၂၀၂၀ရွေးကောက်ပွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရနှင့် နိုင်ငံရေးဆင်ဆာဖြတ်တောက်မှု

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအနေနဲ့ အလုံးစုံကို ကိုင်တွယ်ဖြေရှင်းတဲ့ ချဉ်းကပ်နည်းကို မတွေ့ရသေးဘဲ တခုချင်းစီကို တကန့်ချင်းစီ လိုက်ဖြေရှင်းနေတဲ့ချဉ်းကပ်နည်းတွေကိုပဲ တွေ့မြင်နေရပါတယ်

ကျော်ကိုကို

၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကတော့ တဖြေးဖြေးနီးကပ်လာပါပြီ။တကမ္ဘာလုံးမှာ ခရိုနာကပ်ရောဂါပိုးကျရောက်နေတဲ့အတွက် စီးပွားရေး၊လူမှုရေး၊နိုင်ငံရေးစတဲ့ အရေးပေါင်းစုံမှာ အခက်အခဲကြုံတွေ့နေရတာကြောင့် ဒီအချိန်ဒီကာလမှာ ရွေးကောက်ပွဲအပေါ် လူထုစိတ်ဝင်စားမှု အတော်အားနည်းနေတယ်လို့ ယေဘုယျအားဖြင့် ပြောနိုင်ပါတယ်။ကျနော်တို့နိုင်ငံမှာလည်း တကျော့ပြန် ကိုဗစ်ဒုတိယလှိုင်းကြောင့် အတည်ပြုလူနာအရေအတွက်နဲ့ သေဆုံးလူနာအရေအတွက် ဒီရေတက်သလို အရှိန်နဲ့ထိုးတက်လာနေတဲ့ အနေအထားမှာ ရှိနေပါတယ်။

တိုးလာတဲ့လူနာအရေအတွက်ဟာ ဘာကိုပြနေသလဲဆိုရင် ကိုဗစ်ရောဂါပိုးဟာ ထိန်းချုပ်ရခက်ခဲတဲ့ အဆင့်အထိ အလျှင်အမြန်ပြန့်နှံ့နေခဲ့ပြီဆိုတာပဲဖြစ်ပါတယ်။ဒီလိုအခြေအနေမှာ ရွေးကောက်ပွဲကော်မရှင်ဘက်က ရွေးကောက်ပွဲကို ဘယ်လိုနည်းနဲ့မှ နောက်မဆုတ်ပေးဘဲ သတ်မှတ်ထားတဲ့ နိုဝင်ဘာမှာ မဖြစ်ဖြစ်အောင် ကျင်းပမယ်လို့ တရားဝင် သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။မြို့နယ်အတော်များများမှာ မဲဆွယ်စည်းရုံးမှုမလုပ်ဖို့ ပါတီအတော်များများကို ညွှန်ကြားထားပေမယ့် အာဏာရပါတီနဲ့ အတိုက်အခံ ကြံ့ဖွံ့ပါတီတို့ရဲ့ အင်အားပြလှည့်လည်ပွဲတွေကတဆင့် ရိုက်နှက်မှုတွေ၊ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေရှိနေ တယ်ဆိုတာကိုလည်း သတိထားမိပါတယ်။ရွေးကောက်ပွဲကို နောက်ဆုတ်ပေးဖို့ တောင်းဆိုသံတွေ၊ရွှေ့ဆိုင်းပေးဖို့ အရေးဆိုတာတွေကိုလည်း ကြားနေရပါတယ်။ဒီအသံတွေနဲ့ မရှေးမနှောင်းမှာပဲ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌရဲ့နေအိမ်အနီးမှာ မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံးကို တွေ့ရှိရတယ်လို့ သတင်းတွေမှာ ဖော်ပြလာကြပါတယ်။ဒီအချိန်မှာ နိုင်ငံရေးအခြေအနေတွေက အတော်လေး ရှုပ်ထွေးပြီး မျက်စိလည်စရာကောင်းနေတဲ့ အခြေအနေဖြစ်နေပါပြီ။ဒီအခြေအနေတွေကို ကြည့်တဲ့အခါ ကိုဗစ်နိုင်တီးပြဿနာ၊နိုင်ငံရေးပြဿနာ၊စစ်ရေးပြဿနာ၊စီးပွားရေးပြဿနာစသဖြင့် အမျိုးမျိုးအစားစား ကွဲပြားခြားနားတဲ့ ပြဿနာစုံ ရောထွေးဆက်စပ်နေတာ ကိုတွေ့ရပါတယ်။

လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအနေနဲ့ အလုံးစုံကို ကိုင်တွယ်ဖြေရှင်းတဲ့ ချဉ်းကပ်နည်းကို မတွေ့ရသေးဘဲ တခုချင်းစီကို တကန့်ချင်းစီ လိုက်ဖြေရှင်းနေတဲ့ချဉ်းကပ်နည်းတွေကိုပဲ တွေ့မြင်နေရပါတယ်။ဒီလိုဖြေရှင်းတဲ့နေရာမှာလည်း ကိုယ့်ပါတီ ကိုယ့်အစိုးရရဲ့ သဘောထားကိုပဲ အဓိကဦးစားပေးပြီး အခြားနိုင်ငံရေးပါတီတွေ၊ အင်အားစုတွေနဲ့ ပြည်သူတွေရဲ့ သဘောထားအမြင်တွေကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ဖြေရှင်းနေတာကို တွေ့ရပါတယ်။

ကိုဗစ်နိုင်တီးကိစ္စမှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စီမံကိုင်တွယ်ပုံတွေဟာ ရောဂါကူးစက်ခံရနိုင်သူတွေရဲ့ လွတ်လပ်ခွင့်နဲ ပုဂ္ဂိုလ်ရေးလုံခြုံရေးကို အလေးမထားတဲ့ပုံသဏ္ဍာန်ကိုဆောင်နေပြီး ရောဂါပိုးတွေ့ရှိထားသူတွေကို လူ့အဖွဲ့အစည်းက စိုးရိမ်ကြောက်လန့်သွားအောင် လုပ်ဆောင်နေသလိုမျိုး ဖြစ်နေခဲ့ပါတယ်။ဥပမာ ရခိုင်က လေယာဉ်စီးပြီးပြန်လာတဲ့ လူစာရင်းကို သတင်းစာနဲ့ လူမှုကွန်ရက်ပေါ်မှာ ကြေညာတာမျိုးတွေ၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ အမျိုးသမီးတယောက်ကို ရောဂါပိုးတွေ့ရှိတယ်လို့ သတင်းထုတ်ပြန်ပြီးမှ နောက်တရက်မှာ ကွန်ပြူတာစာစီစာရိုက်အမှားကြောင့် လူနာအဖြစ် မှားယွင်းကြေညာမိပါတယ်လို့ ပြန်တောင်းပန်ရတာတွေ စသဖြင့် အလွဲလွဲအမှားမှား လုပ်ဆောင်ချက်တွေနဲ့ လူထုကို အထိတ်တလန့်ဖြစ်စေခဲ့ပါတယ်။

နာမည်ကျော်ရိုးမရိပ်သာနဲ့ ဖောင်ကြီးမှာ ထားရှိတဲ့ လူနာတွေရဲ့ အဆင်မပြေမှုတွေ အွန်လိုင်းပေါ်မှာ ပြန့်နှံ့ပြီးတဲ့နောက်မှာ ကျန်းမာရေးဝန်ကြီးဌာနတာဝန်ရှိသူတွေရဲ့ တုန့်ပြန်ဖြေရှင်းမှုဟာ အားရစရာမကောင်းတဲ့အပြင် အနုတ်သဘောဆောင်တဲ့ ရလာဒ်မျိုးကိုပဲ တွေ့ရှိရပါတယ်။ Stay at Home နဲ့ Semi-Lockdown လုပ်ထားတဲ့ မြို့နယ်တွေမှာ စနစ်တကျ ထောက်ပံ့ကူညီမှုတွေမရရှိတာကြောင့် အတင်းအကြပ်အိမ်ထဲနေရမယ်ဆိုတဲ့ အမိန့်မျိုးဆန်နေတာကို တွေ့ရပြီး ထောက်ပံ့ငွေပေးတဲ့အစီအစဉ်ကလည်း မျှတမှုမရှိတာကို သုံးသပ်တွေ့ရှိရပါတယ်။

အိမ်နဲ့ကားနဲ့ပိုင်ဆိုင်တဲ့ မိန်းကလေးတယောက် ထောက်ပံ့ငွေ နှစ်သောင်းခွဲရတာကို ဆိုရှယ်မီဒီယာမှာတင်ထားတာ တွေ့ရပြီး ထောက်ပံ့ကြေးမရလို့လာတောင်းတဲ့ မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်(ဋ)ရပ်ကွက်သားတယောက်ကို ရပ်ကွက်အုပ်ချုပ်ရေးမှုးအဖွဲ့က ဝိုင်းရိုက်တဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။နောက်တချက် အလေးအနက်ပြောလိုတာက ကိုဗစ်နိုင်တီးအကြောင်းပြချက်နဲ့ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ ရပ်ဆိုင်းထားရပြီလို့ သိရပါတယ်။ အထူးသဖြင့် တိုင်းရင်းသားပါတီတွေ(ကယားပြည်နယ်မှအပ)ရဲ့ မဲဆွယ်စည်းရုံးလှုပ်ရှားမှုတွေမှာ အကန့်အသတ်အများကြီး ရှိနေတာကိုတွေ့ရပါတယ်။ရခိုင်ပြည်နယ်မှာရှိနေတဲ့ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ပိုအခက်ကြုံနေရတာက ကပ်ဘေးရော စစ်ဘေးပါ နှစ်ဖက်ညှပ်နေသလို ဖြစ်တာကြောင့်ပါ။

မိထ္ထီလာမှာ ဒီချုပ်နဲ့ ကြံ့ဖွံ့နှစ်ပါတီ ထောက်ခံဝန်းရံသူအချင်းချင်း ခိုက်ရန်ဖြစ်ပွားတာ၊ရိုက်နှက်မှုဖြစ်ပွားတာမျိုး အထိ ဖြစ်တဲ့အခြေအနေမျိုးရောက်အောင် လူအင်အား လှည့်လည်စည်းရုံးမှုတွေ လုပ်ဆောင်ခဲ့တာကိုတွေ့ရပေမယ့် အခြားပါတီတွေရဲ့ လှည့်လည်စည်းရုံးမှုတွေမှာ အကန့်အသတ်တွေ ရှိနေတာဟာ ဒီရွေးကောက်ပွဲရဲ့ တရားမျှတမှုအပေါ် မေးခွန်းထုတ်ရမယ့်ကိစ္စဖြစ်လာပါပြီ။ပိုဆိုးတာက ရွေးကောက်ပွဲဝင်မယ့်ပါတီတွေရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းတွေကို ထုတ်လွှင့်ပေးရမယ့် မြန်မာ့အသံအစီအစဉ်မှာ ပါတီအချို့ရဲ့ တင်ပြချက်တွေကို ဆင်ဆာဖြတ်တဲ့ကိစ္စပါပဲ။ပါတီအားလုံးရဲ့ သဘောထားကြေညာချက်တွေကို တလုံးမကျန် မချွင်းမချန်ဖော်ပြခွင့် ဘာလို့မရှိရတာလဲ။ဘာသာရေး၊လူမျိုးရေး အကြမ်းဖက်ဝါဒ စတာတွေကို လှုံ့ဆော်စည်းရုံးတဲ့ သဘောထားနဲ့ စာသားတွေကလွဲရင် နိုင်ငံရေးပါတီတွေရဲ့ လွတ်လပ်စွာဖော်ထုတ်စည်းရုံးခွင့်ကို အပြည့်အဝအသိအမှတ်ပြုသင့်တယ် မဟုတ်ပါလား။ အခုလို နိုင်ငံရေးပါတီတွေရဲ့ လွတ်လပ်စွာဖော်ထုတ်ခွင့်(Freedom of Expression)ကို ချိုးဖောက်ပြီး ဆင်ဆာဖြတ်တဲ့ကိစ္စဟာ ရွေးကောက်ပွဲကော်မရှင်မှာ တာဝန်ရှိသလို လက်ရှိအစိုးရမှာလည်း တာဝန်ရှိပါတယ်။

ဒီနေရာမှာ အလျဉ်းသင့်လို့ နိုင်ငံရေးဆင်ဆာနဲ့ပတ်သက်တဲ့ အချက်တွေ အနည်းငယ် ရှင်းလင်းတင်ပြချင်ပါတယ်။ ဒီချုပ်ပါတီအစိုးရဖြစ်ပြီးကတည်းက အစိုးရကိုဝေဖန်ထိုးနှက်တဲ့ ဆောင်းပါးတွေ၊သဘောထားအမြင်တွေ၊သတင်းတွေ မီဒီယာအတော်များများမှာ နှစ်နဲ့ချီပြီး မဖော်ပြကြတာကိုတွေ့ရပါတယ်။အကြောင်းအမျိုးမျိုးပြပြီး သတင်းမှန်ရေးသားသူတွေ အတိုက်အခံ နိုင်ငံရေးအမြင်ရှိသူတွေ အဖယ်ရှားခံခဲ့ရပါတယ်။စစ်တပ်ကို ထိုးနှက်တိုက်ခိုက်တဲ့ အရေးအသားတွေကို စစ်တပ်က တရားစွဲသလို ဒီချုပ်ပါတီဝင်တယောက်ယောက်ကို ထိုးနှက်တဲ့အရေးအသားအတွက် ဒီချုပ်က တရားစွဲတာမျိုးတွေလည်း တွေ့ခဲ့ရပါတယ်။ တစုံတခု အကြောင်းအရာပေါ်ပေါက်လာပြီဆိုရင် အရင်အစိုးရမကောင်းတာဆိုတဲ့ စကား လူသုံးများလာတာကိုတွေ့ရပါတယ်။အခုအစိုးရရဲ့ အပြစ်တွေကို အသိရှိရှိဖုံးကွယ်ပေးတဲ့ မီဒီယာတချို့ အပါအဝင် နိုင်ငံတော်အတိုင်ပင်ခံကို မထောက်ခံတဲ့သူတွေကို ကိုဗစ်ကပ်ရောဂါနဲ့အတူ လွင့်ပါးပျောက်ကွယ်သွားပါစေလို့ ကျိန်စာတိုက်တဲ့အထိ ဆိုးရွားလွန်းလှတဲ့ ကျင့်ဝတ်မဲ့ သတင်းသမားတချို့လည်း ပေါ်ပေါက်လာခဲ့ပါတယ်။

သတင်းသမားတချို့နဲ့ ပြန်ကြားရေးဝန်ကြီးဌာနက တက်ညီလက်ညီ ဆင်ဆာဖြတ်ခဲ့တဲ့ အကျိုးဆက်ဟာ နောက်ဆုံး ဒေါက်တာလဲ့လဲ့မော်လို ၊ ကယားဝန်ချုပ် အယ်လ်ဖောင်းရှိုလို ပြည်သူ့ဘဏ္ဍာငွေကို ကိုယ်ကျိုးနဲ့ယှဉ်ပြီး သုံးစွဲတဲ့ အကျင့်ပျက်ခြစားမှုကျူးလွန်သူတွေ ပေါ်ပေါက်လာတဲ့ အခြေအနေကို ဆိုက်ရောက်ရတာပါပဲ။ဒီနေရာမှာ အာဏာရပါတီရဲ့ အမှားတွေကို ဖုံးဖိပေးတာဟာ နိုင်ငံရေးဆင်ဆာလို့ ကျနော်တို့ သုံးသပ်ချင်ပါတယ်။အလားတူ အတိုက်အခံပါတီတွေ၊အင်အားစုတွေရဲ့ သဘောထားကို ပိတ်ပင်တားမြစ်တာဟာလည်း နိုင်ငံရေးဆင်ဆာဖြတ်တာပဲ ဖြစ်ပါတယ်။အစိုးရတရပ်က သတင်းအချက်အလက်ကို ဖုံးဖိဖို့၊ အတုလုပ်ဖို့၊ပုံဖျက်ဖို့ သို့မဟုတ် မှားယွင်းပုံဖော်ဖို့လုပ်လာပြီဆိုရင် နိုင်ငံရေးဆင်ဆာဖြတ်တာကို စတင်ကျင့်သုံးပြီဖြစ်ပါတယ်။

ပြည်သူလူထုအနေနဲ့ ဘက်မလိုက်တဲ့သတင်း သို့မဟုတ် ဓမ္မဓိဌာန်ကျတဲ့ သတင်းကို မရယူနိုင်ဘူးဆိုရင် အစိုးရပေးတဲ့သတင်း သို့မဟုတ် အာဏာရပါတီက ပေးတဲ့သတင်းကို ပြည်သူက အမှန်အမှား မစီစစ်ဘဲ လက်ခံရတဲ့ အနေအထားကို ရောက်သွားပါလိမ့်မယ်။ အာဏာရအစိုးရရဲ့ သဘောထားအမြင်နဲ့ ဆန့်ကျင်ဖက်အမြင်တွေကို စနစ်တကျနှိပ်ကွပ်ဖို့အတွက် ဆင်ဆာဖြတ်တဲ့လုပ်ငန်းကို လုပ်ဆောင်ခဲ့တာဖြစ်တယ်။ဟိုတချိန်ကဆိုရင် စာပေစီစစ်ရေးဆိုတဲ့ ဆင်ဆာအဖွဲ့ကိုဖွဲ့ပြီး သတင်းနဲ့ အရေးအသားမှန်သမျှကို သူတို့ပေးချင်တဲ့ သဘောထားမဟုတ်ရင် ဖြတ်တောက်ပစ်ဖို့ အပတ်တကုတ်ကြိုးစားခဲ့တာကို အမှတ်ရပါတယ်။

စစ်တပ်နဲ့ ထောက်လှမ်းရေးကိုကို သုံးပြီး ဂျာနယ်လစ်တွေကို ဖမ်းဆီးအရေးယူခဲ့တာဟာ အရင်စစ်အာဏာရှင်အစိုးရတွေရဲ့ လုပ်ဟန်ဖြစ်ပြီး အုပ်စိုးသူလူတန်းစားက ပြည်သူတွေကြားမှာ သူတို့ယုံကြည်စေချင်တဲ့ ဇာတ်ကြောင်းတွေကိုပဲ ပြန့်နှံ့အောင် ဖြန့်ဝေချင်တဲ့ဆန္ဒပဲရှိတာပါ။သမိုင်းတလျောက်လုံးမှာ နိုင်ငံအတော်များများနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေဟာ လူထုကို ထိန်းချုပ်ကိုင်တွယ်နိုင်ဖို့အတွက် နိုင်ငံရေးဆင်ဆာဖြတ်တဲ့နည်းလမ်းနဲ့ဝါဒဖြန့်ချီတဲ့နည်းလမ်းကို အသုံးချခဲ့ကြတဲ့ အထောက်အထားတွေရှိပါတယ်။ပြင်သစ်တော်လှန်ရေး (၁၈၄၈) နောက်ပိုင်း ၁၈၅၁မှာ တတိယနပိုလီယန်က သူ့ဖာသာသူ ဧကရာဇ်ဘွဲ့ခံပြီး ပြင်သစ်ပြည်ကို အုပ်စိုးတော့ သူကောင်းမျိုးတွေက သူတို့ရဲ့ အခွင့်ထူးတွေကို ကာကွယ်ပေးမယ့်သူအဖြစ် အားကိုးအားထားခဲ့ကြသလို အဲဒီခေတ်ကာလမှာ ထုတ်သမျှ သတင်းစာကနေ ပြဇာတ်အဆုံး အားလုံးကို ဆင်ဆာဖြတ်ပြီး နောက်တကြိမ် လူထုတော်လှန်ရေးမဖြစ်အောင် တားဆီးခဲ့ကြတာကိုတွေ့ရှိရပတယ်။

၁၉၇၃ခုနှစ်က ဥရုဂွေးမှာ အာဏာသိမ်းခဲ့တဲ့ စစ်အစိုးရလက်ထက် ဆင်ဆာကျင့်သုံးပြီး စာရေးဆရာ အက်ဂွါဒို ဂါလီယာနိုကို ဖမ်းဆီးထောင်ချပြီး နောက်ပိုင်း အတင်းအကျပ် နိုင်ငံပြင်ပထွက်သွားဖို့ ဖိအားပေးခဲ့ပါတယ်။သူရေးထားတဲ့စာအုပ်ဖြစ်တဲ့ “လက်တင်အမေရိကရဲ့ ပွင့်နေသော နှလုံးသွေးကြောများ”ဆိုတဲ့ စာအုပ်ကို လကျ်ာယိမ်းစစ်အစိုးရက ပိတ်ပင်တားမြစ်ခဲ့ပါတယ်။ဥရုဂွေးမှာတင်မကဘဲ စစ်အုပ်စုတွေလွှမ်းမိုးတဲ့ ချီလီနဲ့ အာဂျင်တီးနားမှာလည်း အလားတူ ဒီစာအုပ်ကို ပိတ်ပင်ခဲ့တာပါ။အရှေ့တောင်အာရှမှာ ဆင်ဆာအတွက် နာမည်ကြီးတဲ့တိုင်းပြည်ကတော့ စင်ကာပူပဲ ဖြစ်ပါတယ်။ စင်ကာပူရဲ့ ရုပ်ရှင်အက်ဥပဒေ ပုဒ်မ ၃၃မှာ နိုင်ငံရေးပါတီတွေက ရိုက်ကူးထုတ်လွှင့်တဲ့ ရုပ်ရှင်တွေကို ထုတ်ဝေခြင်း၊ဖြန့်ချီခြင်း၊ပြသခြင်းလုံးဝမပြုဖို့ ပိတ်ပင်တားမြစ်ထားတာကို တွေ့ရပါတယ်။အကယ်၍ ဒီဥပဒေကို ချိုးဖောက်ခဲ့ရင် ဒေါ်လာတစ်သိန်းထက်မပိုတဲ့ ငွေဒဏ် သို့မဟုတ် နှစ်နှစ်ထက်မပိုသောထောင်ဒဏ်ကို ကျခံစေရမည်လို့ ပြဌာန်းထားတာဖြစ်ပါတယ်။

စင်ကာပူအပြည်ပြည်ဆိုင်ရာရုပ်ရှင်ပြပွဲမှာ ပိတ်ပင်ခံရတဲ့ နိုင်ငံရေးပါတီရုပ်ရှင်နှစ်ခုကတော့ ၂၀၀၁မှာ ပြသဖို့စီစဉ်ထားတဲ့ ” A Vision of Persistence” ဇာတ်ကား( အတိုက်အခံနိုင်ငံရေးသမား ဂျေ ဘီ ဂျေယာရတ်တနမ်အကြောင်း) နဲ့ ၂၀၀၅မှာ ပြသမယ့် “Singapore Rebel”(စင်ကာပူဒီမိုကရက်တစ်ပါတီခေါင်းဆောင် ဒေါက်တာ ချီဆုန်ဟွမ်ရဲ့ အာဏာဖီဆန်မှုအကြောင်း)ရုပ်ရှင်တွေပဲ ဖြစ်ပါတယ်။ အတိုက်အခံတွေကို ပြသခွင့်ပိတ်ပေမယ့် ချန်နယ်နယူးစ်အေးရှားမှာ ပြသတဲ့ အာဏာရပါတီ ပီအေပီရဲ့ ဝန်ကြီးတွေနဲ့ပတ်သက်တဲ့ မှတ်တမ်းရုပ်ရှင်ကတော့ နိုင်ငံရေးပါတီရုပ်ရှင်အဖြစ်သတ်မှတ်မခံရ ပိတ်ပင်တားမြစ်မခံခဲ့ရပါဘူး။၁၉၁၀ စက်တင်ဘာ ၂၇ရက်နေ့ထုတ် ဆိုရှယ်လစ်သတင်းစာ ဟမ်ဘာဂါ အက်ကိုးမှာ ခုလို ဖော်ပြခဲ့ပါတယ်။ ” စစ်ဆင်နွှဲတဲ့အခါ ကျနော်တို့ ဗုံးနဲ့ကြဲမှာမဟုတ်ဘူး။ဗုံးကြဲမယ့်အစား လုပ်သားပြည်သူတွေကြားကို ကျနော်တို့သတင်းစာတွေပဲ ကြဲချပေးလိုက်မှာပါ။ မင်နှိပ်ထားတဲ့စကားလုံးတွေကလည်း ပေါက်ကွဲစေတတ်ပါတယ်”လို့ အင်္ဂလိပ်ဆိုရှယ်လစ်ဝါဒီတွေက ကြေညာခဲ့ပါတယ်။

ဒီကနေ့ အတိုက်အခံနိုင်ငံရေးပါတီတွေရဲ့ ရွေးကောက်ပွဲကြေညာစာတမ်း ဆင်ဆာဖြတ်မှုအပါအဝင် အာဏာရပါတီရဲ့ နိုင်ငံရေးအရ လက်ဝါးကြီးအုပ်မှုတွေထဲမှာ တော်လှန်သောနိုင်ငံရေးသဘောတရားအပေါ် ဆင်ဆာဖြတ်ခြင်းလည်းပါဝင်နေတယ်ဆိုတာ ထောက်ပြလိုက်ရပါတယ်။ အလုပ်သမား၊လယ်သမား၊လုပ်အားစိုက်ထုတ်သူတွေကို ကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီတွေ များများစားစား ပေါ်ပေါက်ခြင်းမရှိတာနဲ့ ဒီအတွေးအခေါ်သဘောတရားတွေကို တွင်တွင်ကျယ်ကျယ် ဝါဒဖြန့်လို့မရတာဟာ စစ်အုပ်စုနဲ့ အာဏာရပါတီတို့ရဲ့ ဆင်ဆာတင်းကြပ်မှုကြောင့်ဖြစ်ပြီး ဖက်ဆစ်ဆန့်ကျင်ရေးသဘောတရားတွေကို တားမြစ်ပိတ်ပင်တဲ့ အနေနဲ့ ဆန္ဒပြကျောင်းသားတွေကို ဖမ်းဆီးနေတာကို တွေ့ရပါတယ်။ ဖက်ဆစ်ဝါဒကို မြှင့်တင်ပေးနေတဲ့ လက်ယာအစွန်းရောက်တွေရဲ့ ရွေးကောက်ပွဲပိုစတာတွေကိုတော့ တရားဝင်ထောင်ခွင့်ပြုထားတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ အစိုးရရဲ့ သဘောထားဟာ လက်ယာယိမ်းနေပြီလားဆိုတာ သတိထားပြီးစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ သေချာတာတခုကတော့ လုပ်ပိုင်ခွင့်ကို အသုံးချပြီး နိုင်ငံရေးဆင်ဆာတည်းဖြတ်မှုတွေကို ဆက်လုပ်နေဦးမှာပါပဲလို့ သုံးသပ်တင်ပြလိုက်ရပါတယ်ခင်ဗျား။

Red News Agency

By Editor

Leave a Reply

Your email address will not be published. Required fields are marked *