအားလုံးကို ဆန့်ကျင်ပြီး ပြည်နယ်နဲ့တိုင်းဒေသတိုင်းမှာ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူတာ၊တံတားအမည်ကို ဗိုလ်ချုပ်အောင်ဆန်းတံတားအဖြစ်ပြောင်းလဲခေါ်ဝေါ်တာတွေ တောက်လျောက်လုပ်ခဲ့ပါတယ်။ဒါဟာ မိမိတို့ရဲ့ နိုင်ငံရေးအရ ဦးဆောင်သူနေရာကနေ အများစုရဲ့ထောက်ခံမှုတွေပြန်ရုပ်သိမ်းခံရတဲ့ အဆိုးဆုံးအမှားတရပ်ကို ကျူးလွန်ခဲ့ခြင်းပဲဖြစ်ပါတယ်။

ဒီလိုအချက်အလက်တွေ သက်သေထင်ရှားရှိပြီး ဖြစ်တဲ့ကြားက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ဆက်လက်လက်ခံပြီး ထည့်သွင်းစဉ်းစားနေတယ်ဆိုတာဟာ တပ်ဦးနေရာမှာမရှိတဲ့ပါတီတခုကို တပ်ဦးနေရာမှာ ထားပြီး စဉ်းစားနေဆဲပဲရှိသေးတဲ့ နိုင်ငံရေးသမားတချို့ရဲ့ အတ္တနောမတ္တိပဲလို့ ဆိုရမှာပါ။သူတို့အများစုပြောလေ့ရှိတာက ဒီချုပ်နဲ့ဒေါ်စုကလွဲရင် ဘယ်သူ့ကိုထောက်ခံရမလဲဆိုတာတို့ ဒီချုပ်ကိုမဲမပေးရင် ကြံ့ဖွတ်မဲနိုင်သွားမှာပေါ့ဆိုတာတို့ ယုတ္တိမတန်တဲ့ဆင်ခြေတွေကို ပြောလေ့ရှိပါတယ်။

သူတို့ရဲ့ ကနဦးစဉ်းစားချက်မှာ စစ်အာဏာရှင်စနစ်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံဘူးလို့ဆိုပေမယ့် ဒေါ်စုနဲ့ဒီချုပ်ပါတီအပေါ် သံယောဇဉ်မပြတ်တဲ့ နောက်ဆက်တွဲစဉ်းစားချက်တွေကြောင့် ကိုယ်တိုင်လက်ခံထားတဲ့ မူလအဆိုပေါ်ကို ပြန်ချေဖျက်ပြီး NLD ကို ဝန်းရံရေး၊ NLD ကို လိုင်းတင်ရေးဘက်ပဲ ပြန်ရောက်ရောက်နေတာကို တွေ့နေရပါတယ်။ဒီနိုင်ငံရေးသမားတွေကသာ NLD ကို တပ်ဦးအဖြစ် ယူဆခဲ့တာ အမှန်တကယ်တမ်းကတော့ လူတန်းစားအခြေခံမရှိတဲ့ ဘယ်ပါတီမဆို တပ်ဦးနေရာယူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။လူမျိုးစုပါတီ၊ဓနရှင်ပေါက်စလူတန်းစားပါတီ၊ဓနရှင်ကြီးလူတန်းစားပါတီစတာတွေဟာ တော်လှန်ရေးတရပ်ကို ဦးဆောင်နိုင်တဲ့ လက္ခဏာမရှိပါဘူး။‌နိုင်ငံရေးသင်ပုန်းကြီးကျေတဲ့ ပုဂ္ဂိုလ်တွေဆိုရင် လက်ရှိ NLD လို ပါတီတခုဟာ ပစ္စည်းမဲ့လူတန်းစားပါတီမဟုတ်တဲ့အတွက် တော်လှန်ရေးတပ်ဦးမှာ ရှိနေနိုင်မှာမဟုတ်ဘူးလို့ သဘောပေါက်နားလည်နိုင်ကြလိမ့်မယ်လို့ ယူဆပါတယ်။

ကျနော်တို့အမြင်အယူအဆကို ချုပ်ပြီးပြောရရင်တော့-
(၁)ဖက်ဆစ်တွေနဲ့ပူးပေါင်းပြီး ပြည်သူတွေကို နှိပ်ကွပ်တဲ့လုပ်ရပ်တွေလုပ်ခဲ့တယ်။

(၂)မဟာမိတ်တွေနဲ့ လက်တွဲဖြုတ်ပြီး စစ်အုပ်စုဝင်ဟောင်းတွေနဲ့ လက်တွဲပြီး အစိုးရဖွဲ့တယ်။

(၃)စစ်အာဏာရှင်တွေရဲ့ ရာဇဝတ်ပြစ်မှုတွေကို ကာကွယ်ဖို့ ICJ အထိ ကိုယ်တိုင်သွားရောက်တယ်။

(၄)တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကို စေ့စပ်ညှိုနှိုင်းပြီး ဖြေရှင်းရမယ့်အစား တပ်ကို ရဟတ်ယာဉ်သုံးပြီး တိုက်ခိုက်ဖို့အထိ ညွှန်ကြားတယ်။

(၅)ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အသံကောင်းဟစ်ပြီး လက်တွေ့မှာ စစ်တပ်ကို ကျော်ပြီး မပြင်ရဲဘူး။

ဒီအချက်တွေကို ကြည့်တာနဲ့ NLD ဟာ စစ်အုပ်စုနဲ့ တသဘောတည်း ထပ်တူလုပ်ဆောင်တာတွေ များလွန်းနေပြီး နိုင်ငံရေးသမားတချို့ စိတ်ကူးယဉ်သလို စစ်အာဏာရှင်ဆန့်ကျင်ရေး လုံးဝမဟုတ်တော့ကြောင်း ထောက်ပြဝေဖန်လိုက်ရပါတယ်။ ။

Red News Agency

By Editor

Leave a Reply

Your email address will not be published. Required fields are marked *