” တကယ့်လက်တွေ့မှာတော့ “စစ်နဲ့စု အကြောင်းဖွဲ့ပြုလို့ မကောင်းတဲ့အမှု တည်စေသောဝ်”ဖြစ်နေပါပြီလို့ တမလွန်က ကိုလှသန်းကို တိုင်တည်ပြီး စိတ်မကောင်းစွာနဲ့ ဒီစာကို ဆက်ရေးရပါလိမ့်မယ် ”
ကျော်ကိုကို
လူမှုကွန်ရက်မှာ ကျနော့်အကိုတယောက်က “ကြံဖွံ့ ထောက်ခံသူနဲ့ NLD ထောက်ခံသူတွေ ညီညီညွတ်ညွတ် လုပ်တဲ့အလုပ်ကတော့ ဗကသ ဆန့်ကျင်ရေးပဲ။” လို့ ရေးလိုက်ပါတယ်။သူ့အယူအဆကို ကျနော်လည်း သဘောတူပါတယ်။ဘာကြောင့်လဲဆိုရင် ကျနော့်အတွေ့အကြုံအရ ပြောပြရင် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်က ဆိုရှယ်မီဒီယာပေါ်မှာ ကျနော်အပါအဝင် ဗကသကျောင်းသားတွေကို အကြီးအကျယ်တိုက်ခိုက်နေတာ စစ်တပ်ထောက်ခံသူတွေ၊ကြံ့ဖွံ့ထောက်ခံသူတွေ(အတိုချုံးပြီး စစ်လော်ဘီတွေလို့ပဲခေါ်ပါမယ်-ရည်ရွယ်ချက်ကို အကြောင်းပြုပြီးခေါ်တာပါ)ဖြစ်ပြီး ခရီးရှည်ချီတက်သပိတ်ကာလနဲ့ လက်ပံတန်းအကြမ်းဖက်ဖြိုခွဲပြီးကာလမှာ တောက်လျောက် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဆိုင်ဘာအကြမ်းဖက်မှုလို့ခေါ်လို့ရတဲ့ သတင်းတု သတင်းမှားတွေ (ကျနော်တို့က သိန်းခြောက်ထောင်ယူထားတယ်ဆိုတာမျိုး၊လက်နက်ကိုင်လှုပ်ရှားမှုနဲ့ဆက်စပ်တယ်ဆိုတာမျိုးတွေ)ဖြန့်ဝေပြီး ဗကသကို ဦးတည်ပစ်မှတ်ထားတိုက်ရင်း ဗကသရဲ့ အဓိကလွှမ်းခြုံအတွေးအခေါ်ဖြစ်တဲ့ (leftist’s ideology)ကို ဖြိုချပစ်ဖို့ကြိုးစားတာပါ။ဗိုလ်သိန်းစိန်လက်ထက်မှာ စစ်လော်ဘီတွေ ထင်တိုင်းမပေါက်ခဲ့ပါဘူး။အဲ့အချိန်တုန်းက ဆိုရှယ်မီဒီယာမှာ သူတို့အင်အားတစုတည်းပဲ ဗကသကို တိုက်နေတာဖြစ်တဲ့အတွက်ပါ။
၂၀၁၅ သပိတ်ကြောင့် ထောင်ကျပြီး ပြန်လွတ်လာတဲ့ညကစပြီး ဗကသကို တိုက်တဲ့အင်အားစုက နှစ်စုဖြစ်လာပါတယ်။ဒေါ်စုကိုထောက်ခံနေတဲ့ စုလော်ဘီတွေကလည်း ဗကသကို အကြောင်းမရှိ အကြောင်း ရှာတိုက်ခဲ့ပါတယ်။ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမ္မာန်သွား ဂါရဝပြုတာကအစ သူတို့အတွက် တိုက်ရမယ့်အကြောင်းဖြစ်ခဲ့ရတာပါ။ဒေါ်စုအစိုးရကို ကျေးဇူးတင်စရာမလိုဘူး၊မတရားဖမ်းဆီးခံထားရတာကို ပြန်လွတ်ပေးရမှာ အစိုးရရဲ့တာဝန်ပဲလို့ ကျောင်းသားတွေက ပြောတဲ့အတွက် ကျောင်းသားတွေကို ခွေးနဲ့နှိုင်းယှဉ်ကာ သော့ဖွင့်ပေးတဲ့ဒေါ်စုလက်ကိုပြန်ခဲတယ် စသဖြင့် ဆော်ကြနှက်ကြပါတယ်။ပညာရေးသပိတ်တောင်းဆိုချက်တွေ မရမချင်း သပိတ်မလှန်ဘူးလို့ပြောတဲ့သဘောထားကို နားမလည် သဘောမပေါက်တဲ့ စုလော်ဘီတွေက အခုချက်ချင်းပဲ ကျောင်းသားတွေလမ်းပေါ်ထွက်ဆန္ဒပြလိုက်မယ်ပဲတွေးပြီး “ထောင်ထဲပြန်ထည့်ထားပါ ထောင်ဝင်စာ ကျမပို့ပါမယ်၊ကျနော်ပို့ပါမယ်”လို့တောင် ရိုင်းရိုင်းစိုင်းစိုင်းပြောလာတာတွေရှိပါတယ်။ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို ချိုးဖောက်တဲ့စကားမှန်းမသိနားမလည်တော့တဲ့ အဆင့်အထိ သူတို့ အပြုအမူတွေက အာဏာရှင်ဆန်လာတော့တာပါ။ပြောချင်တာက ဒေါ်စုနဲ့ NLD ပါတီ အစိုးရနေရာရောက်သွားပြီးတဲ့အချိန်မှာ ဗကသကို စစ်လော်ဘီတွေသာမက စုလော်ဘီတွေကပါ ထိုးနှက်တိုက်ခိုက်ခဲ့ပါတယ်။
ဗကသမှာ ရန်သူနှစ်ဆတိုးလာပါတယ်။စစ်လော်ဘီနဲ့ စုလော်ဘီပေါင်းဖွဲ့မှုက ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအတွက် ခြိမ်းခြောက်မှုအန္တရာယ်ဖြစ်လာပါတော့တယ်။ဗိုလ်သန်းရွှေစစ်အုပ်စုရဲ့ အောင်ပွဲဖြစ်ပြီး ပြည်သူလူထုရဲ့ ရှုံးနိမ့်မှုဖြစ်ပါတယ်။ကွယ်လွန်သူ ကဗျာဆရာကိုလှသန်းက သူ့ရဲ့ကဗျာတပုဒ်မှာ “ဒေါင်းနဲ့စု အကြောင်းဖွဲ့ပြုလို့ ကောင်းတဲ့အမှု တည်စေသောဝ်”လို့ ရေးခဲ့တာကို ကျနော်အမှတ်ရနေပါတယ်။တကယ့်လက်တွေ့မှာတော့ “စစ်နဲ့စု အကြောင်းဖွဲ့ပြုလို့ မကောင်းတဲ့အမှု တည်စေသောဝ်”ဖြစ်နေပါပြီလို့ တမလွန်က ကိုလှသန်းကို တိုင်တည်ပြီး စိတ်မကောင်းစွာနဲ့ ဒီစာကို ဆက်ရေးရပါလိမ့်မယ်။
စစ်လော်ဘီနဲ့စုလော်ဘီတွေ ကျောချင်းကပ်ပြီး ဗကသကိုတိုက်ခဲ့ကြတဲ့ကာလဟာ သိပ်ရှည်လျားပါတယ်။လာမယ့် ၂၀၂၁ ဧပြီလဆိုရင် ၆နှစ်တင်းတင်းပြည့်ပါပြီ။ဒီငါးနှစ်ကျော် ခြောက်နှစ်တာကာလမှာ စစ်လော်ဘီနဲ့စုလော်ဘီအပြင် အတွေးအခေါ်အရ ဖောက်ပြန်တဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက်ထဲက တချို့ကလည်း ဗကသကျောင်းသားတွေကို ဝိုင်းပြီးဆွမ်းကြီးလောင်းတဲ့အထဲမှာပါဝင်နေတာကို တွေ့ရပါတယ်။ဥပမာ အဖတ်ဆည်ဖို့လုပ်ပေမယ့် ဇွန်းကကျိုးနေလို့ စသဖြင့် ရိသဲ့သဲ့နဲ့အောက်လုံးတိုက်တဲ့သူတွေကို ဆိုလိုတာပါ။
ကျနော်အနေနဲ့ ထပ်မံသတိထားတွေ့ရှိတာက စုလော်ဘီ-စစ်လော်ဘီဆက်ဆံရေးဟာ သူတို့အချင်းချင်းလည်း စောင်းချိတ်ရေးသားတာမျိုးတွေရှိနေဆဲပဲဆိုပေမယ့် ဗကသကိုဆန့်ကျင်တဲ့နေရာ၊အက်တီးဗစ်တွေကိုဆန့်ကျင်တဲ့နေရာ၊ဗကပအပါအဝင် လက်ဝဲအင်အားစုတွေကို ဆန့်ကျင်တဲ့နေရာ၊တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးကို ဆန့်ကျင်တဲ့နေရာတွေမှာ သူတို့အပြန်အလှန် အပေးအယူမျှတစွာ ဆောင်ရွက်ခဲ့တာကို သတိထားမိပါတယ်။အခုနောက်ပိုင်းမှာဆိုရင် အရပ်ဖက်လူ့အဖွဲ့အစည်းတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်လာနေတာကို တွေ့ရပါတယ်။အထူးသဖြင့် ရွေးကောက်ပွဲကို မဲမပေးဘဲ ဆန့်ကျင်မယ်ဆိုတဲ့ကိစ္စမျိုးတွေမှာ အတော် ဆတ်ဆတ်ထိမခံဖြစ်နေကြတာပါ။
အခုလို စစ်လော်ဘီ-စုလော်ဘီ မဟာမိတ်ဝင်ရိုးရဲ့ ဟာမိုနီဖြစ်ဖြစ်လည်ပတ်နေမှုကို ဘာကြောင့်လဲဆိုတာ အဖြေရှာဖို့ ကျနော်အမြဲစဉ်းစားပါတယ်။ဒီလိုစဉ်းစားပြီး နိုင်ငံရေးအယူအဆတွေ လိုက်ရှာကြည့်တဲ့အခါ political spectrum ဆိုတဲ့စကားကိုသွားတွေ့ပါတယ်။သူ့ရဲ့အဓိပ္ပါယ်ကတော့ နိုင်ငံရေးရောင်စဉ်လို့ တိုက်ရိုက်ပြန်ဆိုတာထက် နိုင်ငံရေးအတွေးအခေါ်အခင်းအကျင်းလို့ ပြန်တာက ပိုဆီလျော်မယ်လို့ထင်ပါတယ်။
ဗမာပြည်ရဲ့ နိုင်ငံရေးအတွေးအခေါ်အခင်းအကျင်းကို မကြည့်ခင် နိုင်ငံရေးအတွေးအခေါ် အခင်းအကျင်းနဲ့သက်ဆိုင်တဲ့ အခြေခံသဘောတရားတွေကို ကျနော်တို့ ကျေညက်အောင်လေ့လာကြည့်ကြရအောင်။နိုင်ငံရေးရပ်တည်ချက်အမျိုးမျိုးရှိတဲ့ပါတီတွေ၊အင်အားစုတွေကို အမျိုးအစားသတ်မှတ်ပြီး မျိုးတူစုအလိုက် နေရာချထားဖော်ပြတာမျိုးကို political spectrum လို့ ခေါ်ပါတယ်။နိုင်ငံရေးပါတီတွေရဲ့ နိုင်ငံရေးအမြင်ရှုထောင့်တွေပေါ်မူတည်ပြီး သူတို့ဘယ်လိုနေရာတွေမှာ ရပ်တည်နေသလဲဆိုတာကို ဂျီဩမေတြီပုံစံနဲ့ပြလို့ရတယ်။ပုံစံတမျိုးထက်ပိုတဲ့ မက်ထရစ်တွေဆွဲပြီးလည်း ပြလို့ရပါတယ်။
နှစ်ကာလရှည်ကြာ အသုံးပြုလာတဲ့ လက်ဟောင်း နိုင်ငံရေးအခင်းအကျင်းပြသပုံကတော့ ပြင်သစ်တော်လှန်ရေးအပြီးကတည်းက တည်ရှိလာတဲ့ ပါလီမန်တွင်း လက်ဝဲ-လက်ယာ ကွဲပြားခြားနားမှုကိုဖော်ပြတဲ့ အခင်းအကျင်းပဲဖြစ်ပါတယ်။ယေဘုယျအားဖြင့် ဆိုရှယ်လစ်၊ကွန်မြူနစ်တွေကို လက်ဝဲဘက်မှာဖော်ပြပြီး ကွန်ဆာဗေးတစ်နဲ့ဖက်ဆစ်တွေကို လက်ယာဘက်မှာဖော်ပြထားကြပါတယ်။နိုင်ငံရေးသိပ္ပံဆရာတွေက သာမန် လက်ဝဲ-လက်ယာခွဲခြားဖော်ပြတဲ့ အခင်း အကျင်းဟာ ရိုးစင်းပြီး လက်တွေ့အခင်းအကျင်းကို ထင်ဟပ်ဖော်ပြဖို့ လုံလောက်မှုမရှိဘူးဆိုတဲ့ သဘောထားမှတ်ချက်ပေးခဲ့ကြပါတယ်။
လက်ဝဲ-လက်ယာ ကွဲပြားတဲ့အခင်းအကျင်းကို မပြည့်စုံသေးဘူးလို့ယူဆတဲ့ အချို့ပညာရှင်တွေက လူမှု-ယဉ်ကျေးမှုရှုထောင့်ကနေ အခြားအယူအဆတခုကို တင်ပြပါတယ်။ဒါကတော့ အာဏာပိုင်မှု-လွတ်လပ်မှု အစွန်းနှစ်ဖက်ကွဲလွဲတဲ့ နိုင်ငံရေးအခင် းအကျင်းပါပဲ (on authority-liberty dimension) ။အယူအဆနှစ်ခုစလုံးကို ပေါင်းစပ်ပြီးမှ political spectrum ကိုတည်ဆောက်ပြသထားတဲ့ Diagram တွေ၊ mapping တွေလည်း အများကြီးရှိပါတယ်။နောက်တချက် သိထားရမှာက ကိုယ့်ကိုယ်ကို လက်ဝဲလည်းမဟုတ်၊လက်ယာလည်းမဟုတ်လို့ ပြောပြီး ဟိုအယူအဆနည်းနည်း ဒီအယူအဆနည်းနည်း ရောစွက်ဖန်တီးထားတဲ့ တတိယလမ်းကြောင်းသမားတွေလည်း တည်ရှိနေသေးတယ်ဆိုတာပါပဲ။သူတို့နိုင်ငံရေးကိုတော့ syncretic politics လို့ခေါ်ပါတယ်။အုတ်ရောရောကျောက်ရောရောနိုင်ငံရေးပါ။အလံအတိအကျမကိုင်ထားကြသူတွေပါ။
ကျနော် အဓိကပြောချင်တာက ဗမာပြည်နိုင်ငံရေး အခင်းအကျင်းကို ရိုးရိုးရှင်းရှင်းပဲ လက်ဝဲ-လက်ယာခွဲတဲ့ ပုံစံနဲ့ဖော်ပြတဲ့အဆင့်ကို စလုပ်ကြည့်ဖို့ပါပဲ။မြင်းခွာသီအိုရီလို့ခေါ်တဲ့ သီအိုရီတခု နိုင်ငံရေးသိပ္ပံပညာမှာရှိပါတယ်။မြင်းခွာပုံရဲ့ ဘယ်ဘက်အစွန်းက Far-left လက်ဝဲစွန်းပါတီတွေနဲ့ အစချီပြီး ရှေ့ကိုတိုးလာရင် လက်ဝဲပါတီတွေ အလယ်အမှတ်လောက်ရောက်လာရင် ဗဟိုအလယ်အလတ်ဝါဒီတွေရှိပြီး ဗဟိုမှတ်ရဲ့ ဘယ်နဲ့ညာမှာ ဗဟိုကလက်ဝဲယိမ်းတဲ့ပါတီတွေနဲ့ ဗဟိုကလက်ယာယိမ်းတဲ့ပါတီတွေရှိကြပါတယ်။နောက်ဆုံး အဆုံးမှတ်မှာ လက်ယာစွန်းရောက်တဲ့ပါတီတွေနဲ့ အဆုံးသတ်ထားပါတယ်။
အခုဗမာပြည်ရဲ့ ပါတီနိုင်ငံရေးကိုသုံးသပ်ကြည့်တဲ့အခါ မြင်းခွာတခြမ်းပဲ့ပုံစံ အခင်းအကျင်းကိုပဲတွေ့ရပါတယ်။(မြေအောက်ဘဝနဲ့ရပ်တည်နေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကို ထည့်မတွက်ဘူးဆိုရင်) လက်ဝဲ ဘက်အခြမ်းက နိုင်ငံရေးပါတီတွေမပါဘဲ ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲဖြစ်ပါတယ်။အနီးစပ်ဆုံး ဗဟိုကနေ လက်ဝဲကိုယိမ်းတဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကလည်း ဆိုရှယ်ဒီမိုကရက်ပါတီလို့ တရားဝင်ကြေညာထားတာမရှိပါဘူး။လူမှုနှုန်းစံတန်ဖိုးတွေမှာ လက်ဝဲအယူအဆနဲ့လစ်ဘရယ်အယူအဆတွေ ရောနှောလက်ခံထားတဲ့ သဘောမျိုးတွေ့ရပါတယ်။သူတို့ရဲ့ တန်ဖိုးထားမှုသုံးရပ်ဖြစ်တဲ့ လွတ်လပ်ခြင်း၊တန်းတူညီမျှခြင်း၊သွေးစည်းညီညွတ်ခြင်းတို့ဟာ ပြင်သစ်ဘူဇွာလူတန်းစားရဲ့ကြွေးကြော်သံတွေဖြစ်ပါတယ်။လစ်ဘရယ်ဒီမိုကရေစီစံတန်ဖိုးတွေဖြစ်ပါတယ်။
ပြောချင်တာက ဗမာပြည်မှာ ဗဟိုကနေ လက်ဝဲကိုယိမ်းတဲ့ပါတီတချို့ကလွဲရင် နိုင်ငံရေးပါတီအတော်များများက လက်ယာပါတီတွေချည်းပဲဖြစ်ပါတယ်။အမျိုးသားရေးအစွန်းတရားတွေကိုချည်းပဲ လက်ခံထားတဲ့ ကြံ့ဖွံ့ပါတီလို Far-right အမျိုး၊ဘာသာ၊သာသနာလိုင်းကိုင်ထားတဲ့ပါတီတွေ အများကြီးရှိပါတယ်။ဥပမာ နေမျိုးဝေ၊မိုက်ကယ် ကျော်မြင့်၊ဒေါ်ခင်ဝိုင်းကြည်၊ကော့ကရိတ်သိန်းညွှန့်တို့ဟာ ဘူးလက်လှဆွေတို့ မင်းကင်းမောင်မြင့်တို့နဲ့ ပါတနာတွေဖြစ်နေကြတယ်ဆိုတာ မမေ့ပါနဲ့။နောက်တအုပ်စုက စစ်ဗိုလ်ချုပ်ဟောင်း သူရရွှေမန်း၊စာရေးဆရာ နေဇင်လတ်နဲ့ စိန်ရွှေရတနာ သက်သက်ခိုင်တို့ပါတီတွေလို ပိုက်ဆံရှိတဲ့ အရင်းရှင်လူတန်းစားဘက် ဗြောင်ရပ်တည်ပေးနေတဲ့ elitism ပါတီတွေအများကြီးထပ်တွေ့ရပါတယ်။နောက်တစုကတော့ NLD ပါတီကို အဓိက focus ထားကြည့်ရမယ့် right-wing populism အယူအဆကိုင်စွဲထားတဲ့ ပါတီတွေပါ။ပါတီဝင်စုဆောင်းရာမှာ အသင်းအဖွဲ့တွေ၊သမဂ္ဂတွေကတဆင့်လာတာမဟုတ်တဲ့ နာမည်တစုံတရာထွက်ပြီးသား ပေါ်ပြူလာဖြစ်တဲ့သူတွေကို စုစည်းထားတာဖြစ်သလို Grassroots တွေရဲ့လိုအပ်ချက်တွေကို တောင်းဆိုလှုပ်ရှားခြင်းမရှိဘဲ တပ်နဲ့အဆင်ပြေရေးသက်သက်လုပ်ဆောင်ဖို့ ပြင်ဆင်နေတဲ့ပါတီမျိုးတွေဖြစ်ပါတယ်။သူတို့ကိုသူတို့ ဒီမိုကရက်တစ်တွေလို့ ပြောနေကြပေမယ့် လက်တွေ့မှာ neo-liberal စီးပွားရေးအတွေးအခေါ်တွေနဲ့ authoritarianism ပေါင်းစပ်ကျင့်သုံးနေတဲ့ merged/blended ideas တွေနဲ့ ရောကျော်ပါတီတွေ ဒီအစုထဲပါပါတယ်။(ဥပမာ အောင်ဆန်းစုကြည်၊ကေကျူ့ စသဖြင့်)
နောက်တစုက လူမျိုးရေးကို အခြေခံထားတဲ့ပါတီတွေပါ။ လူမျိုးရေးဆိုတဲ့အမြင်ကနေ လက်တွေ့ခွဲထွက်ပြီး တပြည်နယ်လုံးအရေးကို လုပ်ဆောင်မယ်၊အဲ့ဒီကနေတဆင့် တနိုင်ငံလုံးအတွက် ဖက်ဒရယ်လစ်ဇင်းကို ကိုင်စွဲလှုပ်ရှားသွားမယ်လို့ ပြောတဲ့ ဦးခွန်ထွန်းဦး၊ဦးစိုင်းညွှန့်လွင်တို့ပါတီရဲ့ သဘောထားကိုတော့ ကြိုဆိုရမှာပါ။ဒီလိုကျယ်ပြန့်တဲ့အမြင်သဘောထားကို တပါတီလုံးလက်ခံလာအောင် သူတို့အနေနဲ့ အတော်စည်းရုံးလှုံ့ဆော်ခဲ့ရတယ်လို့ မြင်ပါတယ်။သို့တစေ တိုင်းရင်းသားပါတီလို့ မြင်လိုက်တာနဲ့ အခြားတိုင်းရင်းသားတွေက ငါတို့လူမျိုးပါတီမဟုတ်ဘူး၊ငါတို့ပါဝင်စရာမလိုဘူးလို့ မှတ်ထင်ယူဆနေဆဲဖြစ်ပါတယ်။ဒါကြောင့် ပြည်နယ်အခြေစိုက်၊တိုင်းအခြေစိုက် လူမျိုးစုပါတီတွေဟာလည်း လူတန်းစားကိုယ်စားပြုမှုမရှိတဲ့ အမျိုးသားရေးပါတီတွေဖြစ်လို့ လက်ယာဘက်ခြမ်းကိုပဲ ပို့ရမှာဖြစ်ပါတယ်။
လက်ယာဘက်ခြမ်းရောက်နေတဲ့ နိုင်ငံရေးအင်အားစုတွေမှာ တိုင်းရင်းသားအစုကလွဲပြီး ကျန်သုံးစုဖြစ်တဲ့ Far-right nationalist/ultra nationalist/ counter-revolution လိုင်း၊ Right-wing elitist/ conservative လိုင်း၊ Right-wing populist/neo-liberal လိုင်း စုစုပေါင်းသုံးလိုင်းစလုံးက ဗကသကို တိုက်ရာမှာ တက်ညီလက်ညီရှိကြတယ်ဆိုတာ ကျနော်တို့ စီစစ်တွေ့ရှိရပါတယ်။အလားတူ ရက္ခိုင့်တပ်တော်ကို အကြမ်းဖက်လို့သဘောထားပေးရာမှာလည်း တသံတည်းလိုလိုထွက်ကြတာကို မြင်ရပါတယ်။ရိုဟင်ဂျာကို လူမျိုးအဖြစ် အသိအမှတ်မပြုဘူးလို့လည်း အထက်ပါလိုင်းသုံးမျိုးစလုံးက အတိအလင်းပြောထားပြီးဖြစ်ပါတယ်။
ကျနော်တင်ပြတဲ့အယူအဆကို အနှစ်ချုပ်ဖော်ပြရရင်-
(၁)ဗမာပြည်နိုင်ငံရေးပါတီတွေရဲ့ အယူအဆဆိုင်ရာ နေရာယူမှုဟာ လက်ယာဘက်အလွန်တိမ်းစောင်းနေပါတယ်။
(၂)လက်ဝဲအိုင်ဒီယော်လောဂျီနဲ့ အလုပ်လုပ်မယ့် နိုင်ငံရေးပါတီတွေ နိုင်ငံရေးဦးဆောင်မှုအခန်းကို ယူဖို့ထားဦး လွတ်လပ်စွာပြောဆိုစည်းရုံးခွင့်တောင် မလွယ်ကူပါဘူး။
(၃)လက်ယာဘက်မှာ ပုံစံအမျိုးမျိုး၊လိုင်းအမျိုးမျိုးနဲ့ရပ်နေတဲ့ပါတီတွေဟာ ကျောင်းသား၊အလုပ်သမား၊လယ်သမား၊လက်နက်ကိုင်ပျောက်ကြားနဲ့ အမျိုးသမီး၊ LGBT၊မသန်စွမ်းတွေအပေါ်မှာ အတိုက်အခံအဖြစ်သတ်မှတ်တာထက်ပိုတဲ့ အမုန်းတရားနဲ့ရန်ပြုတိုက်ခိုက်မှုမျိုးတွေရှိနေပါတယ်။
(၄)စစ်လော်ဘီလည်း လက်ယာသမားတွေဖြစ်ပြီး စုလော်ဘီတွေလည်း လက်ယာသမားတွေဖြစ်လို့ ဒီမိုကရေစီနဲ့လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ အထူးသဖြင့်ကျောင်းသားတွေ အပေါ်မှာ တပုံစံတည်း တသဘောတည်း နှိပ်ကွပ်တိုက်ခိုက်ကြတာဖြစ်တယ်လို့ အဖြေထုတ်ပေးလိုက်ပါတယ်။
ဒီပြဿနာကို အခြေခံကနေ ဖြေရှင်းမယ်ဆိုရင်တော့ ပထမဆုံးအနေနဲ့ လက်ဝဲအယူအဆကို ကိုင်ပြီး နိုင်ငံရေးလုပ်မယ်ဆိုတဲ့ အင်အားစုတခု ခိုင်ခိုင်မာမာ တည်ဆောက်ဖို့လိုပါတယ်။မညီမညွတ်ဖြစ်နေတဲ့ လက်ဝဲအင်အားစုတွေကြားမှာ ညီညွတ်ရေးကို စနစ်တကျပြန်တည်ဆောက်ဖို့ လိုအပ်ပါတယ်။လက်ဝဲစွန်းအယူအဆနဲ့ စည်းရုံးရေးမဲ့အပြုအမူတွေကို ရှောင်ပြီး ခိုင်မာအားကောင်းတဲ့ တခုတည်းသော လက်ဝဲပလက်ဖောင်းပေါ်ကနေ တူတံဇဉ်ကြယ်နီအလံကို ဆုပ်ကိုင်ချီတက်မယ့် အင်အားစုပေါ်ထွက်လာရင် အခုရင်ဆိုင်နေရတဲ့ပြဿနာကို အတိုင်းအတာတခုထိ ဖြေရှင်းနိုင်လိမ့်မယ်လို့ ယူဆပါတယ်ခင်ဗျား။
Red News Agency