လရောင်ဆမ်းတဲ့ ည

သံလွင်မြစ်ဖက်ခြမ်း ကုန်းစောင်းမှာ ဆောက်လုပ်ထားတဲ့ တပ်ရင်းရုံးဟာ ငြိမ်သက်လွန်းလှတဲ့ ညရဲ့အမှောင် ထုအောက်မှာ အလင်းမဲ့နေတယ်။ ကုန်းမို့မို့လေးပေါ်မှ မြောက်ဖက်ကုန်းစောင်းမှာ ဆောက်ထားသော စားဖို ဆောင်ဖက်ကို အနီးငယ်ဆင်းလိုက်တော့ စားဖိုဆောင်ထဲတွင် မီးရောင်တွေ့လို့ ဆက်ဆင်းသွားလိုက်တယ်

ငြိမ်းစု

ညဟာ သဘာဝရဲ့နောက်ခံ ပန်းချီကားတချပ်လို တည်ငြိမ်လွန်းလှပေါ့။ အပြင်းစား ရောခ်တေးဂီတ တပုဒ်လို တဝေါဝေါ စီးဆင်းနေတဲ့ သံလွင်မြစ်ရေစည်းသံနဲ့အတူ လရောင်ဟာ စည်းချက်ညီစွာ သံလွင်မြစ်ရေပြင်ထက်တွင် လှုပ်ခတ်လွန့်လူးလို့နေတယ်။ တပ်ရင်းကုန်း မြစ်ကမ်းပါးအစွန်းမှာ ထိုင်ရင်း ကျနော့် နှလုံးသွေးကို ဆူပွတ် ပူလောင်စေတဲ့ အတွေးများကို တွေးနေရင်း …

တချိန်တည်းမှာ အသိတရားရဲ့ဖမ်းဆီးထိမ်းသိမ်းခြင်း ခံလိုက်ရတဲ့ နာကျင်ခံစားမှုတွေကို အသံတိတ် အော်သည်းတမ်းတနေမိတယ်။

လရောင်ဟာ

သံလွင်မြစ်နဲ့အတူ ကခုန်နေပြီး

ညဟာ တည်ငြိမ်စွာ

ငေးမောကြည့်ရင်း နှုတ်ဆိတ်နေလေတော့

ဝိညာဉ်တွေ ပူးကပ်နေတဲ့ ငါဟာ …

ဝံပုလွေ တကောင်လို

နာကျင်စွာ ဟိန်းဟောက်နေမိတယ်။

ဘားတိုက်အတွင်းမှာ ရဲဘော်တချို့ ဆီမီးခွက်အလင်းရောင်ကိုအားပြု၍ စာဖတ်နေကြတယ်။ တပ်ရင်းရဲ့ ”လေ့လာရေးစင်မြင့်ပေါ်သို့” ဆိုတဲ့ ကြွေးကြော်သံအောက်မှာ သူတို့ရဲ့ကိုယ်ပိုင်တွေးခေါ်မှုကို ထက်မြက်သည်ထက်ထက်မြက်အောင်သွေးနေကြတာပေါ့။

ကျနော်ခေါင်းရင်းမှာရှိနေတဲ့ ဖတ်လက်စ စာအုပ်လေးကို မြင်နေရပေမယ့် ဘားတိုက်ထဲ ဝင်လိုစိတ် မရှိတာ ကြောင့်ဘားတိုက်အရှေ့ဖက်ရှိ လရောင်ဆမ်းနေတဲ့ ကုန်းမို့မို့လေးဆီသို့ လျှောက်လာခဲ့ပြီး မကြာခင်က ကျနော် ထိုင်နေခဲ့သော နေရာလေးကို ရည်ရွယ်ချက်မရှိ ပြန်လည်ငေးကြည့်မိတယ်။ အရာအားလုံးဟာ ညရဲ့တည်ငြိမ်မှု အောက်မှာလရောင်နဲ့အတူ လင်းလက်နေတယ်။

သံလွင်မြစ်ဖက်ခြမ်း ကုန်းစောင်းမှာ ဆောက်လုပ်ထားတဲ့ တပ်ရင်းရုံးဟာ ငြိမ်သက်လွန်းလှတဲ့ ညရဲ့အမှောင် ထုအောက်မှာ အလင်းမဲ့နေတယ်။ ကုန်းမို့မို့လေးပေါ်မှ မြောက်ဖက်ကုန်းစောင်းမှာ ဆောက်ထားသော စားဖို ဆောင်ဖက်ကို အနီးငယ်ဆင်းလိုက်တော့ စားဖိုဆောင်ထဲတွင် မီးရောင်တွေ့လို့ ဆက်ဆင်းသွားလိုက်တယ်။

စားဖိုဆောင်ရှေ့ရောက်တော့ ရဲဘော်တိုက်မောင်း(တပ်ရင်းမှူး) ဂစ်တာတီးနေတာကို မြင်လို့ အတွင်းသို့ ဝင် လိုက်ပြီး ရဲဘော်တိုက်မောင်းရှေ့ထိုင်လိုက်ချိန်မှာ ရဲဘော်တိုက်မောင်းက ဂစ်တာတီးနေရင်း ခေါင်းမော့ပြုံးပြ နှုတ် ဆက်လိုက်ပြီး ခဏအကြာ ဂီတာကြိုးများပေါ်တွင် ပြေးလွှားနေသာ သူ၏ လက်ချောင်းလေးများကို ဖြေးညှင်းစွာ ရပ်တန်လိုက်တယ်။

”မအိပ်သေးဘူးလား”

အတွေးများစွာဖြင့် လေးလံနေသော ကျနော်သည် ခေါင်းကို အနည်းငယ် ရမ်းခါပြ၍ သူ့အမေးကို ဖြေလိုက်တယ်။

သူက မှိုန်ပြပြ မီးရောင်အောက်မှ ကျနော့်ကို သေချာစိုက်၍ ကြည့်ပြီး

”ပြောစရာရှိလား” ဟု မေးရင်း

သူ၏ လက်ချောင်းလေးများသည် ဂီတာကြိုးများပေါ်တွင် ခုန်ပေါက်နေပြန်တယ်။

ရဲဘော်တွေရဲ့စိတ်ကို ဖတ်နိုင်စွမ်းတဲ့ သူ့အကြောင်းကိုသိထားလို့ အထွေအထူးပြောစရာမရှိပေမယ့် လေ့လာရေးဆက်မလုပ်ချင်တော့ကြောင်း ပြောလိုက်မိတော့ ဂီတာကြိုးများပေါ်က သူ့ရဲ့လက်ချောင်းတွေဟာ ရုတ်တရက်ရပ်တန့်သွားပြီး အံ့အားသင့်စွာနဲ့ ကျနော့်ကို ကြည့်ရင်း မေးလာတယ်။

”ဘာဖြစ်လို့လဲ ဗျ”

”လေ့လာလေလေ၊ သိလာလေလေပဲ ဗျို့”

”ကောင်းတာပေါ့ဗျာ”

သူက ကြည်နူးရွှင်ပြစွာဖြင့်ပြောရင်း ဂီတာကြိုးစမ်းရန်ပြင်လိုက်ချိန်မှာ သိလာပြန်တော့ စိတ်ဓါတ်ကျရပြန်တဲ့အကြောင်း ကျနော်ပြောလိုက်တယ်။ ကျနော့်စကားကြောင့် သူ့ရင်ခွင်မှာပိုက်ထားတဲ့ ဂီတာကိုဘေးသို့ လျှင်မြန်စွာချလိုက်ရင်း စိတ်ရှုပ်ထွေး သွားဟန်နဲ့ ဆိုလာတယ်။

”ဟာဗျာ ခင်ဗျားကလည်း”

သဘောတရား ပြည့်တယ်ဆိုတဲ့ သူတွေရဲ့လုပ်ဟန်တွေက သူတို့ရဲ့ပြည့်ဝနေတဲ့ သဘောတရားတွေနဲ့ ဝေးကွာပြီးလွဲချော်နေကြတာတွေကို ကျနော့်အမြင်နဲ့ စိတ်ထဲရှိတဲ့အတိုင်းပွင့်လင်းစွာ ဖွင့်ချလိုက်တယ်။ သူ့က ကျနော့်စကားကို လေးနက်စွာနားထောင်ပြီး လူအတော်များများဟာ သူတို့ရဲ့သဘောတရားတွေကို ပြည့်ဝနေသယောင် ဟန်ဆောင်နေကြတဲ့အကြောင်းကို စိတ်လက်လေးပင်စွာနဲ့ ရှင်းပြခဲ့ပြီး ကျနော်တို့ကိုယ် ကျနော်တို့ ကျောင်းသားပါလို့ပြောဆိုလို့ မရတော့မယ့်အချိန်ကာလမျိုး ဒါမှမဟုတ် ဖြစ်ပေါ်လာမယ့် အခြေအနေတွေပေါ်မူတည်ပြီး မိမိတို့လှုပ်ရှားခဲ့တဲ့ နယ်မြေတွေမှာ လူမှုရေး ကျမ္မာရေး ပညာရေး ဒေသဖွံ့ဖြိုးရေးတွေကို လုပ်ဆောင်ရမည်ဖြစ်လို့ ဒီအချိန်မှာ ဘက်စုံလေ့လာထားရန် လိုအပ်ကြောင်းတွေနဲ့ သူ့ရဲ့ရှေ့လုပ်ငန်းစဉ်တွေကို ပြောပြတယ်။

နားထောင်နေရင်း ကျနော်ခေါင်းထဲမှာတွေးနေတဲ့ အဓိက မဟုတ်သောအရာတွေဟာ ပျောက်ကွယ်သွားပြီး သူ့ရဲ့ရှေ့လုပ်ငန်းစဉ်တွေက သိမ်းပိုက် နေရာယူလိုက်တယ်။ သဘောတရား ပြည့်ဝနေသယောင်ဟန်ဆောင်နေကြ သူတွေဟာ ဘယ်လိုလူတွေလဲ သိရန်မလိုတော့ပါ။ ဘာ့ကြောင့်လည်းဆိုတော့ ဒီလိုလူတွေက သူတို့ကိုယ်သူတို့ ထင်ပေါ်ကျော်ကြားအောင် ဟန်ရေးပြကြမှာလေ။ သူတို့ရဲ့တိုရေရှားရေ နိုင်လှတဲ့ ရဲဘော်ရဲဘက် စိတ်တွေဟာ အချိန်တန်တော့ ပေါ်လာတတ်တာပဲ မဟုတ်လား။

ကျနော်နဲ့ ရဲဘော်တိုက်မောင်းတို့နှစ်ဦးသား စကားတွေ ပြောလိုက်ကြတာ အချိန်တွေကိုတောင် သတိမထား မိခဲ့ပါဘူး။ ကျနော် ဘားတိုက်ပြန် ရောက်တော့ ရဲဘော်တွေ စုံသလောက်ဖြစ်နေပြီ။ ကျနော် ဘားတိုက်ထဲ မဝင် သေးပဲသံလွင်မြစ်ဖက်ဆီ ခေတ္တမျှ ငေးမောကြည့်လိုက်မိချိန်မှာ လရောင်သည်ကား လင်းလက်သည်ထက် လင်းလက်နေပြီး ညဟာလည်း ပို၍ပို၍ ရင့်ကျက်တည်ငြိမ်နေပေါ့။

Red News Agency

By Editor

Leave a Reply

Your email address will not be published. Required fields are marked *