ပြည်သူ့အချုပ်အခြာ အာဏာလား နိုင်ငံတော်အချုပ်အခြာအာဏာလား-ဒေါ်အောင်ဆန်းစုကြည်နှင့်စကားစစ်ထိုးခြင်း

” ပြည်သူ့အချုပ်အခြာအာဏာပိုင်အစိုးရလက်ထက်မှာ အာဏာရဲ့မူလပိုင်ရှင် ပြည်သူတွေရဲ့ အဆုံးအဖြတ်ဟာ အခရာကျပါတယ်။အစိုးရလို့ခေါ်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ တနည်းအားဖြင့်ပြောရရင် ကိုယ်စားပြုသူတွေ မရှိမဖြစ်လိုအပ်နေတာမဟုတ်ပါဘူး။ပြည်သူတွေက ကိုယ့်စီးပွားကိုယ်ရှာဖို့အတွက် အချိန်ပေးရလို့ တိုင်းရေးပြည်ရာ စီမံခန့်ခွဲရအောင် အစိုးရကို တာဝန်ပေးခန့်အပ်ထားတာလို့ ယူဆကြပါတယ်။ဒါကြောင့် ပြည်သူမကြိုက်တဲ့ အစိုးရကို ပြည်သူက ဆန္ဒပြပိုင်ခွင့်လည်းရှိ၊ဖြုတ်ချပိုင်ခွင့်လည်း ရှိပါတယ်”

ကျော်ကိုကို

နေပြည်တော် ဇေယျာသီရိမြို့နယ်မှာ မဲစာရင်းသွားစစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က သူ့လို မဲစာရင်းလာစစ်နေတဲ့ ရပ်ကွက်နေပြည်သူတွေကို ခုလို ပြောခဲ့ပါတယ်။

“ရွေးကောက်ပွဲမှာ ကိုယ်ပေးချင်တဲ့သူကို မဲပေးလို့ရတယ်။မဲပေးတာ နိုင်ငံသားတွေရဲ့ တာဝန်ပဲ။အခွင့်အရေးလည်းဖြစ်တယ်။…..မဲမပေးဘဲနဲ့ နောက်မှ ဒီအစိုးရ ဘာညာဆိုပြီး လုံးဝပြောပိုင်ခွင့်မရှိဘူးနော်။မဲပေးတဲ့တာဝန်တောင်မှ မယူဘဲနဲ့….” ဒီစကားတွေကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်ပြောခဲ့တာဖြစ်ပြီး Myanmar Now သတင်းထောက်က ရိုက်ကူးတင်ပြထားတဲ့ ဗွီဒီယိုသတင်းမှတ်တမ်းကို ကိုးကားပြီး ပြန်လည်ဖော်ပြလိုက်တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကားတွေဟာ စကားလုံးရေအရ အလုံး ၆၀ ကျော်၊ အခွန်းရေအရ ၄၊၅ခွန်းပဲဆိုပေမယ့် အနက်အဓိပ္ပာယ်အရ အတော်ကျယ်ဝန်းပါတယ်။ပြောဟန်ဆိုဟန် ကတော့ မဲမပေးရေးလှုပ်ရှားသူတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြောနေတာဖြစ်ပေမယ့် ပြည်သူတရပ်လုံးကို ခြုံပြီး သတင်းစကားပါးလိုခြင်းဖြစ်ဟန်တူတယ်။စိတ်ဆိုးမာန်ဆိုး‌ပြောနေတာမဟုတ် သော်လည်း အနည်းငယ် စိတ်ကသိကအောက်ဖြစ် နေတဲ့ဟန်နဲ့ ပြောလိုက်တာလည်း ဖြစ်ပါတယ်။

အဆိုပါ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ စကားနောက်မှာ ဘယ်တရားတွေ ကပ်ပါလာသလဲဆိုတာ ကျနော်တို့ ငဲ့စောင်းစိစစ် ဖွေလှစ်ပြီးကြည့်ဖို့ မဖြစ်မနေလိုအပ်နေပါပြီ။ဗမာပြည်နိုင်ငံရေးမှာ အရေးပါတဲ့သူတွေထဲက တယောက်ဖြစ်တဲ့အပြင် လက်ရှိအာဏာရပါတီနဲ့အစိုးရကို ကိုယ်စားပြုထားတဲ့သူ တယောက်က ပြောလိုက်တဲ့စကားကို မဆန်းစစ်ပဲ ပေါ့ပေါ့တန်တန် လက်ခံလိုက်ရင် နိုင်ငံသားတယောက်ရဲ့ တာဝန် ဘယ်လိုလုပ်ကျေပွန်မှာလဲ။

ကျနော် သဘောပေါက်တဲ့ နိုင်ငံသားတာဝန်ဆိုတာ ပြည်သူလူထုတဦးချင်းစီတိုင်း နိုင်ငံရေးမှာ ပါဝင် ဆောင်ရွက်ခွင့်ရှိတယ်ဆိုတဲ့ အခွင့်အရေးကို တက်တက်ကြွကြွ အသုံးပြုရတဲ့ တာဝန်ပါပဲ။ဒါကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကားတွေကို ကျနော်တို့ တက်တက်ကြွကြွပဲ ဆန်းစစ်ဝေဖန်ကြည့်ကြပါစို့ခင်ဗျာ။

သူပြောသွားတဲ့အထဲမှာ ပထမတကြောင်းဖြစ်တဲ့ ရွေးကောက်ပွဲမှာ ကိုယ်မဲပေးချင်တဲ့သူကို ပေးပိုင်ခွင့်ရှိတယ်ဆိုတဲ့ စကားဟာ တဝက်ပဲမှန်တဲ့စကားဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ဝင်ရောက်အရွေးခံမယ့်သူ တဦးတယောက်ကိုမှ သဘောမကျခဲ့ရင် သို့မဟုတ် လက်ရှိရွေးကောက်ပွဲကို မထောက်ခံရင် မဲမပေးဘဲလည်း နေခွင့်ရှိတယ်ဆိုတဲ့ အမှန်တရားကို ချန်လှပ်ထားခဲ့လို့ဖြစ်ပါတယ်။တကယ်ဆို ဒေါ်အောင်ဆန်းစုကြည်ပြောသင့်တာက “မဲပေးချင်ရင်လည်း ကိုယ်ကြိုက်တဲ့သူကို မဲပေးလို့ရတယ်၊ မဲမပေးချင်ရင်လည်း ကိုယ့်နိုင်ငံသားအခွင့်အရေးအရ မပေးဘဲလည်း နေပိုင်ခွင့်ရှိတယ်”လို့ ပြောရမှာဖြစ်ပါတယ်။ဒီစကားဟာ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်မပြောပေမယ်လို့ တချိန်တုန်းက သူမကိုယ်တိုင်ဟောပြောခဲ့တဲ့ နိုင်ငံသားအခွင့်အရေး သဘောတရားလည်း ဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာ စကားကို ရှေ့မှာတမျိုး တော်ကြာတမျိုး ပြောတာကို နိုင်ငံရေးလို့ မယူဆဘဲ ကလိမ်ကကျစ်လုပ်တာလို့ ယူဆတဲ့သူဖြစ်တယ်လို့ အတိအလင်း ဝန်ခံထားတဲ့သူဖြစ်တာကြောင့် အခု ဇေယျာသီရိမှာပြောသွားတဲ့ သဘောတရားဟာ ယခင် (၂၀၁၀)ဝန်းကျင်တုန်းက ပြောသွားတဲ့ သဘောတရားနဲ့ ဘယ်လိုတွေကွဲလွဲနေသလဲဆိုတာ ပြည်သူလူထုကို ရှင်းရှင်းလင်းလင်း အသိပေးဖို့လိုအပ်ပါတယ်။

“မဲပေးတာ နိုင်ငံသားတွေရဲ့ တာဝန်ပဲ….(ခဏမျှစဉ်းစား၍) အခွင့်အရေးလည်း ဖြစ်တယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောပါတယ်။ဒီနေရာမှာ အကြောင်းအရာတခုတည်းက တပြိုင်နက်တည်းမှာ တာဝန်လည်းဖြစ်တယ် အခွင့်အရေးလည်းဖြစ်တယ်ဆိုတာ နားလည်ရခက်စေပါတယ်။ဥပမာပေးရရင် ဗမာတွေရဲ့ အများစုကိုးကွယ်သည့်ဘာသာဖြစ်တဲ့ ဗုဒ္ဓဘာသာမှာ လက်ခံထားတဲ့ သားယောက်ျားလေးရဲ့မိဘများဟာ ရဟန်းဒကာဖြစ်ခွင့်ရှိတာ အခွင့်အရေးဖြစ်ပေမယ့် ကိုယ်ထိလက်ရောက် ရဟန်းခံတဲ့တာဝန်ကို မယူမချင်း အဲ့အခွင့်အရေးကို မရနိုင်ဘူးလို့ မြင်ပါတယ်။ဒါကြောင့် အခွင့်အရေးသည် ရပိုင်ခွင့်တမျိုးဖြစ်ပြီး တာဝန်သည် ရယူဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်ပါတယ်။အခွင့်အရေးနဲ့တာဝန်ဟာ တသီးတခြားစီ ကိစ္စတွေဖြစ်ပါတယ်။ရောထွေးပြီးပြောလို့မရပါ။အခုလို မဲပေးခြင်းကို အခွင့်အရေးလို့တမျိုး တာဝန်လို့တဖုံ ပုံဖော်နေခြင်းဟာ ကိုယ်လိုရာဆွဲပြောလို့ရအောင် ခြံစည်းရိုးခွထားတဲ့သူတွေရဲ့ လုပ်နည်းကိုင်နည်းဆန်တယ်လို့ ဝေဖန်ချင်ပါတယ်။

ကမ္ဘာတဝှမ်းလုံးမှာလည်း မဲပေးတာဟာ အခွင့်အရေးလား တာဝန်လားဆိုတဲ့ မေးခွန်းကို နိုင်ငံရေးသိပ္ပံလေ့လာသုံးသပ်သူ အတော်များများ ဖြေကြားရလေ့ရှိပါတယ်။မဲပေးခြင်းကို အခွင့်အရေးလို့ မြင်တဲ့နိုင်ငံရေးအယူအဆရှိတဲ့ တိုင်းပြည်တွေမှာ #မဲမပေးမနေရစနစ်ကိုမကျင့်သုံးပါ (No Compulsory voting)။မဲပေးခြင်းကို တာဝန်တရပ်လို့ ရှုမြင်သုံးသပ်တဲ့ နိုင်ငံတွေကတော့ သူတို့ပြည်သူတွေကို မဲမပေးမနေရစနစ်နဲ့ ချုပ်ကိုင်လွှမ်းမိုးထားပါတယ်။ကမ္ဘာ‌ပေါ်မှာ မဲမပေးမနေရစနစ်ကို မကျင့်သုံးတဲ့နိုင်ငံပေါင်း ၁၇၃နိုင်ငံရှိပြီး အဲ့ဒီအထဲမှာ ကျနော်တို့နိုင်ငံလည်း ပါဝင်နေပါတယ်။

မဲမပေးမ‌နေရစနစ်ကျင့်သုံးတဲ့နိုင်ငံပေါင်း ၂၂နိုင်ငံရှိပြီး အဲ့အထဲမှာ ၁၀နိုင်ငံကသာ အတင်းအကြပ်ဖိအားပေးပြီး မဲထည့်ခိုင်းတာမျိုးတွေ ရှိပါတယ်(ဥပမာ မြောက်ကိုရီးယား၊စင်္ကာပူ၊ဘရာဇီး)။မဲမပေးမနေရစနစ်ကို အရင်က ကျင့်သုံးတဲ့တိုင်းပြည်တွေမှာလည်း အဆိုပါစနစ်ကို စွန့်ပယ်လိုက်တဲ့ တိုင်းပြည်အရေအတွက်က များလာပါပြီ။လူ့အခွင့်အရေးအရ ဖိနှိပ်မှုတွေရှိတယ်လို့ အငြင်းပွားနေတဲ့ အရှေ့အလယ်ပိုင်းက တိုင်းပြည်တွေမှာတောင် အတင်းအကြပ်မဲမပေးရပါဘူး။

ဒါကြောင့် မဲပေးခြင်းဟာ တာဝန်တရပ်လို့ ပြောလိုက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံရဲ့စကားဟာ မဖြစ်မနေမဲပေးရမယ့်စနစ်ကို ပြောင်းလဲဖို့ စကားဦးသန်း နေတာလားလို့ စိုးရိမ်ဖွယ်ရာရှိလာနေပါတယ်။အကယ်၍ မဖြစ်မနေမဲပေးရမယ့်စနစ်ကိုသာ ကျင့်သုံးမယ်လို့ ဥပဒေပြဌာန်းခဲ့ရင် နိုင်ငံသားအခွင့်အရေးဆုံးရှုံးသွားမှာပဲဖြစ်တယ်။မဲမပေးဖို့ ငြင်းဆန်တဲ့သူတွေကို အရေးယူမယ်ဆိုရင် ပိုမိုဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်မိရာကျလိမ့်မယ်လို့ သတိပေးချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်စကားတခွန်းဖြစ်တဲ့ “မဲမပေးဘဲနဲ့ နောက်မှ ဒီအစိုးရ ဘာညာ လုံးဝပြောပိုင်ခွင့်မရှိဘူး”ဆိုတဲ့ စကားဟာ ဒီမိုကရေစီနဲ့ တိုက်ရိုက်ဆန့်ကျင်နေတဲ့စကားပဲဖြစ်ပါတယ်။ လစ်ဘရယ်ဒီမိုကရေစီရဲ့အခြေခံတွေမှာ (၁)လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ ကျင်းပပေးရမယ် (၂)အရွယ်ရောက်သူတိုင်း မဲပေးခွင့်ရှိရမယ်၊ မဲမပေးခွင့်လည်း ရှိရမယ်။
(၃)အစိုးရရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး လွတ်လပ်စွာပြောဆိုဝေဖန်ခွင့်၊လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်၊လွတ်လပ်စွာ စည်းဝေးကန့်ကွက်ခွင့်တွေရှိရမယ်။ (၄)ရွေးချယ်ခံပုဂ္ဂိုလ် တွေအပေါ် စစ်တပ်နဲ့အာဏာပိုင်တွေက လွှမ်းမိုးခြယ်လှယ်ခွင့် အလျဉ်းမရှိစေရဘူ … စသဖြင့် ကျနော်တို့ လေ့လာခဲ့ဖူးပါတယ်။

မဲမပေးဘဲနဲ့ နောက်မှ အစိုးရကို မဝေဖန်ရဆိုတာဟာ နိုင်ငံသားအခွင့်အရေးကို ပိတ်ပင်တားဆီးလိုက်တာပဲ ဖြစ်ပါတယ်။တာဝန်မကျေလို့ အခွင့်အရေးမယူရဘူးဆိုတဲ့ အမြင်ကျဉ်းမြောင်းစွာ တဖက်သတ်ဆုံးဖြတ်ချက်ချမှတ်လိုက်သလိုပါပဲ။အစကတည်းကိုက မဲပေးခြင်းသည် တာဝန်တရပ်လည်းမဟုတ်သလို မဖြစ်မနေလုပ်ရမယ့် ဝတ္တရားတခုလည်း မဟုတ်တဲ့အတွက် နိုင်ငံသားတိုင်း စိတ်ကြိုက်ငြင်းပယ်ခွင့်ရှိပြီးသားပါ။ မဲထည့်ခြင်း မထည့်ခြင်းကို အကြောင်းပြုပြီး နိုင်ငံသားအခွင့်အရေးတရပ်ဖြစ်တဲ့ လွတ်လပ်စွာပြောဆိုပိုင်ခွင့်( Freedom of Expression)ကို ကန့်သတ်ဖို့ကြိုးစားတာ ဒီမိုကရေစီအမှောင်ရိပ်ထိုးကျလာတာလို့ ကျနော် ဝေဖန်လိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ “မဲပေးတဲ့တာဝန်တောင်မယူဘဲနဲ့ ဒီစနစ်ကြီးကိုမကြိုက်ဘူးလို့ပြောတာ အင်မတန် တာဝန်မဲ့ပါတယ်”လို့ အကြိမ်ကြိမ်ထပ်ပြောလိုက်တာကို သတိထားမိပါတယ်။ဒီစကား အနက်ကောက်အရ မဲပေးခြင်းကို တာဝန်တခုလို့ တောက်လျောက်ပုံဖော်နေတာကို တွေ့ရပြီး နိုင်ငံရေးအသိပညာချို့ငဲ့တဲ့ သာမန်ပြည်သူတွေရဲ့ အတွေးထဲကို အာဏာပိုင်တဦးက သူမရဲ့အမြင်အယူအဆ အတင်းအကြပ်ထည့်သွင်းပေးနေတာကို တွေ့ရပါတယ်။ဒီလိုအပြုအမူမျိုးဟာ ဒီမိုကရေစီနိုင်ငံတွေက ဒီမိုကရက်တစ်ခေါင်းဆောင်တွေရဲ့ အပြုအမူမျိုးမဟုတ်ဘူးလို့လည်း ဝေဖန်ရပါလိမ့်မယ်။မဲပေးခွင့်ကို အခွင့်အရေးအဆင့်ကနေ တာဝန်အဆင့်ကို ကျော်လွန်တင်သွင်းတာဟာ မိမိရဲ့လုပ်ပိုင်ခွင့်အာဏာကို ‌အသုံးပြုသင့်တဲ့အနေအထား ထက် ပိုမိုသုံးစွဲတာလည်း ဖြစ်တယ် လို့ ထပ်မံထောက်ပြဝေဖန်ရပါလိမ့်မယ်။

ဒီနေရာမှာ ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည် မဲပေးခွင့်ကို တာဝန်လို့ပြောသလိုဆိုတာ ကျနော် သီအိုရီနဲ့ ရှင်းလင်းတင်ပြပါမယ်။အာဏာနိုင်ငံရေးနဲ့ပတ်သက်လာရင် အခြေခံအယူအဆနှစ်ရပ်ရှိပါတယ်။အဲ့ဒါကတော့နိုင်ငံတော်အချုပ် အခြာအာဏာ (national sovereignty)နဲ့ ပြည်သူ့အချုပ်အခြာအာဏာ (popular sovereignty)တို့ပဲဖြစ်ပါတယ်။နိုင်ငံတော်အချုပ်အခြာအာဏာဆိုတဲ့သဘောတရားက တိုင်းပြည်တခုလုံးရဲ့ အချုပ်အခြာအာဏာသည် ဗဟိုကနေ လွှမ်းမိုးချုပ်ကိုင်ပြီး အစိတ်အပိုင်းအလိုက် ခွဲခြမ်းစိတ်ဖြာလို့ မရနိုင်ဘူးလို့ အဓိပ္ပါယ်သက်ဝင်စေပါတယ်။ဆိုလိုတာက ပြည်သူလူထုသည် နိုင်ငံတဝှမ်း ဘယ်ဒေသမှာပဲနေနေ တခုတည်းနဲ့တစုံလုံးဖြစ်တဲ့ ဗဟိုအစိုးရကို ရိုသေလေးစားရမယ်လို့ ပြောချင် တာပါ။အခု လူမျိုးစုခေါင်းဆောင်တွေ တောင်းဆိုနေတဲ့ ဖက်ဒရယ်နဲ့တော့ ပြဒါးတလမ်း သံတလမ်းပါပဲ။ ဒီအယူအဆအရ တိုင်းပြည်အုပ်ချုပ်နေတဲ့ အစိုးရဟာ အကြွင်းမဲ့အာဏာပိုင်ပုံစံဖြစ်လာပြီး ပြည်သူလူထုရဲ့ ကံသုံးပါးအပြုအမူအားလုံးအပေါ် ထိန်းချုပ်ဖို့ကြိုးစားတဲ့ စက်ရုပ်လူ့အဖွဲ့အစည်းအသွင်ဆောင်လာတတ်ပါတယ်။ဒီစနစ်အောက်မှာ ပြည်သူတွေဟာ နိုင်ငံတော်က ပေးအပ်လာတဲ့တာဝန်ကို ကျေပွန်အောင် မဲပေးရမယ်လို့ အစိုးရတွေက တိုက်တွန်းတတ်ကြပါတယ်။အခု ဒေါ်အောင်ဆန်းစုကြည် လုပ်သလိုပေါ့။

Popular Sovereignty ပြည်သူ့အချုပ်အခြာ အာဏာသဘောတရားပိုင်းရဲ့ အထင်ရှားဆုံးလက်သုံးစကားကတော့ “sovereignty belongs to the people” အချုပ်အခြာအာဏာသည် ပြည်သူ့ထံမှ ဆင်းသက်လာသည်ဆိုတဲ့ ခိုင်မာတဲ့အယူအဆပါပဲ။နိုင်ငံတော်ရဲ့ ရည်မှန်းချက်ဆိုတာ ပြည်သူ တဦးချင်းစီရဲ့ ရည်မှန်းချက်တွေ စုပေါင်းထားတာလို့ သတ်မှတ်ပါတယ်။ပြည်သူ့ဆန္ဒနဲ့မညီတာကို အစိုးရကမလုပ်ဆောင်ဘဲ အရေးကြီးတဲ့အပြောင်း အလဲတွေလုပ်ဖို့ဆိုရင် ပြည်သူ့ဆန္ဒကို အရင်ဆုံးတောင်းခံ အကြံပြုချက်တွေရယူပြီးမှ လုပ်လေ့ရှိတဲ့သဘောပါ။ဒီစနစ်အောက်မှာတော့ ပြည်သူဟာ ကိုယ်ပိုင်အခွင့်အရေးအရ မဲပေးခွင့်ရှိသလို မဲမပေးဘဲနေခွင့်လည်း ရှိတယ်။ဒါဟာ တာဝန်တရပ်လို မဖြစ်မနေလုပ်ရမယ့်အရာလုံးဝမဟုတ်ပါ။ဒီစနစ်ကို ဖော်ဆောင်တဲ့အစိုးရဆိုတာ အေဗရာဟင် လင်ကွန်း ခိုင်းနှိုင်းတဲ့ “a government of the people,for the people,by the people” ပြည်သူလူထုက ရွေးချယ်ထားတဲ့ ပြည်သူလူထုအတွက် ပြည်သူ့အစိုးရတရပ်ပဲဖြစ်ပါတယ်။

ပြည်သူ့အချုပ်အခြာအာဏာပိုင်အစိုးရလက်ထက်မှာ အာဏာရဲ့မူလပိုင်ရှင် ပြည်သူတွေရဲ့ အဆုံးအဖြတ်ဟာ အခရာကျပါတယ်။အစိုးရလို့ခေါ်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ တနည်းအားဖြင့်ပြောရရင် ကိုယ်စားပြုသူတွေ မရှိမဖြစ်လိုအပ်နေတာမဟုတ်ပါဘူး။ပြည်သူတွေက ကိုယ့်စီးပွားကိုယ်ရှာဖို့အတွက် အချိန်ပေးရလို့ တိုင်းရေးပြည်ရာ စီမံခန့်ခွဲရအောင် အစိုးရကို တာဝန်ပေးခန့်အပ်ထားတာလို့ ယူဆကြပါတယ်။ဒါကြောင့် ပြည်သူမကြိုက်တဲ့ အစိုးရကို ပြည်သူက ဆန္ဒပြပိုင်ခွင့်လည်းရှိ၊ဖြုတ်ချပိုင်ခွင့်လည်း ရှိပါတယ်။

သူနဲ့ဆန့်ကျင်ဖက်ဖြစ်တဲ့ နိုင်ငံတော်အချုပ်အခြာ အာဏာပိုင်အစိုးရစနစ်မှာတော့ ပြည်သူလူထုရဲ့ အပ်နှင်းတဲ့ပါဝါ (mandatory power)ရထားတဲ့ အစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ အခန်းကဏ္ဍက အခရာဖြစ်နေပါတယ်။ဒီစနစ်မှာ မဲပေးခြင်းကို နိုင်ငံသားတာဝန်လို့ သတ်မှတ်မှာဖြစ်ပြီး နိုင်ငံသားတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ် အယူအဆတွေထဲအထိ အစိုးရက ဝင်ရောက်စွက်ဖက်မှုတွေ ရှိလာပါတယ်။

စနစ်နှစ်ခုရဲ့ ကွာခြားချက်ကို သိမြင်ပြီးလောက်ပြီ ထင်ပါတယ်။နိုင်ငံတော် အချုပ်အခြာအာဏာစနစ် ဆိုတာ အထူးအဆန်းတော့လည်း မဟုတ်ပါဘူး။စစ်အစိုးရအဆက်ဆက် ဗမာပြည်ကို အုပ်ချုပ်ခဲ့တဲ့နည်းလမ်းဟောင်းကြီးပဲ ဖြစ်ပါတယ်။ဒီလို နိုင်ငံတော်အချုပ်အခြာအာဏာစနစ်ကို မကြိုက်လို့ ကျနော်တို့ ဒီမိုကရေစီဘက်တော်သားတွေ စစ်အစိုးရကို စိန်ခေါ်ခဲ့ကြတာပါ။တချိန်တုန်းကဆို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စစ်အုပ်စုရဲ့ နိုင်ငံတော်အချုပ်အခြာအာဏာချုပ်ကိုင်မှုကို မကျေနပ်လို့ “မတရားတဲ့အမိန့်အာဏာမှန်သမျှ တာဝန်အရ ဖီဆန်ကြ”ဆိုတဲ့ အာဏာဖီဆန်ရေးအသံထုတ်ခဲ့သေးတယ် မဟုတ်ပါလား။

ပြည်သူလူထုအချုပ်အခြာအာဏာသဘောတရားအရ “When injustice becomes laws, resistance becomes duty” ဆိုတဲ့ နာမည်ကျော်အဆိုအမိန့်ကို ကိုးကားပြီး ပြောရပါလိမ့်မယ်။မတရားမှုတွေသာ ဥပဒေဖြစ်လာရင် ပုန်ကန်မှုတွေဟာ တာဝန်ဖြစ်လာမှာပဲလို့ ဆိုလိုတယ်။ပြည်သူလူထုမှာ တာဝန်ရှိတယ် တာဝန်ရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံတလျောက် လုံးပြောနေတဲ့ စကားကို ကျနော့်အနေနဲ့ ခုလိုပြန်လည် ချေပချင်ပါတယ်။ပြည်သူလူထုမှာ တာဝန်ရှိ ရိုးမှန်ရင် ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အဆုံးရှုံးခံရမယ့် တာဝန်တော့မဟုတ်ဘူး၊ကိုယ်ပိုင် လွတ်လပ်ခွင့်ကို ကာကွယ်ဖို့အတွက် တိုက်ပွဲဝင်ရမယ့် တာဝန်သာ ဖြစ်ကြောင်း။ ။

Red News Agency

By Editor

Leave a Reply

Your email address will not be published. Required fields are marked *