“နောက်ထပ် မိုးလိုက်လာခဲ့ရင်ဆိုတဲ့ မျှော်လင့်ချက်နဲ့ နောက်ပိုင်းသီးနှံ အရန်သင့် စိုက်လို့ရအောင် စပါးခင်းတွေ ဖျက်နေရတာပါ၊ မိုးစပါး ၁၀ ဧက စိုက်တာ၊ ၆ ဧက ဖျက်လိုက်ရပြီ”
ကိုကိုလွင်
စက်သံ တဝုန်းဝုန်း ဖုန်တလုံးလုံးနှင့် မိုးစပါးစိုက်ကွက်များအတွင်း လေးဘီးထွန်စက်ကြီးများနှင့် မောင်းနှင်နေကြသည်။ စပါးခင်းဟုဆိုသော်လည်း မည်ကာမတ္တမျှသာရှိသည်။တချို့အခင်းများက ကျိုးတိုကျဲတဲ၊ ပိုးတိုပါးတား၊ တချို့အခင်းများကတော့ ထူထူထဲထဲ၊ အရပ်တွေက ဒူး ပေါင်လယ်လောက် မြင့်သည်။ သို့သော် စပါးပင်များကတော့ ညှိုးခွေ ခြောက်သွေ့လျက်ရှိသည်။ မီးပွားကျလျှင် လောင်ကျွမ်းမတက်ပင် ဖြစ်သည်။
နှစ်စဉ်ပုံမှန်အားဖြင့် ယခုအချိန်သည် စပါးပင်များမှာ စိမ်းညို့ညို့ဖြင့် အဆစ်တက်ပြီး အဖုံးဝင်ချိန်ဖြစ်သည်။ သို့သော် ယခုနှစ်တွင်တော့ လေးဘီးထွန်စက်ကြီးများ ခုတ်မောင်းသွားသည့် နောက်ဘက်၌ ဖုန်တထောင်းထောင်းနှင့်အတူ ထယ်ရေးခဲများအကြားတွင် ညှိုးခွေ ခြောက်သွေ့ နွမ်းလျနေသော စပါးပင်များမှာ အတုံးအရုံး လဲကျကျန်ရစ်နေသည်။
ထိုမြင်ကွင်းကို လယ်ကန်သင်းပေါ်မှ တွေတွေကြီး ရပ်ကြည့်နေ့သည့် လယ်သမားကြီး ဦးတင်ပိုတစ်ယောက် တစ်ကိုယ်တည်း ညည်းတွားရေရွတ်နေတော့သည်။
“ဒီနှစ်တော့ ဒို့တောင်သူတွေ မွဲပါပြီကွာ”
ယခုနှစ်တွင် မိုးရွာသွန်းမှု အလွန်နည်းပါးခဲ့သဖြင့် မိုးစပါးစိုက်တောင်သူများ အခက်တွေ့နေရခြင်းဖြစ်သည်။ အရှုံးများနှင့် ဆက်တိုက် ရင်ဆိုင်ကြုံတွေ့နေရသည်။
ဤသည်မှာ ဖလန်ပင်ရေကူတမံနှင့် မြောက်ယမားရေလှာင်တမံ ဆည်ကြီးနှစ်ခုမှ ရေပေးဝေနေသော ပုလဲမြို့နယ်မှ ဒေသခံ မိုးစပါးစိုက်တောင်သူများပင်ဖြစ်သည်။
“ထွန်ရေးက ခြောက်နေလို့ အိမ်မှာရှိတဲ့ သုံးဘီးထွန်စက်နဲ့ မောင်းလို့မရဘူး၊ လေးဘီးထွန်စက်ကြီးတွေ ငှားမောင်းနေရတယ်၊ တချို့အခင်းတွေဆိုရင် လေးဘီးထွန်စက်နဲ့တောင် မောင်းလို့မရတော့ဘူး” ဟု မုံကြိုင်းရွာမှ လယ်သမားကြီး ဦးတင်ပိုက ပြောသည်။
မိုးရွာသွန်းမှု နည်းပါးခြင်းနှင့် ဆည်ရေမရရှိခြင်းတို့ကြောင့် စပါးစိုက်တောင်သူများမှာ တစ်ဧကအတွက် မျိုးစေ့ဖိုး၊ စိုက်ပျိုးစရိတ်နှင့် ပေါင်းနှုတ်ခတို့အတွက် ကျပ် ၇ သောင်းခန့် အရှုံးပေါ်ခဲ့သည့်အပြင် ယခုကဲ့သို့ လေးဘီးထွန်စက်ကြီးများ ငှားရမ်းကာ စပါးခင်းများ ဖျက်သိမ်းနေရသဖြင့် ကျပ် ၂ သောင်းကျော် ထပ်မံအရှုံးပေါ်ရပြန်သည်။
“နောက်ထပ် မိုးလိုက်လာခဲ့ရင်ဆိုတဲ့ မျှော်လင့်ချက်နဲ့ နောက်ပိုင်းသီးနှံ အရန်သင့် စိုက်လို့ရအောင် စပါးခင်းတွေ ဖျက်နေရတာပါ၊ မိုးစပါး ၁၀ ဧက စိုက်တာ၊ ၆ ဧက ဖျက်လိုက်ရပြီ” ဟု ဦးတင်ပိုက ပြောသည်။
ပုလဲမြို့နယ်အတွင်း မြောက်ယမား မူလဆည်မြောင်းနှင့် လက်ယာတိုးချဲ့ဆည်မြောင်းနှစ်ခုမှ ရေပေးဝေနေသော်လည်း မြောင်းရင်းနှင့်မြောင်းဘေးအနီးရှိ လယ်ဧကများသာ ဆည်ရေရရှိပြီး ကျန်လယ်ဧကများမှာ ဆည်ရေလုံးဝမရရှိသဖြင့် တောင်သူများ အခက်တွေ့နေရခြင်းဖြစ်သည်။
“ဆည်ရေက တဖြည်းဖြည်း နည်းပါးလာတော့ ဆည်ရေရတဲ့ တောင်သူတချို့လည်း ရင်တမမနဲ့ပါ၊ သူတို့ရှုံးရင် မြေဆီဖိုးနဲ့ အလုပ်သမားခပါ အဆစ်ပါလိမ့်မယ်” ဟု ဦးတင်ပိုက သုံးသပ်သည်။
နှစ်စဉ်ပုံမှန်အားဖြင့် မိုးစပါးကို ဇွန်လတွင် စတင်စိုက်ပျိုးကြပြီး နိုဝင်ဘာလတွင် ရိတ်သိမ်းကြသည်။
မိုးရွာသွန်းမှုနည်းပါးခြင်းနှင့် ဆည်ရေမရရှိခြင်းတို့ကြောင့် ပုလဲမြို့နယ်အတွင်း မိုးစပါးစိုက်ဧက ၅၀၀ ခန့် ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း ဒေသခံတောင်သူများက ခန့်မှန်းသုံးသပ်သည်။ ဆက်လက်၍ ဖျက်ဆီးရမည့် စိုက်ခင်းများလည်း အများအပြားရှိနေသေးကြောင်း တောင်သူများကဆိုသည်။
ပုလဲမြို့နယ်တွင် နှစ်စဉ် မိုးစပါးစိုက်ဧက ၄ သောင်းကျော်ရှိပြီး လုံးသွယ်မွှေးနှင့် ရေဆင်းဧရာ စပါးမျိုးများကို အဓိက အများဆုံး စိုက်ပျိုးကြသည်။
“တချို့လည်း ရေတွင်းတူးပြီး ရေတင်နေကြတယ်၊ ရေတွင်းတူးရ ရေစုပ်စက်ဝယ်ရနဲ့ ဝယ်ထားတဲ့ မြေဆီတွေကလည်း ငွေအောင်းနေပြန်တယ်၊ တောင်သူ ကြီးလေ များများ ရှုံးလေပဲ” ဟု တောင်သူများ၏ အခက်အခဲကို ဦးတင်ပိုက ရှင်းပြသည်။
ပုလဲမြို့နယ်အတွင်း မိုးရွာသွန်းမှုနည်းပါးနေခြင်းမှာ ဆယ်စုနှစ်တစ်စုခန့် ကြာမြင့်ခဲ့ပြီဖြစ်ပြီး လွန်ခဲ့သည့် ၅ နှစ်ကျော်က တစ်ကြိမ်၊ ယခုတစ်ကြိမ် စပါးခင်းများ ရာနှင့်ချီ၍ ဖျက်သိမ်းပြစ်ခဲ့ရကြောင်း ဒေသခံမိုးစပါးစိုက်တောင်သူများက ဆိုသည်။
ယခုကဲ့သို့ ဆုံးရှုံးမှုများ၏ နောက်ဆက်တွဲတွင် မိသားစု စားဝတ်နေရေးအပြင် စိုက်ပျိုးစရိတ်ချေးငွေ၊ မြစိမ်းရောင်ချေးငွေ၊ သမဝါယမချေးငွေ၊ ကိုဗစ်ကာလထောက်ပံ့ချေးငွေအပြင် အရပ်ချေးငွေအသီးသီးများ ပေးဆပ်ရန် ပြဿနာများမှာ အတွဲလိုက် ကပ်ပါလာတော့သည်။
ပုံမှန်အားဖြင့် မိုးပါးတစ်ဧကကို မျိုးစေ့ဖိုး၊မြေဆီဖိုး၊ စိုက်ပျိုးစရိတ်၊ ရိတ်သိမ်းစရိတ်၊ ပေါင်းနှုတ်ပေါင်းသင်ခ၊ အလုပ်သမားခများအတွက် ကျပ်နှစ်သိန်းခန့် ကုန်ကျပြီး တင်း ၆၀ ဝန်းကျင်ခန့် ထွက်ရှိသည်။
ယခု မိုးစပါးမရရှိသည့်နှစ်တွင် ပေးဆပ်ရန်ရှိသော ချေးငွေများအတွက် လယ်သမားကြီးများ ရတက်မအေးနိုင် ဖြစ်နေရသည်။
ပုလဲမြို့နယ်တွင် မြေပြန့်နှင့် တောင်တန်းဒေသဟူ၍ နှစ်ပိုင်းရှိပြီး စိုက်ပျိုးမြေဧရိယာ တစ်သိန်းခွဲခန့်ရှိသည်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ကြပြီး အဓိကထွက်ကုန်မှာ စပါး၊ ကုလားပဲ၊ နှမ်း၊ နေကြာ၊ ဂျုံ၊ ကြက်သွန်နီ တို့ဖြစ်သည်။
“ချေးငွေ မဆပ်နိုင်ရင် နောင်သားစဉ်မြေးဆက်အထိ မချေးတော့ဘူးလို့လည်း ပြောသံကြားတယ်” ဟု ဦးတင်ပိုက ဆိုသည်။
မည်သို့ပင်ဆိုစေ တောင်သူတိုင်း ရင်ဆိုင်ရမည့် ပြဿနာမှာ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေနှင့် ကိုဗစ်ကာလထောက်ပံ့ချေးငွေတို့ ဖြစ်သည်။ မြေတစ်ဧကလျှင် မိုးစပါးအတွက် တစ်သိန်းခွဲကျပ်နှင့် ကိုဗစ်အတွက် ငါးသောင်းကျပ် ဆပ်ရမည်ဖြစ်သည်။ တောင်သူ အကြီး အသေးပေါ်မူတည်၍ တစ်ဧကမှ ၁၀ ဧကအထိ ချေးယူထားပြီးဖြစ်သည်။
ယင်းအပြင် အခြားသော ချေးငွေအသီးသီးကလည်း စောင့်ကြိုနေသဖြင့် လယ်သမားကြီးများ ရင်ဆိုင်ကြရဦးမည်သာဖြစ်သည်။
“တောင်သူဆိုတာ တစ်နှစ်ထိလိုက်တာနဲ့ နောင်သုံးနှစ်လောက် လိုက်လို့မမှီတော့ဘူး” ဟု ဦးတင်ပိုက သူ့အတွေ့အကြုံကို ပြောသည်။
စိုက်ပျိုးထားသည့် မိုးစပါး ၆ ဧက ဖျက်ဆီးပစ်လိုက်ရသည့် ဦးတင်ပို အပါအဝင် မိုးစပါးစိုက် တောင်သူဦးကြီးများ၏ ရင်ဆိုင်ကြရတော့မည့် အကြွေးပင်လယ်ကျောကြီးတွင် မည်သို့ ကူးခပ်ကြရမည်မှာ စဉ်းစားစရာပင် ဖြစ်တော့သည်။
Red News Agency